ရာသီမရွေး စိုက်ပျိုးရေရရှိရေး ဆင်တပ်လျှပ်စစ်မြစ်ရေတင်အား ဆိုလာစနစ်တွဲဖက်တပ်ဆင်ပေး






ဒေါက်တာတင်မာမာဦး


စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသတွင်တည်ရှိပြီး ရှမ်းပြည်နယ်ပြီးလျှင် ဒုတိယအကြီးဆုံးသော တိုင်းဒေသကြီး တစ်ခုဖြစ်ကာ မြန်မာနိုင်ငံ၏ ဒုတိယစပါးကျီဟုလည်း တင်စားရမည်ဖြစ်သည်။


အသားတင်စိုက်ပျိုးမြေ ၄၅ ဒသမ ၆ သိန်းကျော်ရ


စစ်ကိုင်းတိုင်းဒေသကြီး၏ အဓိကစိုက်ပျိုး သီးနှံများအနေဖြင့် စပါးသီးနှံအပါအဝင် ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံနှင့် ဥယျာဉ်ခြံသီးနှံများ စုံလင်စွာစိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး တိုင်းဒေသကြီး၏ လယ်ယာစိုက်ပျိုးရေး ကဏ္ဍအနေဖြင့် စုစုပေါင်းမြေဧရိယာဧက ၂၃၁ သိန်း ကျော်ရှိသည့်အနက် အသားတင်စိုက်ပျိုးမြေ ၄၅ ဒသမ ၆ သိန်းကျော်ရှိပြီး သီးထပ်၊ သီးညှပ်ဧက သိန်း ၉၀ ခန့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍသည် တိုင်းဒေသကြီး၏ အဓိကအားထားရာကဏ္ဍတစ်ခုဖြစ်သည်။ 


စစ်ကိုင်းတိုင်းဒေသကြီးတွင် ပုံမှန်မိုးရွာသွန်းမှု ရှိပါက တည်ဆောက်ထိန်းသိမ်းထားသော ဆည်များ၊ ဒေသန္တရဆည်များ၊ မြစ်ရေတင်နှင့် မြေအောက် ရေလုပ်ငန်းများအရ  အကျိုးသက်ရောက်သည့် ဧရိယာများနှင့် မိုးကောင်းသောက်ဧရိယာများတွင် စပါး ၂ ဒသမ ၁ သန်း၊ ပဲမျိုးစုံ ၂ ဒသမ ၅သန်း၊ ဆီထွက်သီးနှံ ၂ ဒသမ ၄ သန်း၊ အစေ့ထုတ်ပြောင်း သီးနှံတွင် ၁ ဒသမ ၉ သိန်း၊ ကြံ သုံးသိန်းနှင့် အခြား စက်မှုကုန်ကြမ်းသီးနှံများ၊ နှစ်ရှည်သီးနှံများဖြင့် စုစုပေါင်းစိုက်ပျိုးဧရိယာ ကိုးသန်းခန့်ဖြင့် သီးနှံစုံလင်စွာစိုက်ပျိုးသော တိုင်းဒေသကြီးတစ်ခုဖြစ်သည်။


ထိုသို့ သီးနှံစုံစိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သည့် စိုက်ပျိုးရေအား အဓိကအားဖြင့် မိုးရေနှင့် ဆည်ရေကိုသာ အဓိကထားစိုက်ပျိုးကြသည့်အပြင် ယခုလက်ရှိအချိန်တွင် လျှပ်စစ်၊ လောင်စာဆီနှင့် သဘာဝနေရောင်ခြည်ဖြစ်သည့် ဆိုလာစွမ်းအင်သုံး ရေတင်စနစ်များအား အသုံးပြု၍ စိုက်ပျိုးရေရရှိရေး ဆောင်ရွက်လျက်ရှိသည်။

 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂ /၂၀၂၁) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  “မြစ်ချောင်းများအနီး စိုက်ပျိုးရေးလုပ်ငန်းများတွင် ရာသီမရွေး စိုက်ပျိုးရေလုံလောက်စွာရရှိရေးအတွက် မြစ်ရေတင် စီမံကိန်းများအား ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုကြောင်း၊  ထိုသို့ ဆောင်ရွက်ရာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင် စီမံကိန်းများဆောင်ရွက်နိုင်မည်ဆိုပါက စိုက်ပျိုးရေများ လုံလောက်စွာရရှိပြီး  အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း” လမ်းညွှန်ချက်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေဖူလုံစွာသုံးစွဲနိုင်ရေးနှင့် သဘာဝအရင်းအမြစ်များကို စရိတ်သက်သာစွာ ရေရှည်အသုံးပြုနိုင်ရေးအတွက် လက်ရှိအသုံးပြု လျက်ရှိနေသည့် လျှပ်စစ်မြစ်ရေတင် စီမံကိန်းများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့်   ပြောင်းလဲအသုံးပြုနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။


ဆင်တပ်လျှပ်စစ်မြစ်ရေတင်ဖွင့်ပွဲ


ထိုသို့ စီမံဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)က စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် ဆင်တပ်လျှပ်စစ်မြစ်ရေတင် အဆင့် (၂) ရှိ ၁၆၀ ကီလိုဝပ်မော်တာနှစ်စုံအား ဆိုလာစနစ်တွဲဖက် တပ်ဆင်ခြင်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တာဝန်ရှိ သူများတက်ရောက်ကြသည်။ 


စိုက်ပျိုးရေပေးဝေရာတွင် ဆိုလာစနစ် တွဲဖက် တပ်ဆင်အသုံးပြုခြင်းအားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်၍ အရင်းအမြစ်ကုန်ခန်းနိုင်မှုမရှိခြင်း၊ လေထုညစ်ညမ်းမှု မရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းကို အထောက်အကူပြုခြင်း၊ လျှပ်စစ် ဓာတ်အားခကုန်ကျစရိတ်သက်သာပြီး ရေတင်မှ သုံးစွဲမည့်လျှပ်စစ်ဓာတ်အားကို အခြားလိုအပ်မည့် နေရာများသို့ ဖြန့်ဝေပေးနိုင်ခြင်း၊ ဒီဇယ်အင်ဂျင်သုံး ရေတင်သောလုပ်ငန်းများတွင် အစားထိုးတပ်ဆင် အသုံးပြုနိုင်ခြင်းကြောင့် ဒီဇယ်ဆီသုံးစွဲမှုလျှော့ချ နိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား ရရှိနိုင်မှုမရှိသောဒေသများတွင် အလွယ်တကူတပ်ဆင်အသုံးပြုနိုင်ခြင်းကြောင့် ရေသွင်းစိုက်ပျိုးလာနိုင်ခြင်း၊ တစ်နိုင် တစ်ပိုင် ဆိုလာရေတင်စနစ်များတွင် တစ်နေရာမှ တစ်နေရာသို့ရွှေ့ပြောင်း၍ အသုံးပြုနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သည်။ 


စိုက်ပျိုးမြေဧက ၄၂၀၀ အားစိုက်ပျိုးရေပေးဝေနိုင်


ဆင်တပ်လျှပ်စစ် မြစ်ရေတင်လုပ်ငန်းသည် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် စစ်ကိုင်း မြို့နယ် ဆင်တပ်ကျေးရွာအနီး ဧရာဝတီမြစ်၏ မြောက်ဘက်ခြမ်းတွင်တည်ရှိပြီး ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေလျက်ရှိသော လျှပ်စစ်မြစ်ရေတင်လုပ်ငန်းတစ်ခုဖြစ်ပြီး ဧရာဝတီမြစ်ရေကို ရေစုပ်စက်ကြီးများဖြင့် စုပ်တင်၍ မြောင်းမကြီးမှတစ်ဆင့် ရေတင်အဆင့် လေးဆင့်ဖြင့် ပင်မမြောင်း ၇ ဒသမ ၅၅ မိုင်၊ လက်တံ/ လက်တံခွဲမြောင်း ၆၃ ဒသမ ၃၅ မိုင်မှ စိုက်ပျိုးမြေဧက ၄၂၀၀ အား မိုး၊ ဆောင်း၊ နွေ သုံးသီး စိုက်ပျိုးရေပေးဝေနိုင်စေရန်  တည်ဆောက်ထားသည့် လျှပ်စစ်မြစ်ရေတင်တစ်ခုဖြစ်သည်။ 


ဆင်တပ်လျှပ်စစ်  မြစ်ရေတင်လုပ်ငန်းတွင် ရေတင်အဆင့် လေးဆင့်ပါဝင်ပြီး ရေတင်အဆင့်အလိုက် တပ်ဆင်ထားသော ရေစုပ်စက်၊ လျှပ်စစ်မော်တာနှင့် တပ်ဆင်ထားရှိသည့် အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။ 


စစ်ကိုင်းခရိုင် စစ်ကိုင်းမြို့နယ် ဆင်တပ် လျှပ်စစ်မြစ်ရေတင် အဆင့် (၂) ရှိ ၁၆၀ ကီလိုဝပ် မော်တာနှစ်စုံအား ဆိုလာစနစ်တွဲဖက်တပ်ဆင် လုပ်ငန်းဆောင်ရွက်ပေးနိုင်ခြင်းအားဖြင့် စိုက်ပျိုးမြေဧက ၄၀၀ အား လျှပ်စစ်မီးမလိုဘဲ ဆိုလာစနစ်ဖြင့်  စိုက်ပျိုးရေဖူလုံစွာပေးဝေနိုင်မည် ဖြစ်သည်။


အကောင်အထည်ဖော်ဆောင်ရွက်


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ  လျှပ်စစ်မြစ်ရေတင် လုပ်ငန်းများအား  ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအထွေထွေ ပိုလျှံရန်ပုံငွေဖြင့် မြင်းမူမြို့နယ် ပျော့ရွာရေတင် အဆင့်(၂) ရှိ ၂၀ ကျူးဆက်ပန့် + ၁၃၂ ကီလိုဝပ် မော်တာသုံးစုံ၊ ပျော့ရွာရေတင်အဆင့် (၃) ရှိ ၁၅ ကျူးဆက်ပန့် + ၉၀ ကီလိုဝပ်မော်တာနှစ်စုံနှင့် ကန့်ဘလူမြို့နယ် ကတ-၉၂ ရေတင်ရှိ ၇ ဒသမ၇ ကျူးဆက်ပန့် + ၃၀ ကီလိုဝပ် မော်တာနှစ်စုံတို့အတွက် ဆိုလာပါဝါ ၀ ဒသမ ၉၅၄ မီဂါဝပ် တပ်ဆင်ပေးနိုင်ခဲ့ပြီး ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) တိုင်းဒေသကြီး   အထွေထွေပိုလျှံရန်ပုံငွေဖြင့် စစ်ကိုင်းမြို့နယ် တပ်ရွာရေတင်ရှိ ၃၀ ကျူးဆက်ပန့် + ၄၅၀ ကီလိုဝပ်မော်တာတစ်စုံ၊ ဆင်တပ်ရေတင် အဆင့်(၂) ရှိ ၂၀ ကျူးဆက်ပန့် + ၁၆၀ ကီလိုဝပ် မော်တာနှစ်စုံနှင့် မြင်းမူမြို့နယ် ပျော့ရွာရေတင် အဆင့် (၁) ရှိ ၃၀ ကျူးဆက်ပန့် + ၂၅၀ ကီလိုဝပ် မော်တာနှစ်စုံတို့အတွက် ဆိုလာပါဝါ ၁ ဒသမ ၆၅၁ မီဂါဝပ်တပ်ဆင်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအထွေထွေပိုလျှံရန်ပုံငွေဖြင့် မုံရွာခရိုင် မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တို့ရှိ စိုက်ပျိုးရေစက်ရေတွင်း ၂၀ အတွက် ဆိုလာပါဝါ ၀ ဒသမ ၆၄ မီဂါဝပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စုစုပေါင်းတပ်ဆင်ဆဲ ဆိုလာ ပါဝါ ၁ ဒသမ ၈၇၅ မီဂါဝပ်နှင့် ယခုဆင်တပ်မြစ်ရေတင် အပါအဝင် စုစုပေါင်းဆိုလာပါဝါ ၁ ဒသမ ၃၇ မီဂါဝပ်တပ်ဆင်ပြီးစီးပြီဖြစ်ရာ ဆင်တပ်လျှပ်စစ် မြစ်ရေလုပ်ငန်းမှကျန်ရှိသည့်   ရေတင်အဆင့် သုံးခုကိုလည်း   လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ 


တွင်း ၂၀ အား ဆိုလာစနစ် တွဲဖက်တပ်ဆင်ရန်လျာထား


၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင်လည်း တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေဖြင့် မုံရွာခရိုင် လျှပ်စစ် စက်ဝိုင်းလေးခုအတွင်းရှိ   မုံရွာမြို့နယ်မှ စက်ရေတွင်း ၁၈ တွင်းနှင့် ချောင်းဦးမြို့နယ်မှ စက်ရေတွင်း နှစ်တွင်း စုစုပေါင်းတွင်း ၂၀ အား ဆိုလာစနစ်တွဲဖက်တပ်ဆင်ရန် လျာထားဆောင်ရွက်လျက်ရှိရာ လျှပ်စစ်မီတာခ ကုန်ကျစရိတ်သက်သာစွာဖြင့် စိုက်ပျိုးသီးနှံများအား နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး  စိုက်ပျိုးရေများပေးဝေနိုင်မည်ဖြစ်ပြီး အခြေအနေပေးသည့် ကျန်မြစ်ရေတင် စီမံကိန်းများနှင့် လျှပ်စစ်စက်ဝိုင်းများအတွင်းရှိ စက်ရေတွင်းများတွင်လည်း  ဆိုလာစနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ရေးကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် ယခင်က မိုးရေကိုသာ မှီခိုအားထားစိုက်ပျိုးခဲ့ကြရသည့် တောင်သူများအနေဖြင့် ယခုအခါတွင် ဆည်များ၊ တာတမံများ၊ မြစ်ရေတင်များ၊ မြေအောက်ရေ လုပ်ငန်းများ တည်ဆောက်ပေးခြင်းကြောင့် သီးနှံ မျိုးစုံအား တစ်သီးစားမှ သုံးသီးစားပြောင်းလဲ၍  တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ကြပြီဖြစ်ရာ တိုင်းဒေသကြီး၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ခြင်းမှသည် ဒေသခံတောင်သူများအတွက် ရေရှည်အကျိုးစီးပွား  ဖန်တီးပေးနိုင်မည်ဖြစ်ကာ  လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပါကြောင်း   တင်ပြလိုက်ရသည်။

No comments

Powered by Blogger.