ရှိရင်းစွဲအရင်းအမြစ်များကိုအသုံးချ နိုင်ငံ့လူမှုစီးပွားဘဝမြင့်မား
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံအတွင်း
ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒေသအသီးသီးသို့သွားရောက်၍ လိုအပ်သည်များကို
ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင်သို့ရောက်ရှိစဉ်
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး
(MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတို့ကိုဆွေးနွေးခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသ တွင်း လည်ပတ်ရင်းနှီးငွေ များစွာရှိခြင်းသည်
ဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ် စေမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် ကျေးလက်နေပြည်သူများ၏ စီးပွားရေးကို
အားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ငွေကြေးလည်ပတ်မှုများ ကောင်းမွန်လာပြီး
နိုင်ငံ့စီးပွားရေး မြင့်တက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသ၏ ရှိရင်းစွဲ အရင်းအမြစ်များကို
အကျိုးရှိရှိ အသုံးချစေလိုကြောင်းနှင့် လိုအပ်သည်များကို နိုင်ငံတော်က ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
တိုက်တွန်း ပြောကြားခဲ့သည်။
ဟုမ္မလင်းခရိုင်သည် မြန်မာနိုင်ငံ၏မြောက်ပိုင်း
အိန္ဒိယနိုင်ငံနှင့်ထိစပ်နေသော ဒေသဖြစ်သည်။ တောင်တန်းများပေါ်ရှိ မြေပြန့်လွင်ပြင်ဒေသဖြစ်ပြီး
ရေခံမြေခံ ကောင်းမွန်သဖြင့် သစ်တောများဖုံးလွှမ်းပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်း
သည်။ မြန်မာနိုင်ငံအတွင်း ဝေးလံသောဒေသ တစ်ခုဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး
စိုက်ပျိုးမွေးမြူရေးနှင့် ဒေသထွက်ကုန်များကိုအခြေခံသည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးသဖြင့်
ဒေသခံတိုင်းရင်းသားပြည်သူများ လူမှုစီးပွား အလုပ်အကိုင်များ ကောင်းမွန်ပြီး အေးချမ်းစွာနေထိုင်လုပ်ကိုင်ကြသော
ဒေသဖြစ်သည်။ ဟုမ္မလင်းဒေသသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင် သည့် အခြေအနေများစွာ
ပိုင်ဆိုင်ထားသောဒေသဖြစ်သည်။
ဒေသတွင်း၌ မြေပဲ၊ နှမ်း၊ ဆီမုန်ညင်း၊
လက်ဖက်၊ ရော်ဘာတို့ကိုစိုက်ပျိုးပြီး ဝါးနှင့် ကြိမ်၊ ရွှေနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့များလည်း
ထွက်ရှိသည့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသောဒေသဖြစ်သည်။ နိုင်ငံတော်အစိုးရ
အနေဖြင့် ဒေသအလိုက်၊ လူမျိုးစုအလိုက်လုပ်ကိုင်ကြသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းဖြင့်
ဒေသလူမှုစီးပွား မြင့်မားတိုးတက်လာပြီး နိုင်ငံ့စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍
ဒေသအလိုက် MSME လုပ်ငန်းများ ကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများကို
အားပေး မြှင့်တင်နေခြင်းသည် တိုင်းပြည်စီးပွားရေးကို မြှင့်တင်ရန်၊ ပြည်ပသွင်းကုန်များ
အစားထိုးနိုင်ရန်နှင့် ပြည်ပသို့ ပြည်တွင်းထုတ်ကုန်များ တင်ပို့နိုင်ရန် ရည်ရွယ်ချက်
ဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။
ရေခံမြေခံကောင်းများရှိသည့် ဟုမ္မလင်းဒေသ၏
စိုက်ပျိုးမွေးမြူရေးအခြေခံ ထုတ်ကုန်များကို အဆင့်မြှင့်တင်ပြီး ပိုမိုထုတ်လုပ်နိုင်လျှင်
ဒေသတွင်းလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့ပါတင်ပို့နိုင်မည်ဖြစ်သည်။
နိုင်ငံတော် အကြီးအကဲ ဟုမ္မလင်းဒေသသို့ရောက်ရှိလာစဉ်အတွင်း လုပ်ငန်းရှင်များ၏ တင်ပြချက်များကို
ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ဒေသထုတ်ကုန်များကို ပြည်တွင်း၌ သာမက ပြည်ပသို့ပါ တင်ပို့နိုင်ပြီး
တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်မှု၊ ကုန်ကြမ်းလိုအပ်ချက်များကို
ပိုမိုဖြည့်ဆည်းပေးနိုင်မှုရှိပါက ထုတ်ကုန်များ ပိုမို ထုတ်လုပ်နိုင်ပြီး ပြည်ပပို့ကုန်များကိုလည်း
ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်
အဓိက လိုအပ်ချက်ဖြစ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေး ဆောင်ရွက်လျက်ရှိပြီး
လိုအပ်သည့်အရင်းအနှီးများကိုလည်း လုပ်ထုံးလုပ်နည်းနှင့် အညီ သင့်တင့်သောအတိုးနှုန်းဖြင့်
ဖြည့်ဆည်းပေးလျက်ရှိသည်။ ကျေးလက်နေ ပြည်သူများ ဝင်ငွေတိုးပွားရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
လိုအပ် သည့်အရင်းအနှီးများကို မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်ပေးနေပြီး လျှပ်စစ်မီး
ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးထားသည်။
စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်
ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပြည့်မီစွာဖြင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန်အတွက်
နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် နိုင်ငံတစ်ဝန်းလှည့်လည်သွားရောက်၍ လိုအပ်သည်များအား
ဖြည့်ဆည်း ဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်လာရေး အတွက်
ဖြည့်ဆည်း ဆောင်ရွက်ပေးရန် နိုင်ငံတော်အစိုးရက တာဝန်ယူသလို လူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ဦးချင်းစီက ကြိုးစားအားထုတ်ရမည်ဖြစ်၍ ယခုကဲ့သို့ အခြေအနေ
အချိန်အခါသင့်ချိန်တွင် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်လာအောင် အားကြိုးမာန်တက် ဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း။
ကြေးမုံ

No comments