ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုဝန်ထမ်းဟောင်းများအသင်း နှစ်ပတ်လည် သင်းလုံးကျွတ်ညီလာခံသို့ တက်ရောက်ခြင်းနှင့် Asia World ဆိပ်ကမ်းတွင် ရောက်ရှိနေသည့် လျှပ်စစ်သုံးယာဉ်များအား ကြည့်ရှုစစ်ဆေး
နေပြည်တော် ဖေဖော်ဝါရီ ၁၈
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ စက်မှုဓမ္မာရုံ၌ ကျင်းပ ပြုလုပ်သည့် စက်မှုဝန်ထမ်းဟောင်းများအသင်း၏ နဝမအကြိမ်မြောက် နှစ်ပတ်လည် သင်းလုံးကျွတ်ညီလာခံသို့ တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက စက်မှုဝန်ထမ်းဟောင်းများ အသင်းဖြစ်ပေါ်လာပုံ သမိုင်း အကျဉ်းနှင့် လူမှုရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု တို့ကို ရှင်းလင်းတင် ပြပြီး မိတ်ဖက်အဖွဲ့အစည်းများနှင့် စက်မှုဝန်ကြီးဌာနတို့မှ စက်မှုဝန်ထမ်းဟောင်းများ အသင်းသို့ အလှူငွေများပေးအပ်၍ စက်မှုဝန်ထမ်း ဟောင်းအသင်းဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံတွင် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Essential Motor Co., Ltd မှ တင်သွင်းပြီး Asia World ဆိပ်ကမ်း၌ ရောက်ရှိနေသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် (၂၅)စီးကို အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ-၂၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများက လျှပ်စစ်သုံး ယာဉ်များအတွက် ထုတ်ပြန်ထားသည့် စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ၊ သွင်းကုန်လိုင်စင်နှင့် သွင်းကုန်ကြေညာလွှာပါ အချက်အလက်များ ကိုက်ညီမှန်ကန်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေး လျက်ရှိသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးပြီး တင်သွင်းရောက်ရှိလာသည့် ယာဉ်များအတွက် ရောင်းချပြီး အာမခံမှု၊ ပုံမှန်ပြုပြင် ထိန်းသိမ်းမှုနှင့် အပိုပစ္စည်းရရှိမှုတို့ကို ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပေးနိုင်ရေးနှင့် မူရင်းထုတ်လုပ်သည့် ကုမ္ပဏီနှင့်ချိတ်ဆက်၍ လျှပ်စစ်သုံးယာဉ်ဆိုင်ရာ နည်းပညာများ ပြည်တွင်း၌ ရရှိစေရေးဆောင်ရွက်ရန် မှာကြားသည်။
ယခုရောက်ရှိလာသည့် BYD အမှတ်တံဆိပ် လျှပ်စစ်သုံးယာဉ် (၂၅)စီးသည် ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းသို့ ဖေဖော်ဝါရီ ၁၅ ရက်တွင် ရောက်ရှိပြီး ၁၆ ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ လျှပ်စစ်သုံးယာဉ် (၂၅)စီးသည် BYD Atto 3 အမျိုးအစား (၁၅)စီး နှင့် BYD Dolphin အမျိုးအစား(၁၀)စီးဖြစ်ပြီးလူစီးယာဉ်အဖြစ် အသုံးပြုနိုင်ရေး ရည်ရွယ်၍ Essential Motor Co., Ltd. မှ တင်သွင်းလာခြင်းဖြစ်သည်။ ရန်ကုန်မြို့တွင်း City Taxi အဖြစ် ပြေးဆွဲမည့် BYD အမျိုးအစား လျှပ်စစ်သုံးယာဉ်များကိုလည်း မူရင်းကုမ္ပဏီတွင် မှာယူထားပြီး မတ်လ အတွင်း၌ ရန်ကုန်မြို့သို့ ရောက်ရှိလာမည်ဖြစ်သည်။ လျှပ်စစ်သုံး ယာဉ်များ အားသွင်းနိုင်ရန် အတွက် Essential Motor Co., Ltd. သည် ရန်ကုန်ဘူတာကြီး အနီးတွင် Level 3 အဆင့် Charger ၅ စုံ၊ Dual Gun အသုံးပြုနိုင်သည့် Charging Station တည်ဆောက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments