ဒေးဒရဲမြို့နယ် ကျေးရွာသုံးရွာ၌ ဆိုလာစွမ်းအင်ရေတင်စနစ်ဖြင့် ဆောင်းသီးနှံ ၄၄ ဧက စိုက်ပျိုးမည်

 



ဒေးဒရဲ   ဇန်နဝါရီ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကင်ပွန်းကုန်းကျေးရွာ၊ ကျုံးဒူးမြောက်ကျေးရွာနှင့် တော်လှကျေးရွာသုံးရွာ၌ ကျေးလက်နေပြည်သူများ၏ ဆောင်းသီးနှံ ၄၄ ဧကစိုက်ပျိုးနိုင်ရေး ဆိုလာစွမ်းအင်ရေတင်စနစ်ဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနက သိရသည်။


အဆိုပါ ဆိုလာစွမ်းအင်သုံးရေတင်စနစ်စီမံကိန်းကို ယခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၀၅ ဒသမ ၈၃၃၇ ကျပ်သန်းဖြင့် ဆိုလာ ၅၅၀ ဝပ် ၁၄ ချပ်နှင့် ဆက်စပ်လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်နာရီလျှင် ရေဂါလံ ၄၀၀၀ ခန့်ထွက်ရှိကြောင်း၊ အဆိုပါစိုက်ပျိုးရေးရရှိရေးဆိုလာစွမ်းအင်စီမံကိန်းဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့် ကင်ပွန်းကုန်းကျေးရွာ၌ စိုက်ပျိုး ၉ ဧက၊ ကျုံးဒူးမြောက်ကျေးရွာ၌ စိုက်ပျိုး ၁၀ ဧကနှင့် တော်လှကျေးရွာ၌ စိုက်ပျိုး ၂၅ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေးဒရဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာမြင့်က ပြောပြ၍ သိရသည်။


ဆိုလာစွမ်းအင်သုံးရေတင်စနစ် စီမံကိန်းဖြင့် စိုက်ပျိုးရေပေးဝေခြင်းသည် မီတာခကုန်ကျစရိတ်သက်သာခြင်း၊ လူမှုပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းစေခြင်းနှင့် ကုန်ကျစရိတ်သက်သာစွာဖြင့် ရေသွင်းစိုက်ပျိုးနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကြောင့် စိုက်ပျိုးတောင်သူများအတွက် ဆိုလာစွမ်းအင်သုံးရေတင်စီမံကိန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


ဆိုလာစွမ်းအင်ရေတင်စနစ်ဖြင့် စိုက်ပျိုးဧကများ ရေပေးဝေနိုင်မှုကြောင့် ကျေးရွာသုံးရွာရှိ တောင်သူ ၃၅ ဦး၏ စိုက်ပျိုး ၄၄ ဧကတွင် နေကြာအပါအဝင် ဆီထွက်သီးနှံများကို ရာသီမရွေးစိုက်ပျိုးနိုင်ခြင်း၊ အထွက်နှုန်းကောင်းမွန်ပြီး မိသားစုဝင်ငွေတိုးပွားခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိပါသည်။


စိုးမိုးကျော်




No comments

Powered by Blogger.