အာဖဂန်နစ္စတန်၌ အအေးလွန်ကဲမှုကြောင့် လူ ၁၇၀ ခန့် သေဆုံး
ကဘူးလ်၊
ဇန်နဝါရီ ၃၀
လွန်ခဲ့သည့် ရက်သတ္တသုံးပတ်အတွင်း
အာဖဂန်နစ္စတန်နိုင်ငံ၌ နှင်းထူထပ်စွာ ကျဆင်းမှုနှင့် အအေးလွန်ကဲသော ဖြစ်စဉ်များကြောင့်
ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူပေါင်း ၁၇၀ ခန့် သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် လူသားချင်း စာနာထောက်ထားမှုရေးရာ ဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့်ရှိသူ ရှာဖီလာ ရာဟီမီက ဇန်နဝါရီ ၂၉ ရက်တွင် ပြောသည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ
ပြည်နယ် ၃၄ ခုအနက် ၂၄ ခုမှာ ရာသီဥတုဆိုးရွားမှုကြောင့် လူပေါင်းများစွာ သေဆုံးခြင်း
ဖြစ်ကြောင်း ရာဟီမီက ဆင်ဟွာ သို့ပြောသည်။ လူနေအိမ် ၁၅၀ ကျော်မှာ အလုံးစုံ သို့မဟုတ်
တစ်စိတ်တစ်ပိုင်း ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည့်အပြင် နိုင်ငံ၏ အခြားနေရာဒေသများတွင်လည်း
နှင်းထူထပ်စွာ ကျဆင်းမှုနှင့် အအေးလွန်ကဲမှု ဆက်လက်ဖြစ်ပေါ်နေသည့်အတွက် ကျွဲ၊ နွား
တိရစ္ဆာန်ပေါင်း ရှစ်သောင်းခန့် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့သော အခြေအနေတွင် အာဖဂန်ရှိ
ဆင်းရဲနွမ်းပါးသည့် မိသားစုဝင်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ပေးနိုင်ရန်နှင့်
အအေးလွန်ကဲသော ဆောင်းရာသီတွင် အသက်ရှင် ရပ်တည်နိုင်ရေးအတွက် ကူညီပေးနိုင်ရန် အကူအညီပေးရေး
အေဂျင်စီများကို တာဝန်ရှိသူများက တောင်းဆိုထားသည်။ ဇန်နဝါရီ ပထမသီတင်းပတ် နောက်ပိုင်း
အာဖဂန်ဒေသအနှံ့အပြားတွင် အအေးလွန်ကဲမှုနှင့် နှင်းထူထပ်စွာကျဆင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
အချို့နေရာဒေသများတွင် အပူချိန် အနုတ် ၃၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိကြောင်း သိရသည်။
ဆင်ဟွာ
No comments