စနစ်ကောင်းတစ်ရပ် ဘယ်လောက်အရေးပါလဲ
ဇော်ဇော်အောင်
(မန္တလေး)
စနစ်ဆိုတာ စီးပွားရေးမှာပဲဖြစ်စေ၊
နိုင်ငံရေးမှာပဲဖြစ်စေ အရေးအကြီးဆုံး အဓိကအကျဆုံး သော့ချက်ဖြစ်တယ်။ စနစ်သည်သာ အခရာ၊
စနစ်သည်သာ အရာရာလို့ပြောရင် မလွန်ဘူး။ စနစ် ကြောင့် စီးပွားရေးလုပ်ငန်းတွေရဲ့
အကျိုးအမြတ်ဟာ ဆုတ်ယုတ်နိုင်တယ်။ တိုးပွားနိုင်တယ်။ စနစ် ကြောင့် နိုင်ငံတစ်နိုင်ငံရဲ့
ဖွံ့ဖြိုးတိုးတက်ရေး၊ ကြီးပွားချမ်းသာရေး၊
လုံခြုံတည်ငြိမ်အေးချမ်းရေး အခြေအနေတွေဟာ တိုးတက်နိုင်တယ်။ ဆုတ်ယုတ် နိုင်တယ်။ မိသားစုတစ်စုမှာပဲ
စနစ်ဟာ အခရာပဲ။ စနစ်ကောင်းတဲ့မိသားစုဟာ တည်တည်ငြိမ်ငြိမ်
ရှိသလို အေးချမ်းသာယာမှု၊ ပျော်ရွှင်မှု၊ တိုးတက်မှု ရှိနိုင်ပြီးတော့ စနစ်မကောင်းတဲ့
ဒါမှမဟုတ် စနစ်မရှိတဲ့ မိသားစုဟာ ကစဉ့်ကလျား
မတည်မငြိမ် ဖြစ်နိုင်သလို အေးချမ်းပျော်ရွှင်ဖို့၊ သာယာဖို့၊ တိုးတက်ဖို့လည်း မဖြစ်နိုင်ဘူး။
စနစ်ဟာ အရာရာရဲ့ အဓိကမောင်းနှင်အားဖြစ်တယ်။
စနစ်ကောင်းတစ်ခုကပဲ
ပြဋ္ဌာန်းပေး
စနစ်ကို အကောင်းဆုံးတည်ဆောက်ဖို့
ကြိုးစားကြဖို့လိုအပ်တယ်။ တိုးတက်သွားတဲ့ လူ့အဖွဲ့အစည်းတိုင်း၊ ကြီးပွားချမ်းသာသွားတဲ့ နိုင်ငံတိုင်းဟာ အရင်ဆုံး
စနစ်ကောင်းတစ်ခုကို တည်ဆောက်နိုင်ကြလို့သာ ဖြစ်တယ်။ စနစ်ဆိုတာ အထိန်းအကွပ်လည်းဖြစ်တယ်။
လူတွေ၊ အရင်း အမြစ်တွေ၊ ရည်မှန်းချက်တွေ၊ အလုပ်တွေ၊ ကျင့်ဝတ်တွေနဲ့ အရာခပ်သိမ်းကို
နည်းမှန်လမ်းမှန်နဲ့ အသားတကျရှိနေစေဖို့ စနစ်ကပဲ ထိန်းကျောင်း ပေးတာဖြစ်တယ်။ စီးပွားရေးလုပ်ငန်းတစ်ခုမှာ
စနစ်တစ်ခုကို ကျကျနန တည်ဆောက်ထားတဲ့အခါ လုပ်သားတွေ၊ ကြီးကြပ်သူတွေ၊ မန်နေဂျာတွေအနေနဲ့
အဲဒီစီးပွားရေးလုပ်ငန်း ပျက်စီးရာပျက်စီးကြောင်းကို လုပ်ချင်ရင်တောင် စနစ်က တားမြစ်ထားတယ်။
ခွင့်မပြုဘူး။ လုပ်ငန်းတိုးတက်အောင်မြင်ရေး၊ တည်ငြိမ်ရေးအတွက်ပဲ လူတိုင်းက အာရုံစိုက်
နေအောင်၊ ကြိုးစားလုပ်ကိုင်နေအောင်လည်း စနစ်ကပဲ ထိန်းကျောင်းထားတယ်။ ဘယ်ရာထူးက ဘယ်သူ့ကိုပဲ
အသစ်ပြောင်း တာဝန်ပေးတာဖြစ်စေ လုပ်ငန်းတစ်ခုလုံးက အရှိန်အဟုတ် မပျက် တည်တည်ငြိမ်ငြိမ်နဲ့
တိုးတက်နေဖို့ကို စနစ်ကောင်း တစ်ခုက ကျကျနန အာမခံချက် ပေးထားနိုင်တာဖြစ်တယ်။ လူဆိုတာက
အမြဲတမ်းဖောက်ပြန်နေတတ်တဲ့ သဘောသဘာဝ နဂိုကတည်းကရှိတယ်။ အဲဒီဖောက်ပြန်တဲ့ သဘောသဘာဝက
လွှမ်းမိုးပြီးတော့ လူတွေ မလုပ်သင့်တာကို မလုပ်ကြရအောင်၊ လုပ်သင့်တာကို လုပ်ကြရအောင်
စနစ်ကောင်း တစ်ခုကပဲ ပြဋ္ဌာန်းပေးတယ်။ ထိန်းကျောင်းပေးတယ်။ ဒါကြောင့် စနစ်ကောင်းတစ်ခုကို
ကျကျနန တည်ဆောက်ထားနိုင်တဲ့ စီးပွားရေးလုပ်ငန်းတိုင်း ဟာ အမြဲတမ်းအောင်မြင်နေကြတာဖြစ်တယ်။
နိုင်ငံတစ်ခုကို
တည်ဆောက်ကြရာမှာ တိုးတက်အောင် ဆောင်ရွက်ကြရာမှာလည်း ထိုနည်း လည်းကောင်းပါပဲ။ စနစ်ကောင်းက
အရာရာကို ပြဋ္ဌာန်းနိုင်တယ်။ စနစ်ကောင်းတစ်ခု ဖြစ်ဖို့ အထူးအရေးပေး အာရုံစိုက်ပြီးတော့
တည်ဆောက်ထူထောင်နိုင်ကြဖို့ လိုအပ်တယ်။ ဒီနေရာမှာ စနစ်ကောင်းဆိုတာ ဒီမိုကရေစီစနစ်၊
ဘာစနစ်၊ ညာစနစ်ဆိုတာကို ဆိုလိုခြင်းမဟုတ်ဘူး။ ဒီမိုကရေစီစနစ်က ကောင်းတယ်၊ ဟိုစနစ်က
မကောင်းဘူး၊ ဒီစနစ်က မကောင်းဘူး စသည်ဖြင့် ဆိုလိုချင်တာမဟုတ်ဘူး။ ဘယ်လမ်းစဉ်နဲ့သွားတာ
ဖြစ်စေ စနစ်ကောင်းတစ်ရပ်ဖြစ်ဖို့လိုတယ်ဆိုတာ ကို ဆိုလိုခြင်းဖြစ်တယ်။ နိုင်ငံရေးအယူဝါဒတွေကို
စနစ်ကောင်းတစ်ရပ်ဖြစ်ဖို့ လိုအပ်တယ်ဆိုတာ ပြောဆိုကြတဲ့နေရာမှာ ဘေးဖယ်ထားဖို့ ထည့်မစဉ်းစားဖို့လိုအပ်တယ်။
ဒီလိုမှမဟုတ်ရင် အစွဲတွေ၊ အရောင်တွေကြောင့် စနစ်ကောင်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ဟာ
လွဲချော်သွားနိုင်တယ်။
ဒီမိုကရေစီစနစ်ကို
ကျင့်သုံးကြတဲ့ နိုင်ငံတွေ
ဥပမာ စင်ကာပူနိုင်ငံရဲ့
နိုင်ငံရေးစနစ်ကို ပြောကြရင် ဒီမိုကရေစီစနစ် ကျင့်သုံးနေတာ ဖြစ်တယ်လို့လည်း အတိအကျ
အခိုင်အမာ ပြောလို့ မရသလို အာဏာရှင်စနစ်ပါလို့လည်း စွပ်စွဲလို့ လုံးဝ မရပြန်ဘူး။ ဒီမိုကရေစီစနစ်ရဲ့
အခြေခံအကျဆုံး သင်္ကေတလက္ခဏာရပ်ဖြစ်တဲ့ လွပ်လပ်ပြီးတရား မျှတတဲ့ လွှတ်တော်ရှိတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို စည်းစနစ်နဲ့
ခွင့်ပြုထားတယ်။ ဘယ်သူမဆို လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်သလို လွတ်လပ်စွာ ရွေးချယ်ခံပိုင်ခွင့်လည်းရှိတယ်။
သို့သော် တခြားသော လစ်ဘရယ်သိပ်ဆန်လွန်းတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကြတဲ့ နိုင်ငံတွေက
စင်ကာပူဒီမိုကရေစီကို သရော်လှောင်ပြောင်ကြတယ်။ ဝေဖန်တိုက်ခိုက်ကြတယ်။ ဒီမိုကရေစီစနစ်
မဟုတ်ဘူးလို့လည်း သတ်မှတ်ကြတယ်။ စွပ်စွဲ ပြောဆိုကြတယ်။ အဲဒီလို ဝေဖန်ပြောဆိုရလောက်
အောင်လည်း တချို့သောအကြောင်းအချက်တွေက အမှန်တကယ် ဖြစ်ပေါ်နေတယ်။ တည်ရှိနေတယ်။ စင်ကာပူနိုင်ငံမှာ
တင်းကျပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ အများကြီးသတ်မှတ်ထားတယ်။ နိုင်ငံသား တိုင်းဟာ ဥပဒေအရ
သတ်မှတ်ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို မဖြစ်မနေ လိုက်နာကြရတယ်။ မလိုက်နာရင်
လိုက်နာရအောင် (မဖြစ်မနေ လိုက်နာရအောင်)လို့လည်း စနစ်က ကျကျနန ထိန်းကျောင်းထားတယ်။
စည်းမဲ့ကမ်းမဲ့ ဘာမှ လုပ်ခွင့်မရှိဘူး။ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပြဋ္ဌာန်း ထားတယ်။ ပြဋ္ဌာန်းထားတဲ့အတိုင်းလည်း အရေးယူ ဆောင်ရွက်တယ်။ နိုင်ငံထူထောင်ခါစကဆိုရင်
စင်ကာပူနိုင်ငံသားတွေဟာ အင်မတန် စည်းကမ်း ပျက်ကြသူတွေဖြစ်တယ်။ တံငါအလုပ်နဲ့ ရပ်တည်ရတဲ့
အင်မတန်မှ ဆင်းရဲတဲ့ သာမန်နိုင်ငံငယ်မျှသာဖြစ်တယ်။ စင်ကာပူ ခေါင်းဆောင်ဖြစ်တဲ့ အမြော်အမြင်ရော၊
စိတ်စေတနာရော အင်မတန်မှ မြင့်မားကောင်းမွန်သူ ဝန်ကြီးချုပ် လီကွမ်ယုရဲ့ ထက်မြက် ပြီး
ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ဦးဆောင်မှုအောက်မှာ နိုင်ငံအတွက် အကောင်းဆုံး၊ အခိုင်မာဆုံး
နိုင်ငံရေး စနစ်(နိုင်ငံတည်ဆောက်ရေးစနစ်)တစ်ရပ်
ပေါ်ထွက် လာခဲ့တယ်။ အဲဒီစနစ်ကို လက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့
တရားဥပဒေစိုးမိုးရေးကို တိကျပြတ်သားစွာ အထိရောက်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်။
ဥပဒေနဲ့ စည်းကမ်းတွေကို ချိုးဖောက်ခဲ့ရင် ဘယ်သူ့ကိုမဆို ပြင်းထန်တဲ့ပြစ်ဒဏ်တွေ ချမှတ်အရေးယူခဲ့တယ်။
တားမြစ်ထားတဲ့နေရာကနေ လမ်းဖြတ်ကူးရင်၊ လမ်းပေါ်နဲ့ လမ်းဘေးပလက်ဖောင်းတွေပေါ် အမှိုက်ပစ်ရင်၊
တံတွေးထွေးရင်၊ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်ရင်၊ အများ ပြည်သူကို
ထိခိုက်နိုင်တဲ့ အပြုအမူ တစ်စုံတစ်ရာ ပြုမူခဲ့ရင် ဒဏ်ငွေအများကြီးဆောင်ဖို့ သတ်မှတ်
ပြဋ္ဌာန်းထားပြီးတော့ တကယ်လည်း ဒဏ်ငွေတွေ ပေးဆောင်စေခဲ့တယ်။ တချို့ပြစ်မှုတွေအတွက်
ကြိမ်ဒဏ်တွေသတ်မှတ်ပြီး စည်းကမ်းဥပဒေ ချိုးဖောက်ရင် အမှန်တကယ် ကြိမ်ဒဏ်ရိုက်တယ်။ (ဒါကြောင့်လည်း
လစ်ဘရယ်ဒီမိုကရေစီနိုင်ငံကြီးတွေက စင်ကာပူနိုင်ငံဟာ အာဏာရှင်နိုင်ငံလို့ စွပ်စွဲ ခဲ့ကြတာဖြစ်တယ်။)
သို့သော် စင်ကာပူနိုင်ငံဟာ
သူ့နိုင်ငံအတွက် သူအကောင်းဆုံး ရေးဆွဲပြဋ္ဌာန်းပြီးတော့ အဲဒီစနစ်နဲ့ပဲ တိုင်းပြည်ကိုထူထောင်ပြီး
တိုးတက်ဖွံ့ဖြိုးလာခဲ့ တာဖြစ်တယ်။ ကြွယ်ဝချမ်းသာလာခဲ့တာ ဖြစ်တယ်။
စည်းရုံးပညာပေး
လမ်းညွှန်တိုက်တွန်းမှုတွေ
ဒီတော့ စနစ်ကောင်းတစ်ခုဆိုတဲ့အဓိပ္ပာယ်က
ဘာစနစ်၊ ညာစနစ်ဆိုတဲ့ နိုင်ငံရေးအယူအဆ တစ်ရပ်ရပ်ကို အခြေခံတဲ့သဘောမျိုးဆိုတာထက် တိုင်းပြည်၊
နိုင်ငံသားတွေ၊ ရေခံမြေခံနဲ့ ဖြစ်နိုင်ခြေ တွေကို ကျကျနနအခြေခံပြီးတော့ လက်တွေ့ကျကျ
ရေးဆွဲပြဋ္ဌာန်းပြီးတဲ့နောက် အဲဒီစနစ်က ပြဋ္ဌာန်း ထားတဲ့အတိုင်း ဦးဆောင်လုပ်ကိုင်သူတွေကလည်း
တိတိကျကျ ဆောင်ရွက်အကောင်အထည်ဖော် ကြသလို နိုင်ငံသားတွေကိုလည်း စနစ်အတိုင်း လိုက်နာဆောင်ရွက်
နေထိုင်လုပ်ကိုင်လာကြရအောင် စည်းရုံးပညာပေး လမ်းညွှန်တိုက်တွန်းမှုတွေနဲ့ တဖြည်းဖြည်း
နိုင်ငံသားတို့ အသိတရားတွေ မြင့်မားလာကြပြီးတော့ စနစ်ကို တန်ဖိုးထားလာကြ၊ စနစ်ရဲ့
ကောင်းကျိုးတွေကို မြင်တွေ့လာကြ၊ လိုက်နာဆောင်ရွက်လာကြစေနိုင်တဲ့ လုပ်ငန်းစဉ် ကြီးတစ်ခုလုံးကို
ဆိုလိုတာဖြစ်တယ်လို့ ဆိုရမှာ ဖြစ်တယ်။
စင်ကာပူရဲ့
ဥပမာကို သင်ခန်းစာယူတတ်ရင် စနစ်ကောင်းတစ်ရပ်ဆိုတာ အကောင်းဆုံးတွေ ရေးဆွဲပြဋ္ဌာန်းထားရုံနဲ့
မပြည့်စုံဘူးဆိုတဲ့ အဖြေရတယ်။ စနစ်တစ်ခုကို လက်တွေ့အကောင်အထည် ဖော်ကြမယ့်သူတွေရဲ့ အရည်အချင်း၊ စိတ်ဓာတ်နဲ့ စေတနာတွေ ဘယ်လောက်အရေးပါသလဲဆိုတာ
လည်း သတိပြုမိဖို့လိုမယ်။ အရည်အချင်းရှိကြရုံနဲ့လည်း စနစ်တစ်ခုကို အကောင်အထည်ဖော်လို့
အောင်မြင်ပြီး စနစ်ကောင်းတစ်ရပ်လို့ သတ်မှတ်လို့မရနိုင်ဘူး။
စိတ်ဓာတ်နဲ့
စေတနာကောင်းရုံနဲ့ အရည်အချင်းက မရှိကြရင်လည်း ထိုနည်း လည်းကောင်းပဲ၊ စနစ်ကောင်းတစ်ရပ်
ဖြစ်တည်လာဖို့ မလွယ်ဘူး။ ရလဒ်ကောင်းတွေ ထွက်လာနိုင်မှသာ စနစ်ကောင်းတစ်ရပ်လို့ သတ်မှတ်လို့ရတယ်။
နောက်တစ်ခါ စနစ်ကို ရေးဆွဲထားတာကလည်း ကောင်းတယ်။ အကောင်အထည်ဖော်ဆောင်ရွက် ကြတဲ့သူတွေက
အရည်အချင်းနဲ့ စိတ်ဓာတ်၊ စေတနာလည်း ပြည့်စုံကောင်းမွန်ကြတယ်။
သို့သော် ဒီစနစ်အောက်မှာနေထိုင်ကြတဲ့ နိုင်ငံသားတွေက စနစ်ကို မနာခံကြဘဲ၊ တန်ဖိုးမထားကြဘဲ တလွဲလုပ် နေကြတယ်ဆိုရင်လည်း ဒီစနစ်ကြောင့်
ရလဒ် မထွက်( မတိုးတက်)နိုင်တာမို့ စနစ်ကောင်းတစ်ရပ် လို့ ပြောလို့မရနိုင်ပြန်ဘူး။ ဒီတော့
စနစ်ကောင်း တစ်ရပ်ဖြစ်လာဖို့ဟာ စိတ်ကူးယဉ်လို့မရဘူး။ မလွယ်ကူဘူး။ ခက်ခဲတယ်။ စတင်ရေးဆွဲစဉ်
ကတည်းက လက်တွေ့ကျဖို့လိုမယ်။ လက်တွေ့ ဖြစ်နိုင်ခြေတွေကို အခြေခံထားရမယ်။ ပြီးတော့ဒီစနစ်ကို
အကောင်အထည် ဖော်ကြမယ့်သူတွေကလည်း အရည်အသွေးတွေအားလုံး ပြည့်မီနေရမယ်။ နိုင်ငံသားတွေကလည်း
စနစ်ကပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာလုပ်ကိုင်ဆောင်ရွက်ကြရမယ်။ နိုင်ငံသားတွေ လိုက်နာဆောင်ရွက်နိုင်လောက်တဲ့
ပြဋ္ဌာန်းချက်တွေလည်း ဖြစ်ဖို့လိုသလို နိုင်ငံသား တွေက လက်တွေ့လိုက်နာဆောင်ရွက်ကြရအောင်လည်း
အကောင်အထည်ဖော်ကြသူတွေက စွမ်းရည် ရှိရမယ်။ ဒီအချက်တွေ ပြည့်စုံပြီဆိုရင် စနစ်ကောင်း
တစ်ရပ်ကိုရပြီလို့ ပြောလို့ရတယ်။
အဆင့်မြင့်တဲ့
နိုင်ငံသားတွေ
စနစ်ကောင်းတစ်ရပ်
အမှန်တကယ်ရပြီဆိုရင်လည်း အဲဒီနိုင်ငံဟာ၊ အဲဒီလူ့အဖွဲ့အစည်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ စဉ်ဆက်မပြတ်
တိုးတက်နေဖို့ ဘာမှသိပ်ခက်ခဲနေမှာမဟုတ်တော့ဘူး။ စနစ် ကောင်းတစ်ရပ်က အရာရာကို အဆုံးအဖြတ်ပေးတယ်။
စနစ်ကောင်းတစ်ရပ်ကိုရဖို့ ထောင့်စေ့အောင် စဉ်းစား၊ ထောင့်စေ့အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြမယ်ဆိုရင်
အောင်မြင်ဖြစ်ထွန်းဖို့ ဆိုတာ ဘာမှစိတ်ပူနေစရာမလိုတော့ဘူး။ ဒီကနေ့ စင်ကာပူနိုင်ငံသားတွေဟာ
နိုင်ငံထူထောင်ခါစ နိုင်ငံသားတွေနဲ့ လားလားမှမတူတော့ဘူး။ သူတို့ကို ဒဏ်ငွေရိုက်အောင် စည်းကမ်းဖောက်ဖျက်ပါလို့
ပြောရင်တောင် ဘယ်တော့မှ မလုပ်ကြတော့ဘူး။ စည်းကမ်းဥပဒေကိုလိုက်နာရတဲ့၊ တန်ဖိုးထား ရတဲ့ဂုဏ်ကို
မက်မောသွားကြပြီ။ အဆင့်မြင့်တဲ့ နိုင်ငံသားတွေဖြစ်ကုန်ပြီ။ စနစ်ကောင်းတစ်ရပ်ရဲ့ ကျေးဇူးပဲ။
ဒီလိုပဲ စင်ကာပူနိုင်ငံက နိုင်ငံရေးသမားတွေ၊ အုပ်ချုပ်သူတွေကလည်း စနစ်ကို အကောင်းဆုံး အကောင်အထည်ဖော်ခြင်းသည်သာ နိုင်ငံနဲ့ နိုင်ငံသား
တွေအပေါ် အကောင်းဆုံးတာဝန်ကျေခြင်းဆိုတာ ကို နားလည်နေကြပြီ။
နောက်ထပ် နှစ်တွေ
ဘယ်လောက်ပြောင်းပြောင်း၊ လူတွေ ဘယ်လောက်ပြောင်းပြောင်း၊ မျိုးဆက်တွေ ဘယ်လောက်ပြောင်းပြောင်း
စနစ်ကောင်းက ထိန်းကျောင်းထားတော့မှာမို့ စင်ကာပူနိုင်ငံဟာ စဉ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးနေတော့မှာ
ဖြစ်တယ်။
ဒီကနေ့ တည်တည်ငြိမ်ငြိမ်နဲ့
တိုးတက်ဖွံ့ဖြိုးနေတဲ့ ဘယ်နိုင်ငံကိုပဲကြည့်ကြည့် ဒီလိုနည်းလမ်းနဲ့ စနစ်ကောင်းတစ်ရပ်
ရှိနေကြတာချည်းပဲ။ စနစ် ကောင်းတစ်ရပ်ရှိနေလို့
လူတွေ ဘယ်လိုပြောင်းပြောင်း၊ ခေတ်တွေဘယ်လိုပြောင်းပြောင်း၊ မျိုးဆက်တွေ ဘယ်လိုပြောင်းပြောင်း
အရှိန်မပျက် တိုးတက် နေကြတယ်။ ဆုတ်ယုတ်တယ်ဆိုတာရှိရင်တောင် အင်မတန်မှရှားတယ်။ ဂျပန်၊
တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ် စတဲ့ နိုင်ငံတွေကို လေ့လာကြည့်ရင်
စနစ်ကောင်းရင် ကောင်းသလောက် တိုးတက်ဖြစ်ထွန်းနေတာ မြင်သာတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ
လည်း သိပ်ကိုစိတ်ဝင်တစားရှိသင့်တဲ့ နမူနာတစ်ခုပဲ။ ( ဒီနေရာမှာ အစပိုင်းမှာ ဖော်ပြခဲ့သလိုပဲ
ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဒီမိုကရေစီ စတဲ့ အိုက်ဒီယော်လော်ဂျီနဲ့ဆိုင်တဲ့ စနစ်သဘောကို
ဘေးဖယ်စဉ်းစားဖို့။) စနစ်တစ်ခုကို သူ့နည်းသူ့ဟန်နဲ့ တွေးခေါ်ဖော်ထုတ်ခဲ့ပြီး လက်တွေ့ကျကျ
အကောင်အထည် ဖော်နိုင်ခဲ့တာကြောင့် ဒီကနေ့မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ဟိုးအရင်ကာလတွေ
တုန်းကလို သိပ်ပြီးဝေဖန်ကြတာ မရှိတော့ဘူး။ စနစ်ကောင်းတစ်ရပ်ကို ကျကျနန ပီပီပြင်ပြင်
အကောင်အထည်ဖော်နိုင်ခဲ့တာကြောင့် ကောင်းကောင်းဖွံ့ဖြိုးတိုးတက်လာပြီဖြစ်တယ်။
ဒါကြောင့် စနစ်ကောင်းတစ်ရပ်ကို တည်ဆောက်အကောင်အထည်ဖော်နိုင်ရေးဟာ နိုင်ငံတစ်ခု၊
လူ့အဖွဲ့အစည်းတစ်ခု လူစဉ်မီမီနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ဂုဏ်သိက္ခာရှိစေရေး၊ တည်ငြိမ်ရေး၊
အေးချမ်းသာယာ ဝပြောရေးတို့အတွက် အသက်တမျှ အရေးကြီးတဲ့ အခြေခံအကြောင်း တရားဖြစ်ကြောင်း
အကြံပြုရေးသားလိုက် ရပါတယ်။

No comments