နွေဦးကာလမြူထသောအခါ



မောင်မောင်ဖြူ

 

သို့ကြောင့်လည်း ဦးဖိုးခသည် သူ့သားလေး ကိုအေးဆွေအား ဆင်းရဲတွင်း နက်လှသည့် ထန်းတက်သမားဘဝမှ လွတ်မြောက်နိုင်ရန် အသက် ၆ နှစ်သား အရွယ်ကပင် ကျောင်းထားခဲ့လေသည်။ သားလေး ပညာတတ်မှသာ သည် ထန်းတက်သမားဘဝမှ လွတ်မြောက် မည် မဟုတ်ပါလား။ သို့ဖြစ်၍လည်း မိမိတို့ မစားရက်၊ မသောက်ရက် ချွေတာ ကာ သားလေးကျောင်းစရိတ်ကိုသာ အဓိကထား၍ အလုပ်လုပ်ခဲ့လေသည်။

 

ဒေါ်ဘုမမှာ သားသမီး ငါးယောက်ပင် မွေးဖွားခဲ့သော်လည်း နောက်ဆုံးမွေး သည့် ကိုအေးဆွေတစ်ယောက်သာ အဖတ်တင်ခဲ့လေသည်။ ထိုကြောင့် လည်း ကိုအေးဆွေလေးအား ပိုးမွေး သလို မွေးလာခဲ့ရလေသည်။

 

ကိုအေးဆွေသည် တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ ကျန်းမာတောင့်တင်း၍လာသည်။ ၎င်းတို့ အိမ်ထောင်စုတွင် တစ်ယောက်တည်း  သားလေးဖြစ်၍လည်း အိမ့်ဗာဟီရ တောက်တိုမည်ရ ကိစ္စလေးများကို ကိုအေးဆွေသာ ဒိုင်ခံလုပ်လာခဲ့ရသည်။ ကိုအေးဆွေသည် မြူအိုးကောက်နိုင် သည့် အရွယ်လောက်မှစ၍ တစ်လုံးနိုင် သည်ဖြစ်စေ၊ နှစ်လုံးနိုင်သည်ဖြစ်စေ မိဘများအား သူ၏လုပ်အားကလေးဖြင့် ကူညီခဲ့လေသည်။

ယင်းကဲ့သို့ မိမိလုပ်နိုင်သည့် လုပ်အား ကလေးဖြင့် အိမ်၏အလုပ်များကို လုပ်ကိုင်ပေးနေခြင်းကြောင့်လည်း မကြာ ခဏဆိုသလို ကျောင်းတက် နောက်ကျ ခဲ့ရ၏။ ထိုအခါများတွင်မူ ဆရာလုပ် သူ၏ အရိုက်အနှက် အကြိမ်းအမောင်း များကို မကြာမကြာ ခံခဲ့ရလေသည်။

 

“ဥသြ၊ ဥသြ၊ ဥသြ”

ဥဩငှက်ပျိုသည် မိုးမလင်းမီကပင် တွန်ကျူးစ ပြုလေပြီ။

 

သာယာစွာ တွန်ကျူးလိုက်သော ဥသြငှက်ပျို၏ အသံလေးကြောင့် ကိုအေးဆွေသည် အိပ်ရာမှ လူးလဲထ လိုက်ကာ မီးခွက်ထွန်းလျက် စာကျက်လေတော့သည်။ မကြာမီ ဒေါ်ဘုမလည်း အိပ်ရာမှထကာ ရေနွေးအိုးတည်တော့သည်။

 

လင်းရောင်ခြည် ပျို့လာလျှင် ကိုအေးဆွေသည် မီးခွက်မှုတ်ကာ စာကျက်ရာမှ ထလာခဲ့သည်။ ထိုနောက် သူသည် သစ်ရာခေါက်ထည့်ထားသော မြူအိုးတစ်လုံးကို တဲတွင်းမှဆွဲ၍ ထွက်လာခဲ့၏။ တဲအပြင်ဘက်ရောက်လျှင် မီးဖုတ်ပြီး စုပုံထားသော မြူအိုးများကို ကြိုးတပ်ပြီး သစ်ရာခေါက် လျှောက်ထည့်သည်။ မြူအိုး အတော်များများ ရလာလျှင် ထမ်းပိုးဖြင့် လျှိုထမ်းလျက် သူ့အဖေ ထန်းတက်မည့် ထန်းပင်များအောက်သို့ လျှောက်၍ ချထားနှင့်လေသည်။

 

“လူလေးရေ၊ ထမင်းကြမ်းကြော် စားရအောင်ဟေ့”

 

မြူအိုးများ အတော်ကုန်သလောက် ရှိသွားလျှင် နောက်တစ်ခေါက် သယ်ရန် အတွက် ပြန်အလာတွင် မိမိအား ခေါ်လိုက် သံကြောင့် ကိုအေးဆွေသည် တဲတွင်း ဘက်သို့ လှည့်ကြည့်လိုက်သည်။

 

ဖခင်ဖြစ်သူ ဦးဖိုးခသည် တဲရှေ့ကွပ်ပျစ် ပေါ်တွင် ထမင်းကြမ်းကြော်စားရင်း လက်ဖက်ရည်ကြမ်း တိုက်နေသည်။

 

“လာပြီ အမေရေ့”

 

ကိုအေးဆွေသည် ဒေါ်ဘုမ၏ ခေါ်သံ ကို ပြန်ထူးရင်း တဲဘက်သို့လာခဲ့သည်။

 

ကိုအေးဆွေ ထမင်းကြမ်းကြော် စားပြီး အခါ ဦးဖိုးခမှာ ထန်းတက်ပင် ထွက်သွားလေပြီ။

 

နွေဦး၏ လေရူးသည် တသုန်သုန် တိုက်ခတ်လျက်ရှိသည်။

 

ထန်းတောများ တစ်ဝိုက်ဝယ် ထန်းတက် သမား လူငယ်အချို့၏ တေးဆိုသံများ ကလည်း ပဲ့တင်ရိုက်ခတ်၍ လာချေပြီ။

 

ဦးဖိုးခက ထန်းပင်များကို တစ်ပင်ပြီး တစ်ပင် တက်၍တက်၍ သွားသလို ကိုအေးဆွေကလည်း သူ့အဖေ ချ၍ချ၍ ထားခဲ့သော ထန်းရည်နှင့် မြူအိုးများကို တစ်ပင်ပြီးတစ်ပင် လျှောက်၍ သိမ်းလျက် တစ်ခေါက်ပြီးတစ်ခေါက်တဲသို့ သယ်ပို့နေလေသည်။ သူသည် မြူအိုးတွင် ထန်းရည်များလျှင် ထမ်းပိုးတစ်ဖက်၌ သုံးလုံးစီလောက်သာ သယ်ယူထမ်းပို့၏။ ထန်းရည်နည်းသော မြူအိုးများ ဖြစ်လျှင်မူ တစ်ဖက်လျှင် ငါးလုံးစီ လောက်ထားကာ သယ်ပို့လေသည်။

 

ဦးဖိုးခသည် ထန်းပင်များကို လေး၊ ငါး၊ ခြောက်ဆယ်ထိအောင် ထားကာ တက်သဖြင့် သူ၏ ထန်းတက်စခန်းမှာ ယခုထိ မပြီးနိုင်သေးပေ။ ကိုအေးဆွေ ကလည်း ကျောင်းသို့ သွားချင်လှပြီ။ ကျောင်းချိန်မှာ နီးနေပြီလားဟု ကိုအေး ဆွေက အောက်မေ့ကာ နေကို မော့ တကြည့်ကြည့်နှင့် မြူအိုးများကို သယ်ပို့ နေလေသည်။

 

နေသည် တဖြည်းဖြည်း မြင့်၍မြင့်၍ လာချေပြီ။

 

အတန်ကြာသော် ကိုအေးဆွေသည် နေကို မော့ကြည့်ခြင်းအားဖြင့် စိတ် မပိုင်းဖြတ်နိုင်သောကြောင့် သယ်ရင်း တန်းလန်း မြူအိုးများကိုချကာ တဲနီးချင်း ဦးစံကျော်တို့တဲဘက်သို့ လျင်မြန်စွာ ပြေးထွက်သွားတော့သည်။ သူသည် တဲခေါင်းရင်းဘက် ကွင်းပြင်တွင် စိုက်ထူ ထားသော သစ်သားတိုင်လေးရှေ့သို့ ရောက်လျှင် ရုတ်တရက် ရပ်တန့်လိုက် ၏။ ထို့နောက် သစ်သားတိုင်ထိပ်ရှိ သံဖြင့်ကပ်ရိုက်ထားသော ပျဉ်ပြားလေး အား စူးစူးစိုက်စိုက် ကြည့်နေတော့၏။ ပျဉ်ပြားလေး၏ မျက်နှာပြင်တွင်မူ လခြမ်းသဏ္ဌာန် ရစ်ဝိုင်းထားသော အမှတ် အသားကြောင်းများနှင့် ဂဏန်းများ ရေးထား၏။ ပျဉ်ပြားမျက်နှာပြင် အလယ်ထိပ်တွင် စိုက်ထားသော ဝါးတံ လေး၏ အရိပ်သည် ဂဏန်းကွက် တစ်နေရာတွင် ရောက်နေလေသည်။

 

“အင်း၊ ကိုးနာရီတောင် ထိုးနေပြီပဲ” ဟု ကိုအေးဆွေ၏ ပါးစပ်မှ ထွက်ပေါ်လာ တော့၏။

 

ထိုနောက်တော့ ကိုအေးဆွေသည် ထိုနေရာမှ ပြန်လည်ပြေးထွက်လာပြန်သည်။

 

“အဖေရေ၊ ကျွန်တော် ကျောင်းသွား တော့မယ်”

 

ဦးဖိုးခသည် ထန်းပင်ပေါ်မှ ဆင်းနေ ရင်းက ထန်းပင်အောက်သို့ ရောက်လာ ကာ သူ့အား မော့ကြည့်ပြီး ကျောင်းသွား ရန် ခွင့်တောင်းနေသော ကိုအေးဆွေအား လှမ်းကြည့်လိုက်သည်။ ပြီးလျှင် နေဘက် သို့ အမှတ်မထင် မော့ကြည့်လိုက်ရင်း–

 

“အေး အေး ကျောင်းချိန်နီးရင် သွားတော့ဟေ့” ဟု ဆိုလိုက်၏။

 

“ဟုတ်ကဲ့၊ အဖေ”

 

“သည်ကောင်လေးနှယ် အစောကြီး ရှိသေးသဟာပဲ”

 

ကိုအေးဆွေသည် ကျောင်းသွားရတော့မည်ဖြစ်သဖြင့် ပေါ့ပါးရွှင်လန်းစွာ နောက်သို့အလှည့်လိုက်တွင် ဘယ် အချိန်က တစ်ဖက်ထန်းပင်များကြားထဲသို့ ရောက်နေသည်မသိသော ဒေါ်ဘုမ၏ ဟန့်တားသံက သူ၏ခြေလှမ်းကို တုံ့ခနဲ ဖြစ်သွားစေသည်။

 

ဒေါ်ဘုမသည် ထန်းပင်များအောက်ဝယ် လေလွင့်ကျနေသော ထန်းဖတ်စ၊ ထန်းဖုံးခွံ၊ ထန်းရွက်ခြောက်၊ ထန်းလက် ဖတ်၊ ထန်းစစ်ကြောများကို ထင်းမီး ဆိုက်ရန်အတွက် လျှောက်ကောက်နေသည်။

 

တကယ်တော့လည်း ယခုလို ကိုအေး ဆွေ ကျောင်းသွားပြီဆိုလျှင် ကျန်သည့် မြူအိုးကောက်ခြင်းအလုပ်ကို ဒေါ်ဘုမပင် လုပ်ရမည်မဟုတ်ပါလား။ အမှန်မှာ ဒေါ်ဘုမ၏ အလုပ်ကလည်း မနည်းလှပေ။ နံနက်လင်းစကတိုင် ကျောင်း သား ကိုအေးဆွေအတွက် အချိန်မီ ထည့်ယူသွားနိုင်အောင် ထမင်းဟင်းချက်ခဲ့ရ၏။ ယခုတစ်ဖန် ကိုအေးဆွေ လုပ်လက်စတန်းလန်း ထားပစ်ခဲ့သည့် မြူအိုးကို ဆက်ကောက်ရမည်။ ထိုနောက် မြူအိုးများကို မီးဖုတ်ရဦးမည်။ ရေလည်း ခပ်ရဦးမည်။ တစ်ဖန် နေ့လယ်ပိုင်း ရောက်လျှင် ထန်းလျက်ကို အချိန်မီ ကျအောင် ဆက်၍ ကျိုရဦးမည်။ ထိုနောက် နေစောင်းလာသောအခါတွင် လည်း ဦးဖိုးခ ထန်းတက်ရာသို့လိုက်ကာ မြူအိုးများကို ထန်းပင်ရင်းချပေးခြင်း၊ တစ်ဖန်ပြန်၍ ကောက်ရခြင်းများကို ဇယ်စက်သလို တစ်နေကုန်သည် အထိ လုပ်ရပေဦးမည်။ ကိုအေးဆွေ ကျောင်းမှ ညနေပိုင်း ပြန်လာသောအခါမှသာ ဒေါ်ဘုမမှာ အနည်းငယ် ရှူသာရှိုက်သာ ရှိတော့သည်။

 

မိခင်နှင့်သား ဖြစ်နေ၍လည်း တွက်ကတ်သည့် စိတ်ထားမျိုးတော့ ရှိသည်မဟုတ်ပေ။ အသက်အရွယ် ကြီးလာပြီဖြစ်သဖြင့် လှုပ်လှုပ်ရှားရှား လုပ်လိုက်လျှင် ပန်းနာရောဂါကလည်း ရှိသည်မို့ မော၍လာတတ်၏၊ ထိုကြောင့်လည်း ကျောင်း မတက်သေးဘဲနှင့် အလဟဿ အချိန်ဖြုန်းသွားနေမည့်အရေးကို စိုးရိမ်ကာ ဟန့်တားလိုက်ခြင်း ဖြစ်ပေသည်။

 

“အမေရဲ့၊ နေနာရီက ကိုးနာရီတောင် ထိုးပြီးနေပြီ” ဟု ကိုအေးဆွေက သူသွားမည့်အကြောင်းကို အရေးဆိုလိုက်သည်။

 

“အစောကြီး ရှိပါသေးတယ်ဟယ်၊ နင် စောစောကျောင်းသွားပြီး ကျောင်းရောက်တော့ ဆော့နေမို့ မဟုတ်လား”

 

“မဟုတ်ပါဘူး အမေရ၊ တကယ် ကျောင်းတက်ချိန် နီးနေလို့ပါ။ ကျောင်း တက်မမီရင် အရိုက်ခံနေရဦးမှာ”

 

“ကဲ ဘုမ၊ ကျောင်းသွားမှာကို သွားပါစေစမ်းပါဟယ်။ နင်ကလဲ”

 

မဆုံးနိုင်အောင် ငြင်းခုံနေကြမည် ဖြစ်သော သားအမိနှစ်ယောက်၏ စကားကို ဦးဖိုးခက ဝင်ရောက်အဆုံး အဖြတ်ပေးရင်း ပြောလိုက်သည်။

 

ထိုနောက်တော့ ကိုအေးဆွေသည် ထိုနေရာမှ တစ်ဟုန်ထိုး ပြေးထွက် သွားတော့သည်။

 

“ဘုမရယ်၊ နင့်ကို ငါ ဘယ်နှခါပြောရ မလဲ။ ကောင်လေး ကျောင်းသွားသာနဲ့ ပတ်သက်လာရင် နင်ဟာ ခဏခဏ ဟန့်တားနေသာချည်းပဲ”

 

ဦးဖိုးခသည် ထန်းပင်ပေါ်က ဆင်းနေ ရာမှ မြေကြီးပေါ်သို့ ရောက်လာပြီဖြစ်၍ ဒေါ်ဘုမဘက်သို့ လှည့်ကြည့်ရင်း မာန် လိုက်သည်။

 

“မဟုတ်ပါဘူး။ တော့်သားက ကျောင်း ချိန်မနီးသေးဘဲနဲ့ လမ်းမှာ လျှောက်ဆော့ချင် ဆော့နေမှာတော့”

 

ဒေါ်ဘုမကလည်း အားကျမခံ ပြန်၍ နှုတ်လှန်ထိုးလိုက်၏။

 

“နင်ပြောသာလည်း ဟုတ်ချင်ဟုတ်မပေါ့။ အခုဟာကတော့ ကျောင်းချိန် နီးနေပြီဟ”

 

“သလိုဆိုရင်လည်း ပြီးသာပါပဲ။ နို့မို့ရင် တော့်သားက ယုံရတာမဟုတ်ဘူး။ လျှောက်ဆော့နေသာတော့၊ သိရဲ့လား”

 

ထန်းလက်ဖတ်များ စုပုံနေသော ဒေါ်ဘုမက ဦးဖိုးခဆီသို့ မျက်စောင်းကြီး ထိုးကာ ကြည့်ရင်း ပြောလိုက်ပြန်၏။

 

 

ဆက်လက်ဖော်ပြပါမည်။

 

No comments

Powered by Blogger.