တရုတ်နိုင်ငံ၏ နယ်စပ်ဒေသများ ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်က ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြု

 



ဖနောင်ပင် ဇန်နဝါရီ ၃

 

တရုတ်နိုင်ငံ၏ နယ်စပ်ဒေသများကို ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်သည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ပြောကြားသည်။

 

တရုတ်နိုင်ငံမှ ခရီးသည်များ ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်မည်ဆိုပါက လှိုက်လှဲစွာကြိုဆို မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

တရုတ်နိုင်ငံက ၎င်း၏နယ်စပ်ဒေသများကို ဇန်နဝါရီ ၈ ရက်တွင် ပြန်လည် ဖွင့်လှစ်ရန်စီစဉ်ထားကြောင်း သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံမှ ခရီးသည်များအတွက် အကျော်ကြားဆုံး အပန်းဖြေ နေရာဖြစ်ကြောင်း တရုတ်နိုင်ငံမှ အထောက်အပံ့ဖြင့် တည်ဆောက်သည့် မဲခေါင်မြစ်ကူး တံတား အုတ်မြစ်ချပွဲတွင် ၎င်းက ပြောကြားသည်။

 

တရုတ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသများအား ပြန်လည်ဖွင့်လှစ်မည့်အချိန်တွင် လေကြောင်းခရီးစဉ်များ များပြားလာမည် ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘောဒီးယား နိုင်ငံသို့ တရုတ်ခရီးသည် နှစ်သန်းခန့် ဝင်ရောက်လာနိုင်သည်ဟု ၎င်းက ပြောကြားသည်။

 

ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကို အထောက်အကူ ပြုသည့် လုပ်ငန်းများ အနက် တစ်ခုအပါအဝင်ဖြစ်သည်။

 

ကမ္ဘောဒီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ၂၀၁၉ ခုနှစ်အတွင်းက နိုင်ငံအတွင်းသို့ တရုတ်ခရီးသည် ၂ ဒသမ ၃၆ သန်းအပါအဝင် နိုင်ငံတကာမှ ခရီးသည် ၆ ဒသမ ၆ သန်း လာရောက်ခဲ့ပြီး ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံရရှိခဲ့ကြောင်း သိရသည်။

 

ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် နေရာသုံးခုအတွက် ကျော်ကြားပြီး ၎င်းတို့မှာ ဆီရမ်ယိပြည်နယ်ရှိ အန်ကောရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၊ ပရာဗီဟီးယား ပြည်နယ်ရှိ ပရာဗီဟီးယား ဘုရားကျောင်းတော်နှင့် ကမ်ပေါင်သွန် ပြည်နယ်ရှိ Sambor Prei Kuk ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတို့ဖြစ်သည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် – စိုးသူရ

No comments

Powered by Blogger.