အပူပိုင်းဂေဟစနစ်၏ နောက်ဆုံးခံစစ်စည်း သို့မဟုတ် မြန်မာ့ပထမဆုံး အမျိုးသားဘူမိဥယျာဉ်ဖြစ်လာမည့် ပုပ္ပားတောင်ဒေသ
သီဟစည်သူ
မြန်မာနိုင်ငံတွင် ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ်
သတ်မှတ်နိုင်သည့် နေရာကောင်းများစွာ ရှိသည့်အနက် ထူးခြားသော ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ်ရှေးဟောင်း
သံချက်ဖိုများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်နှစ်ထပ် ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းများ
တွေ့ရှိရသည့် ပုပ္ပားတောင်ဒေသကို မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဘူမိဥယျာဉ်အဖြစ်
ဘူမိနယ်မြေ ၁၄ ခုဖြင့် ကနဦးသတ်မှတ် တည်ထောင်သွားမည်ဖြစ်ကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ
သိရသည်။
အပူပိုင်းဒေသ၏ ဂေဟစနစ်ကို
ထိန်းသိမ်းရန်၊ ကြက်မောက်တောင်ဆည် ရေရှည်တည်တံ့ အသုံးပြုနိုင်ရန်၊ ပရဆေးနှင့် သစ်ခွမျိုးစိတ်များ
ရေရှည်တည်တံ့စေရန်၊ ရိုးရာဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊
သဘာဝစိမ့်စမ်း ရေထွက်များကို ထိန်းသိမ်းရန်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရန်
ရည်ရွယ် ချက်များဖြင့် ၁၉၀၂ ခုနှစ်တွင် သစ်တော ကြိုးဝိုင်း ဧရိယာ ၂၉၅၆ ဧကကို ပုပ္ပားသစ်တောကြိုးဝိုင်း
အဖြစ် လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ပုပ္ပားတောင် သစ်တောကြိုးဝိုင်းနှင့်အတူ ကြက်မောက်တောင်
သစ်တောကြိုးဝိုင်းတို့ကို စုစည်း၍ ပုပ္ပါးတောင် ဘေးမဲ့တောဥယျာဉ်အဖြစ်လည်းကောင်း ဖွဲ့စည်းသတ်မှတ်ခဲ့သည်။
ယင်းနောက် သစ်ကြိုးဝိုင်း ဧရိယာ ၃၁၇၆၃ ဧကနှင့် ကြိုးပြင်ကာကွယ်တော ၁၁၅၇၆ ဒသမ ၉၈ ဧက
အပါအဝင် စုစုပေါင်းဧရိယာ ၄၃၃၃၉ ဒသမ ၉၈ ဧကကျယ်ဝန်းသည့် သဘာဝထိန်းသိမ်းရေဘေးမဲ့တောဥယျာဉ်အဖြစ်
အများပြည်သူလေ့လာ နိုင်ရန် ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထူးခြားသည့် ဘူမိသွင်ပြင်များ
ပုပ္ပားတောင်သည် လွန်ခဲ့သည့်
ဘီစီ ၄၄၂ ခန့်က ပေါက်ကွဲခဲ့သည့် မီးတောင်ဟောင်း တစ်ခုဖြစ်ပြီး တောင်ကြော၊ လျှိုမြောင်၊
ချိုင့်ဝှမ်းပေါများကာ မြန်မာနိုင်ငံ၏တစ်ခုတည်းသော မီးတောင်သေတစ်ခုလည်း ဖြစ်သည်။ ပုပ္ပားတောင်ဝန်းကျင်
တစ်ဝိုက်သည် ထူးခြားသည့် ဘူမိသွင်ပြင်များ တည်ရှိခြင်းကြောင့် ဘူမိဗေဒဆိုင်ရာ လေ့လာမှုများကို
ပြုလုပ်နိုင်သည်။ ပုပ္ပားတောင်၏ မီးတောင်ချိုင့်ဝှမ်းအနက်မှာ
၁၉၆၈ ပေ ရှိပြီး တောင်မကြီး၏ အောက်ခြေအကျယ်အဝန်းမှာ ၂၅ စတုရန်းမိုင် ကျယ်ဝန်းသည်။
အဆိုပါ ပုပ္ပားတောင်ဥယျာဉ်ကို
အပူပိုင်းဒေသ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည့်အပြင်
သဘာဝအခြေခံခရီး သွားလုပ်ငန်းကိုလည်း အကောင်အထည်ဖော်လျက်ရှိရာ ပုပ္ပားတောင်မကြီးကို
ပတ်၍ဖောက်လုပ်ထား သော ၁၉ မိုင်၊ နှစ်ဖာလုံအရှည်ရှိသည့် တောင်ပတ်လမ်းတစ်လျှောက် တောတွင်းအပန်းဖြေ လမ်းလျှောက်ရင်းဖြင့်
တောတောင်၊ ရေမြေ၊ သဘာဝရှုခင်း အလှအပများကို ခံစားနိုင်သည်။ ထို့အတူ ပုပ္ပားတောင်၏ အမြင့်ဆုံးတောင်ထွတ်ဖြစ်သော
အမြင့်ပေ ၄၉၈၁ ပေရှိ မှန်ပြတောင်၊ အမြင့် ပေ ၄၈၀၁ ရှိ စပါးပုံတောင် နှင့် အမြင့်ပေ
၄၅၀၁ ပေရှိ ဆေးမွန်တောင်တို့အား တောင်တက်ခရီးသွားရောက်ခြင်းနှင့် တောတွင်း စခန်းချအပန်းဖြေခြင်းများလည်း
ပြုလုပ်နိုင်မည် ဖြစ်သည်။
သစ်တောအမျိုးအစားများ
တောအမျိုးအစား ခြောက်မျိုးရှိပြီး
တောင်မကြီး ပတ်လည်အောက်ခြေပိုင်းတွင် အထက်ရွက်ပြတ် ရောနှောတောခြောက်၊ အင်တိုင်းတော၊
တောခြောက်တို့ကို တွေ့ရှိနိုင်ပြီး မီးတောင်ချိုင့်ဝှမ်းအတွင်း တောင်ပေါ် အမြဲစိမ်းတောကို
တွေ့ရှိနိုင်သည်။ အမြင့် ပေ ၄၀၀၀ အထက်ပိုင်းတွင် မြက်ခင်းတောများနှင့် ထင်းရှူးစိုက်ခင်းတို့ကို
လေ့လာနိုင်သည်။
ပုပ္ပားတောင် သဘာဝထိန်းသိမ်းရေးနယ်မြေတွင်
သဘာဝပေါက်ပင်များဖြစ်ကြသည့် ကျွန်း၊ ပျဉ်း ကတိုး၊ သစ်ယာ၊ အင်ကြင်းစသည့် သစ်ပင်မျိုးစိတ်
၃၀၀ ခန့်၊ သစ်ခွ ၈၆ မျိုး၊ ဝါးမျိုး ၁၀ မျိုးနှင့် ရာသီ အလိုက်ဖူးပွင့်သည့် တောပန်းမျိုးစုံကိုလည်း
လေ့လာနိုင်သည်။
အဖိုးတန်ပရဆေးပင်များ
ပုပ္ပားတောင်ဒေသသည် အဖိုးတန်ဆေးဖက်ဝင်
အပင်များ ပေါများစွာပေါက်ရောက်သည့် နေရာတစ်ခုဖြစ်သည့်အတွက် ဆေးဖက်ဝင်အပင်မျိုးများကို
လေ့လာလိုသူများအနေဖြင့် ပရဆေးပျိုးဥယျာဉ်၊ ပရဆေးစာကြည့်တိုက်နှင့် ပုပ္ပားတောင်ဝန်းကျင်ရှိ
သဘာဝအတိုင်း ပေါက်ရောက်နေသည့် ဆေးဖက်ဝင် အပင်မျိုးစိတ်ပေါင်း ၃၆၃ မျိုးကိုလည်း လေ့လာနိုင်သည်။
တောရိုင်းတိရစ္ဆာန်များ
ထို့အတူ ဘေးမဲ့တောအတွင်းရှိ
သမင်၊ ဂျီ၊ တောဝက်၊ ခွေးအ၊ မျောက်မျက်ကွင်းဖြူ၊ မျောက်ညို၊ မျောက်စပ်၊ တောကြောင်၊ ယုန်၊
လင်းနို့၊ သစ်စွေ့နှင့် ရှဉ့်မျိုးများ စသည့်နို့တိုက်သတ္တဝါ ၁၀ မျိုးခန့်၊ မြန်မာ့ဒေသမျိုးရင်း
ငှက်မျိုးစိတ်များဖြစ်သော စွေ့၊ နဖားကြူးမြီးဝိုင်း၊ မြန်မာဘီလုံး စသည့်ငှက်မျိုးစိတ်
သုံးမျိုးအပါအဝင် စွန်၊ သိမ်းကျား၊ ချိုးသိမ်း၊ ချိုးစိမ်း၊ ချိုးပိန်တူး၊ တောင်ပီစူး၊
ငှက်တော် စသည့်ငှက်မျိုး စိတ် ၁၈၅မျိုး၊ တွားသွားသတ္တဝါမျိုးစိတ် ၃၀ နှင့် လိပ်ပြာမျိုးစိတ်
၁၁၂ မျိုးတို့ကိုလေ့လာနိုင်သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ
ပုပ္ပားတောင်ဥယျာဉ်နှင့် အလောင်းတော် ကဿပအမျိုးသားဥယျာဉ် ဒေသတို့၌သာ တွေ့ရှိရသည့် ကမ္ဘာ့ရှားပါးမျိုးစိတ်
ပုပ္ပား မျောက်မြီးရှည်များကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။
ဂေဟစနစ်ဝန်ဆောင်မှုများ
ပုပ္ပားတောင်၏ သစ်တောများကို
ထိန်းသိမ်းထားမှုကြောင့် ထွက်ရှိသောရေထွက်ပေါင်း ၁၁၃ ခု ရှိခဲ့ပြီး တစ်နှစ်ပတ်လုံး
ထွက်ရှိသော ရေထွက်များမှာ ၃၆ ခုရှိသည်။ အဆိုပါ ရေထွက်များမှ နေ့စဉ်ထွက်ရှိလာသည့် ရေဂါလန်
၁၂ သိန်းခန့်ကို ကျောက်ပန်းတောင်း မြို့တစ်မြို့လုံးသို့ ရေပေးဝေလျက်ရှိရာ ဂေဟစနစ်များမှ
ရရှိလာသည့် အကျိုးကျေးဇူးကို ဒေသခံများ တိုက်ရိုက်ခံစားနေရခြင်းပင်ဖြစ်သည်။ ထို့ပြင်
ပုပ္ပားတောင်မှ ထွက်ရှိသည့် ရေထွက်များမှ စီးဝင်နေသည့် ချောင်းမကြီးချောင်း၊ ကျောက်ပုံ
ချောင်းနှင့် တောင်ဇင်းချောင်းများကို ပိတ်၍ ကြက်မောက်တောင်ဆည်ကို တည်ထောင်ထားခြင်းလည်း
ဖြစ်သည်။ အဆိုပါ ကြက်မောက်တောင်ဆည်၏ ရေပြည့်ရေလှောင် ပမာဏမှာ ဧက ၇၃၁၀၀ ရှိကာ အနီးပတ်ဝန်းကျင်ရှိ
ဆည်ရေသောက်ဧရိယာ ဧက သုံးသောင်းခန့်နှင့် သီးနှံစိုက် ဧက ၅၀၀၀၀ နီးပါးကို စိုက်ပျိုးရေပေးဝေလျက်ရှိသည်။
ထို့အတူ ပုပ္ပားတောင်ဥယျာဉ်
ပတ်ဝန်းကျင်ရှိ ကျေးရွာများ ဒေသခံများအနေဖြင့် ငှက်ပျောသီးကြော်၊ ကတွတ်ယို စသည့်တန်ဖိုးမြှင့်ထုတ်ကုန်များ၊
စကားဝါပန်းများ၊ ပရဆေးမြစ်စုံများ၊ ဒေသထွက်သီးနှံများကို လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်
ခရီးသွားများနှင့် မြန်မာပြည်အနှံ့အပြားမှ လာရောက်ကြသော ဘုရားဖူးဧည့်သည်များသို့ ရောင်းချခြင်းဖြင့်
အသက်မွေးဝမ်းကျောင်း အထောက်အကူနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလျက်ရှိသည်။
ထို့ကြောင့် ဒေသခံများအတွက် ဂေဟစနစ် ဝန်ဆောင်မှုများကို
ထောက်ပံ့ပေးရုံသာမက အပူပိုင်းဒေသ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ၏ မှီခိုရာ မြန်မာနိုင်ငံ၏
“အပူပိုင်းဒေသ ဂေဟစနစ်၏ နောက်ဆုံးခံစစ်စည်း” ဖြစ်သည့် “ပုပ္ပားတောင်ဒေသ” ကို မြန်မာ့ပထမဆုံး
အမျိုးသားဘူမိဥယျာဉ်ကြီး အဖြစ်မှ တစ်ဆင့် ယူနက်စကိုစာရင်းဝင် ကမ္ဘာ့ဘူမိ ဥယျာဉ်အဖြစ်သို့
သတ်မှတ်ခံရရေးအဖွဲ့အစည်း အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြ ရမည်ဖြစ်ပေသည်။
ကိုးကား -
(၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန
သစ်တောဦးစီးဌာန
(၂) သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်း
ရေးဌာန ပုပ္ပားတောင်ဥယျာဉ်



No comments