ချင်းတောင်ပေါ်က ကျေးလက်လမ်း
ခရမ်းစိုးမြင့်
ချင်းပြည်နယ်သည် မြန်မာနိုင်ငံလွတ်လပ်ရေး
ရပြီးချိန်မှစ၍ “ချင်းဝိသေသတိုင်း”အဖြစ် တည်ရှိခဲ့ပြီး အများပြည်သူတို့၏
ဆန္ဒနှင့်အညီ ၁၉၇၄ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့မှစ၍ “ချင်းပြည်နယ်” အဖြစ် ရပ်တည်လျက်ရှိသည်။ ၂၀၁၅ ခုနှစ်အထိ
နေထိုင်ကြ သော ချင်းတိုင်းရင်းသားမျိုးနွယ်စု ၅၆ စုရှိသည်ဟု သိရပြီး ပြည်နယ်အကျယ်အဝန်းမှာ
၈၉၀၀၄၅၉ ဧက ကျယ်ဝန်းသည်။
စိမ်းညို့မှိုင်းမှိုင်းတောင်တန်းကြီးများပေါ်ရှိ
အဆိုပါချင်းပြည်နယ်သို့သွားရန် ကျွန်တော်သည် မြန်မာ့လေကြောင်း လိုင်းဖြင့် ရန်ကုန်မှ
လိုက်ပါခဲ့ ရာ ကလေးလေဆိပ်သို့ နံနက် ၁၁ နာရီခွဲတွင် ရောက်ရှိသည်။ ကလေးလေဆိပ်မှ ကားဖြင့်
ထွက်ခဲ့ ရာ ချင်းပြည်နယ်၏ ခရိုင်မြို့တစ်မြို့ဖြစ်သော ဖလမ်းမြို့သို့ ညနေပိုင်းတွင်ရောက်ရှိခဲ့ပြီး
ချင်းပြည် နယ်ခရီးအစ ပထမညအဖြစ် အိပ်ခဲ့သည်။ နောက် တစ်နေ့တွင် ချင်းပြည်နယ်၏ ကျေးလက်လမ်းဦးစီး
ဌာနမှ တာဝန်ရှိသူများနှင့်အတူ ကားနှစ်စီးဖြင့် ကျေးလက်လမ်းများရှိရာသို့ ထွက်ခဲ့ကြသည်။
ပထမဆုံးရောက်ခဲ့သည်က ချင်းပြည်နယ် ဖလမ်း မြို့နယ် တလပ်လွန်-ခဲင်ကန်-ခေါရွာ-ကျဲရ်မွှန်
လမ်းပိုင်းဖြစ်သည်။
အိမ်ခြေ ၁၈၄ အိမ်၊ လူဦးရေ ၈၆၉ ဦး
တလပ်လွန်-ခဲင်ကန်-ခေါရွာ-ကျဲရ်မွှန်လမ်း
သည် ဖလမ်း-ရိဒ်-ရေကံလမ်း မိုင်တိုင် ၆ မိုင် ၃ ဖာလုံ (တလပ်လွန်ဒေသ)မှ ခဲင်ကန်-ခေါရွာ-ကျဲရ်
မွှန်ကျေးရွာများကိုဖြတ်ကာ ဖလမ်း-ရိဒ်-ရေကံ လမ်း မိုင်တိုင် ၉ မိုင် ၆ ဖာလုံနှင့် ၉
မိုင် ၇ ဖာလုံ ကြားသို့ ဆက်သွယ်ထားသော ကျေးရွာချင်း ဆက်လမ်းဖြစ်သည်။ ဖလမ်းမြို့နယ်
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ လမ်းအဆင့်သတ်မှတ် ချက် “A’’ စာရင်း၌ ပါဝင်ပြီး ကျေးရွာ
ငါးရွာ၊ အိမ်ခြေ ၁၈၄ အိမ်၊ လူဦးရေ ၈၆၉ ဦးတို့အား အကျိုးပြုသော ရွာချင်းဆက်လမ်းမကြီးဖြစ်သည်။
အဆိုပါလမ်းသည် ယခင်က လမ်းအရှည်(၆/၄)မိုင်ရှိသော
ကျေးရွာချင်းဆက် ဆိုင်ကယ်လမ်းဖြစ် ရာ ကားလမ်းအဖြစ် ဖောက်လုပ်ရာတွင် လမ်းအူကြောင်း ပြောင်းလဲဖောက်လုပ်သည့်အပိုင်းများ
ရှိခြင်းကြောင့် လက်ရှိတွင် လမ်းအရှည်(၇/၄)မိုင် ရှိပါသည်။
ကျွန်တော်တို့သည် အဆိုပါ ကျေးလက်လမ်း
အတိုင်း ခရီးဆက်ခဲ့ရာ မွန်လွှရွာကိုအရောက်တွင် မျှော်လင့်မထားသော ကျေးရွာလူထု၏ကြိုဆိုမှုကို
တွေ့လိုက်ရသည်။ တစ်ရွာလုံး တန်းစီ၍ နှုတ်ဆက် သည်။ ကျေးလက် သားပျို သမီးပျိုလေးများက
တူညီဝတ်စုံဝတ်၍ ဇော်(လ်) ခေါစီရယ်အကဖြင့် ကပြဖျော်ဖြေကြသည်။ ထိုရွာလေးသည် ဖလမ်းမြို့
မှ ၅၇ မိုင် ၄ ဖာလုံဝေးသည့် အိမ်ခြေ ၃၀ ရှိပြီး ချင်းလူမျိုး ၁၇၅ ဦး နေထိုင်၍ နွားနောက်မွေးခြင်း၊
ကိုင်းစိုက်ခြင်း၊ စပါးစိုက်ခြင်း၊ ဆေးရွက်ကြီးများ စိုက်ပျိုးခြင်းကို လုပ်ကိုင်စားသောက်ပြီး
အေးချမ်းသာယာသော ချင်းတောင်တန်းများပေါ်မှ ရွာ ကလေးတစ်ရွာဖြစ်သည်။
ရိဒ်ရေကန်ကြီးသည် ပေ ၆၀ လောက်နက်
ကျွန်တော်တို့သည် ထိုရွာမှ ခရီးဆက်ခဲ့ရာ
ညနေပိုင်းတွင် ကမ္ဘာကျော် ချင်းပြည်နယ်မှ ရိဒ်ရေကန်ကြီးရှိရာ ရိဒ်ခေါဒါရ်မြို့သို့
ရောက်ရှိခဲ့သည်။ ချင်းတောင်တန်းကြီးများ ပတ်ခွေဝန်းရံထားသောကြားတွင် အသည်းပုံ ရိဒ်ရေကန်ကြီးသည်
ကျွန်တော့်အဖို့ အမြင်ဆန်းလွန်းလှသည်။ ကန်၏အပေါ် ပေ ၂၀ လောက်မှ ကန်ကိုကြည့်ရသော်လည်း
ကန်တွင်းရှိ ရေများကြည်လင်စိမ်းလဲ့နေသည်ကို အတိုင်းသားတွေ့နေရသည်။ ရိဒ်ရေကန်ကြီးသည်
ပေ ၆၀ လောက်နက်သည်။ ကန်ရေသည် တစ်နှစ် တစ်ကြိမ်၊ ဒီဇင်ဘာလတွင် နောက်သည်။ အင်္ဂလိပ်အစိုးရလက်ထက်က
ကန်မှ ရေများကို သံပိုက်များဖြင့် ရေမြောင်းသွယ်၍ ဖောက်ထုတ်ခဲ့ကြသောသူများ ကန်ရေများမခန်းခင်
ကန်တွင်းမှ နဂါးနှစ်ကောင် ရေပေါ်ထောင်ပေါ်လာပြီး လှုပ်ယမ်းခဲ့သဖြင့် ရေများဖောက်ထုတ်နေသော
သံပိုက်လုံးများပြိုကျကာ ကန်ရေဖောက်ထုတ်သူအားလုံး သေဆုံးသွားခဲ့ဖူးသည်ဟု ဆိုကြသည်။
ထိုအချိန်ကတည်းက ကန်မှ ရေဖောက်ထုတ်ရန် မည်သူမျှ လုပ်ရဲတော့ဟုဆိုသည်။ ရိဒ်ရေကန်မှရေများ
နွေရောမိုးပါ ရေလျှံခြင်း၊ ရေခန်းခြင်း မရှိဟုဆိုသည်။ ထိုနေ့ညက ရိဒ်ရေကန်အနီးရှိ ပြည်ထောင်စု
ရိပ်သာ၌ ညအိပ်ကြသည်။
ကျွန်တော်သည် ညကအိပ်ခဲ့သော ရိဒ် ပြည်ထောင်စုရိပ်သာမှ
စောစောထွက်ခဲ့ပြီး ရိဒ် ရေကန်ဘေးရှိ စားသောက်ဆိုင်၌ အဆာပြေစားရင်း ရေကန်ကြီးကို အနီးကပ်ကြည့်ရှုနေမိသည်။
မကြာခင် ကျွန်တော် ရိဒ်ရေကန်မှခွာ၍ ရိဒ်ခေါဒါရ် မြို့ရှိ မြန်မာ-အိန္ဒိယနယ်စပ် တံတားလေးပေါ်
ဖြတ်ကူးကြည့်သည်။ တံတားလေးသည် ပေ ၁၀၀ လောက်သာရှိသော သံပြားခင်းဘေလီတံတား ဖြစ်သည်။ တံတားပေါ်မှဖြတ်ကူး၍
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ တောင်ကုန်း တစ်ခုပေါ်တက်ပြီး ချင်းပြည်နယ်ကို လှမ်းမျှော်ကြည့်လိုက်သည်။
စိမ်းညို့ညို့အရောင်နှင့် မြင့်မားသည့်တောင်တန်း ကြီးများ၊ ကျေးငှက်သံများ၊ ချင်းတိုင်းရင်းသားတို့၏
ဗုံမောင်းသံများ၊ နွားနောက်ချိုးမှုတ်သံများ၊ ရိုးရာ အက၊ ရိုးရာအလှနှင့် တောင်တန်းကြီးများ၏
အောက်ခြေတွင် ကွေ့ပတ်စီးဆင်းနေသည့် စမ်းချောင်းကလေးများ စသည်တို့ကို ကျွန်တော့် စိတ်ထဲမှ
မြင်နေရသည်။ အဆိုပါအလှတရားများသည် ချင်းတောင်တန်းပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက
ရှိသည်များဖြစ်သည်။
အမြင့်ဆုံးတောင်မှာ ဝိတိုရိယ၊အရှည်ဆုံးမြစ်မှာ ကုလားတန်မြစ်
ချင်းပြည်နယ်သည် မြေမျက်နှာသွင်ပြင်
အနေအထားအရ မြောက်ဘက်တွင် ပေ ၈၀၀၀ ကျော်၊ တောင်ဘက်တွင် ပေ ၁၀၀၀၀ ကျော်မြင့် သော တောင်ကြောများရှိသည်။
ချင်းပြည်နယ်၏ အလယ်ဗဟိုမှ ရေဝေကုန်းတန်းများအဖြစ် မြောက် မှတောင်သို့ သွယ်တန်းလျက်ရှိပြီး
ပြည်နယ်၏ အလယ်သို့ရောက်သောအခါ အနောက်ဘက်သို့ ယိမ်းသွားသည်။ ပြည်နယ်အတွင်း အမြင့်ဆုံးတောင်
မှာ ဝိတိုရိယ (ခ) ခေါ်နူးစုမ် (ခ) နတ်မတောင် ဖြစ်ပြီး အမြင့်ပေ ၁၀၅၀၀ နှင့် အရှည်ဆုံးမြစ်မှာ
ကုလားတန်မြစ်ဖြစ်သည်။
ဘွေနူးမြစ်သည် ဖလမ်းမြို့နယ်တွင် မြစ်ဖျားခံ၍
ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်အကြား တောင်ဘက်သို့ စီးဆင်းပြီး ထန်တလန်မြို့နယ်
အိန္ဒိယနိုင်ငံအတွင်း ၎င်းမှတစ်ဆင့် ရခိုင်ပြည်နယ် ပလက်ဝမြို့နယ်မှ ကုလားတန်မြစ်အတွင်း
စီးဝင် သွားသည်။ မန်ပူရ်မြစ်သည် အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံ၍ တွန်းဇံ၊ တီးတိန်၊
ဖလမ်းမြို့နယ်များသို့ ဖြတ်သန်းပြီး ကလေးမြို့နယ် မြစ်သာမြစ်အတွင်းသို့ စီးဝင်သွားသည်။
ကျွန်တော်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်
မှ ပြန်လာခဲ့ပြီးနောက် ကားပေါ်တက်၍ ကမ္ဘာ ကျော် ရိဒ်ရေကန်သွား ကျေးလက်လမ်းအတိုင်း ကျဲရ်မွှန်-ခေါရွာ-ခဲင်တန်-တလပ်လွန်
ကျေးရွာ တို့ကိုဖြတ်၍ ဖလမ်းသို့ ပြန်ခဲ့သည်။ မွန်လွှရွာတွင် မွန်လွှ-ဘွမ်နဲလ်လမ်းရှိသည်။
ထိုလမ်းကို ဖလမ်း မြို့နယ် ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ Pilot Project ဖြင့် ဖောက်လုပ်ထားသော
ဆဒက်-သီးကျိရ်-မွန်လွှ-ကော့သဲ-လျှန်နှာ (ဟ) လျှန်နှာ (သ)-တီအိုချောင်းလမ်း လမ်းအရှည်မိုင်
၂၁ ဒသမ ၆ မိုင်ပေါ်ရှိ မိုင်တိုင်အမှတ် ၉ ဒသမ ၄ ၌ တည်ရှိ သော မွန်လွှကျေးရွာမှ ဘွမ်နဲလ်ရှုခင်းသို့သွားသော
လမ်းဖြစ်သည်။
မွန်လွှရွာ တောင်ကမူငယ်ပေါင်း ၄၇ ခုကျော်ဖြင့်
ဖွဲ့စည်းထား
မွန်လွှရွာအနီးရှိ ဘွမ်နဲလ်ရှုခင်းသည်
အလွန် သာယာသောရှုခင်းဖြစ်ပြီး ၃ ဒသမ ၆ မိုင်ပတ်လည် ခန့် ကျယ်ပြန့်ကာ တောင်ကမူငယ်ပေါင်း
၄၇ ခု ကျော်ဖြင့် ဖွဲ့စည်းထားသည်။ ရှုခင်း၏အလယ်၌ ကွေ့ကောက်စီးဆင်းသော ချောင်းငယ်ရှိပြီး
အလွန် သာယာအေးမြသော ရာသီဥတုရှိသည့်ဒေသ ဖြစ်သည်။ ၎င်းဘွမ်နဲလ်ရှုခင်းသို့ ယခင်က ဒေသခံ
ပြည်သူများသာမက အိန္ဒိယနိုင်ငံ မီဇိုးတိုင်းရင်းသား များပါ လာရောက်လည်ပတ်အပန်းဖြေလျက်ရှိသည်။
ယခုအခါတွင် ကမ္ဘာလှည့်ခရီးသည်များလည်း လာရောက်လည်ပတ် အပန်းဖြေလျက်ရှိကြသည်။
မွန်လွှ-ဘွမ်နဲလ်လမ်းသည် ယခင်က ဒေသခံ
ကျေးရွာများမှ ကိုယ်ထူကိုယ်ထဖောက်လုပ်ခဲ့သော လူသွားလမ်းသာဖြစ်ပြီး ခြေကျင်ခရီးဖြင့်သာ
သွားလာရသည်။ တစ်နေ့တခြားများပြားလာသည့် ရှုခင်းကြည့်ရှုအပန်းဖြေသူများ အဆင်ပြေချောမွေ့
စွာ သွားလာနိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ ၄- ၃-၂၀၁၉
ရက်နေ့ ဖလမ်းမြို့နယ် ဆဒက်-သီးကျိရ်-မွန်လွှ-ကော့သဲ-လျှန်နှာ (ဟ) လျှန်နာ (သ) - တီအိုချောင်းလမ်း
ကွင်းဆင်းစစ်ဆေးသည့် ခရီးစဉ်တွင် မွန်လွှကျေးရွာ သို့ ရောက်ရှိပြီး မွန်လွှ - ဘွမ်နဲလ်လမ်းကို
ကား လမ်းဖောက်လုပ်ရန် ဖလမ်းမြို့နယ် ကျေးလက် ဖွံ့ဖြိုးရေးဦးစီးဌာနက ကွင်းဆင်းတိုင်းတာခဲ့ကာရန်ပုံငွေရရှိရေး
တင်ပြတောင်းခံခဲ့ရာ ပြည်နယ်ရန်ပုံ ငွေကျပ် ၂၆၃ သန်း ရရှိသဖြင့် မွန်လွှ-ဘွမ်နဲလ် လမ်း
၄/၀ မိုင်အား ၁၈ ပေ အကျယ် လမ်းသစ်ဖောက်လုပ်ခြင်းနှင့် လူသွားလမ်းအဖြစ် ၁/၀ မိုင်အတွင်း
လိုအပ်သောနေရာတွင် ကွန်ကရစ် လှေကားထစ်နှင့် Steel လက်ရန်းပြုလုပ်ခြင်း၊ မြေကာနံရံနှင့်
ကွန်ကရစ်ရေထုတ်ပြွန်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများအား ၂၀၁၉
ခုနှစ် အောက်တိုဘာလ မှစ၍ လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းဖောက်လုပ်ခြင်း ၁/၄
မိုင်ခန့် ဆောင်ရွက် ပြီးစီးနေပြီဖြစ်ပြီး လုပ်ငန်းအမြန်ပြီးစီးရေး အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
ကျွန်တော်တို့ မွန်လွှမှပြန်တော့ ညနေစောင်း
နေပြီဖြစ်သဖြင့် ဖလမ်းသို့ တောက်လျှောက်ပြန်ခဲ့ကြသည်။ ဖလမ်းဆောင်းအကြို ညအေးအေး လေးက
ကျွန်တော်တို့အား ဆီးကြိုနေသည်။
နံနက်တွင် ကျေးလက်လမ်းဦးစီးဌာနက ဖလမ်းမှ
အိန္ဒိယနယ်စပ် ရိဒ်ခေါဒါရ်ကျေးလက်လမ်း၊ မွန်လွှ-ဘွမ်နဲလ် ရှုခင်းသာလမ်းအကြောင်းနှင့်
ဖလမ်း ခရိုင်မှ ပြုစုထားသော လုပ်ငန်းဆောင်ရွက်မှု တင်ပြ ချက်များစာအုပ်များကိုယူ၍ ဟားခါးသို့
ထွက်ခဲ့ကြသည်။ ဖလမ်း-ဟားခါးလမ်းသည် ကလေး-ဖလမ်း လမ်းကဲ့သို့မဆိုးသော နှစ်လမ်းသွား ကတ္တရာလမ်း
ဖြစ်သည်။ အကွေ့နေရာများ၌ ကားသုံးစီးမျှ ရှောင်ရအောင် တောင်များဖွဲ့၍ ချဲ့ထားသည်။ ချင်းပြည်
နယ်သည် မြန်မာပြည်အစွန်အဖျားဒေသမှ ပြည်နယ်တစ်ခုဖြစ်သည့်အပြင် ၂၀၁၅ ခုနှစ်က သဘာဝဘေးဒဏ်ခံခဲ့ရပြီး
တောင်ပြိုမြေပြိုဖြစ်ခဲ့ သဖြင့် တောင်ပေါ်ကားလမ်းများ အများအပြား ပျက်စီးခဲ့ရသည်။ တောင်ပြိုကျရာမှ
ကားလမ်းပေါ် ကျနေသည့် မြေများကြောင့် ကားလမ်းဆက်သွယ်မှု မပြတ်တောက်ရအောင် လမ်းပိတ်မြေများ
ဖယ်ရှား ခြင်း၊ လမ်းချဲ့ခြင်းတို့ကိုသာ ဦးစားပေးပြုလုပ်ခဲ့ရပြီး ကတ္တရာ အသစ်ခင်းခြင်းကို
ဘဏ္ဍာငွေအခြေအနေ အရ မဆောင်ရွက်နိုင်ခဲ့သောကြောင့် မြေသား လမ်းဖြစ် သွားသောအပိုင်းများက
များသွားပြီး ချိုင့်ခွက်ပေါသောလမ်းများ ဖြစ်သွားရသည်ဟု ဆိုသည်။ ရေလမ်းမရှိ၊ လေကြောင်းလမ်းကလည်း
မပြီးသေးသော ချင်းပြည်နယ်သည် ကားလမ်း ကိုသာ အားကိုးနေရသော ပြည်နယ်တစ်ခုဖြစ်သည်။ ထို့ကြောင့်
ကလေး-ဖလမ်းသွား အဓိကကားလမ်း များ ကောင်းကောင်းမွန်မွန်ရှိပါစေဟု ကျွန်တော် ဆုတောင်းနေမိပါသည်။
။
No comments