ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည်
နေပြည်တော် ဇန်နဝါရီ ၃၀
ကျေးရွာ၏ ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ဝင်ငွေမြင့်မားလာမှသာ ကျေးရွာများ အမှန်တကယ် ပြောင်းလဲတိုးတက်လာမည်ဖြစ်၍ လက်ရှိလုပ်ကိုင်နေသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခိုင်မာအားကောင်းသည့် စီးပွါးရေး အသင်းအဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ယနေ့ ညနေပိုင်းက နေပြည်တော် ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စုနှင့် ဇလောင်းကျေးရွာအုပ်စုများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ၌ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံစဉ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မင်းကုန်းကျေးရွာတွင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ယာဉ်နှင့် ကုန် ခံနိုင်ဝန် တန် ၂၀ ၊ အကျယ် ၁၂ ပေ ၊ အရှည် ၆ ဒသမ ၈၂ ဖာလုံ ရှိ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ပြီးစီးမှု ကို ကြည့်ရှုစစ်ဆေးကြသည်။ အဆိုပါကွန်ကရစ်လမ်း သည် မင်းကုန်းကျေးရွာ အုပ်စုရှိ အိမ်ထောင် စု ၁၆၀၀ ကျော် အတွက် သွားလာမှု အဆင်ပြေချောမွေ့ရေး အပြင် ကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးမြေဧက ၂၉၀ ၏ ကုန်စည်စီးဆင်းမှုကို အထောက်အကူ ပြုနိုင်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ယာယီရှင်းလင်းဆောင်တွင် ဒေသနေပြည်သူများနှင့် တွေ့ဆုံ၍ဒေသ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရေး ၊ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးပြီး ဒေသနေပြည်သူများ၏ တင်ပြ ချက်များ အကောင်အထည်ဖော် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇလောင်းကျေးရွာတွင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးထားသည့် ကျေးလက်ရေပေးရေးလုပ်ငန်း၊ ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် အကျယ် ၂ ပေ ၊ အမြင့် ၂ ပေ ၊ အရှည် ပေ ၇၀၀ ရှိ အုတ်စီ ရေမြောင်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသနေပြည်သူများနှင့် ခင်မင်ရင်းနှီးစွာတွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP) စီမံကိန်း အနေဖြင့် ကျေးရွာသူ ကျေးရွာသားများ ကိုယ်တိုင်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံကိန်းများရေးဆွဲနိုင်ရန် သင်ကြားပေးခြင်း၊ ရေးဆွဲစေခြင်း၊ စီမံကိန်းအကောင်အထည်ဖော်နိုင်ရန် ကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးခြင်း၊ ရေးဆွဲပြီးစီမံကိန်းများအနက်မှ ဦးစားပေးလုပ်ငန်းအား နိုင်ငံတော်ထောက်ပံ့ငွေ ပြည်သူထည့်ဝင် ငွေတို့ဖြင့် ကျေးရွာပြည်သူများကိုယ်တိုင် ကော်မတီဖွဲ့ကာ လက်တွေ့လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်ခြင်းဖြစ်၍ ကျေးရွာ၏ ဥပဓိရုပ်တိုးတက်ရေးသာမက ကျေးရွာသူကျေးရွာသားများ၏ စီမံခန့်ခွဲနိုင်မှု စွမ်းဆောင်ရည်ကိုပါ မြှင့်တင်ပေးနိုင်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments