နိုင်ငံ၏ ပကတိအခြေအနေနှင့် အကြမ်းဖက်အဖျက်ဆန့်ကျင်ရေး
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ မဲမသမာမှုများမှသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်
ရယူရန် ကြိုးပမ်းခဲ့မှုများ ဖြစ်ပေါ်ခဲ့ကာ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာခဲ့ရပြီးနောက်
နှစ်နှစ်တင်းတင်း ပြည့်သည့်ကာလသို့ ရောက်သည်အထိ မိမိတို့နိုင်ငံ၏အခြေအနေမှာ ပုံမှန်အနေအထားသို့
ပြန်လည်မရောက်ရှိသေးသည်မှာ လူတိုင်းသိရှိသော အကြောင်းအရာတစ်ရပ်ပင်ဖြစ်သည်။ အထူးသဖြင့်
နိုင်ငံတော်ကို အလုံးစုံပျက်သုဉ်းစေလိုသည့် အကြမ်းဖက်အုပ်စုများနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသည့်
အနောက်အုပ်စု နိုင်ငံအချို့တို့ကြောင့် ပြည်တွင်း၌ အကြမ်းဖက်သတ်ဖြတ်မှုများနှင့် အဖျက်လုပ်ငန်းများ
ဖြစ်ပေါ်နေဆဲ တစ်နည်းအားဖြင့် သာမန်မဟုတ်သော အခြေအနေတွင် ရှိနေဆဲဖြစ်သည်။
ပြည်သူ့တော်လှန်ရေးအမည်ခံ အကြမ်းဖက်လုပ်ကြံ သတ်ဖြတ်မှုများကြောင့်
အပြစ်မဲ့ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ဝန်ထမ်းအငြိမ်းစား သက်ကြီးရွယ်အိုများ၊
ရဟန်းသံဃာများ၊ သီလရှင်များအပါအဝင် သေကျေမှုအရေအတွက် ကိန်းဂဏန်းများမှာ တိုးလာနေသည်။
ထို့အပြင် ရုံးဌာနအဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ဒေသအနှံ့အပြားတွင်
ကျူးလွန်လျက်ရှိပြီး လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေး တာဝါတိုင်များ၊ ရထားလမ်း၊
ကားလမ်းနှင့် တံတားများစွာတို့မှာလည်း အကြမ်းဖက် သောင်းကျန်းသူတို့လက်ချက်ဖြင့် ဖျက်ဆီးခံနေကြရသည်။
ဒေသအချို့တွင် ဝန်ထမ်းများနှင့် အေးချမ်းစွာနေလိုသော ပြည်သူတို့မှာ အသက်အန္တရာယ် ခြိမ်းခြောက်မှုနှင့်
ဖိအားပေး အကျပ်ကိုင်မှုများအောက်သို့ ရောက်ရှိနေကြရပြီး မြို့ကြီးများဆီသို့ တိမ်းရှောင်နေထိုင်နေကြရသူ များစွာရှိကြောင်း
စသည်တို့ကိုလည်း ကြားသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရာတွင် ရှေ့လုပ်ငန်းစဉ်
(၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တို့ကို အတိအလင်း ချမှတ်ဆောင်ရွက်လျက်ရှိရာ အရေးပေါ်ကာလဆိုင်ရာ
ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး
တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား
ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော
ရှေ့လုပ်ငန်းစဉ်နှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိသည်။
အကြမ်းဖက်အုပ်စုများဖြစ်ကြသည့် CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ
အကြမ်းဖက်သမားများက နိုင်ငံတော်အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနည်းလမ်းများဖြင့်
ရယူနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်ကို မီးကုန်ယမ်းကုန် ဖျက်ဆီးတိုက်ခိုက်မှုများ၊ အကြမ်းဖက်
လုပ်ကြံသတ်ဖြတ်မှုများ တိုးမြှင့်ပြုလုပ်မည့် အကြံအစည်ဖြင့် ကြိုးပမ်းပြုလုပ်လာလျက်ရှိသည်။
လက်နက်ကိုင်ပဋိပက္ခများ၏ ဒဏ်ရာဒဏ်ချက်အကျိုးဆက်များကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရသည့်
မိမိတို့နိုင်ငံနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအနေဖြင့် နိုင်ငံကို အလုံးစုံပျက်သုဉ်းရေး
လမ်းကြောင်းဆီသို့ အဆင်အခြင်မဲ့ တွန်းပို့နေသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေးနိုင်ငံအချို့၏
လုပ်ရပ်များကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသည့်
စိတ်ဓာတ်ဖြင့် ဆန့်ကျင်ရှုတ်ချကြရပါမည့် အကြောင်း။
ကြေးမုံ
No comments