စိန်ခေါ်ပွဲထိုးသတ်ရန် အောင်လအန်ဆန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေ

 



ရန်ကုန် ဇန်နဝါရီ ၁၂

 

မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်သည် မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းတွင် ကျင်းပမည့် One Fight Night 6 ပြိုင်ပွဲတွင် Catchweight စိန်ခေါ် ပွဲထိုးသတ်ရန် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

 

ယှဉ်ပြိုင်ထိုးသတ်မည်

အောင်လအန်ဆန်သည် ယင်းပြိုင်ပွဲတွင် Catchweight စိန်ခေါ်ပွဲအဖြစ် ဘရာဇီးနိုင်ငံသား ဂယ်လ်ဗိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အနိုင်ရပါက မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ပြန်လည်စိန်ခေါ်နိုင်ရန် အခွင့်အရေးရလာဖွယ်ရှိနေသည်။ အောင်လအန်ဆန်သည် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။ အောင်လအန်ဆန်သည် ယခင်က တရုတ်နိုင်ငံသား ဖန်ယုံနှင့် ထိုးသတ်ရမည်ဖြစ်သော်လည်း ပြိုင်ဘက် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဂယ်လ်ဗို နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ဂယ်လ်ဗိုသည် ပြိုင်ပွဲများနှင့် နှစ်အနည်းငယ်ကြာ ဝေးကွာနေသူဖြစ်သော်လည်း အတွေ့အကြုံရှိသူ ဖြစ်သောကြောင့် အောင်လအန်ဆန်အတွက် ခက်ခဲ သည့်ပြိုင်ဘက်ဖြစ်လာနိုင်သည်။

 

One Fight Night 6 ပြိုင်ပွဲတွင် တွဲဆိုင်းကိုးပွဲ ပါဝင်မည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် ကစ်ဘောင် ဆင်ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲအဖြစ် ထိုင်းနိုင်ငံသား ဆူပါဘွန်နှင့် အဇာဘိုင်ဂျန်/ ဘီလာရုစ်နိုင်ငံသား အယ်လာ ဇော့ဗ်တို့ ယှဉ်ပြိုင်ထိုးသတ် မည်ဖြစ်သည်။

 

ယင်းပြိုင်ပွဲကို အမေရိကန်နှင့် ကနေဒါနိုင်ငံတို့မှ ပရိသတ်များအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ယင်းနိုင်ငံများတွင် ဇန်နဝါရီ ၁၃ ရက် ညပိုင်း ကြည့်ရှုနိုင်ရန် မြန်မာစံတော်ချိန် ဇန်နဝါရီ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် ထိုင်းနိုင်ငံ၌ ကျင်းပခြင်းဖြစ်သည်။

 

သတင်း - ကိုညီလေး

ဓာတ်ပုံ – ONE Championship

No comments

Powered by Blogger.