အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခအရှိန်မြင့်နေချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ အရှေ့အလယ်ပိုင်းခရီးစဉ်
နှင်းမိုးအိမ်
အစ္စရေးနှင့်ပါလက်စတိုင်းတို့ကြား ပဋိပက္ခအရှိန်မြင့်တက်နေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကန်သည် ၎င်း၏ အရှေ့အလယ်ပိုင်းခရီးစဉ်ကို စတင်လိုက်ပြီဖြစ်သည်။
ခရီးစဉ်စတင်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ဇန်နဝါရီ ၂၉ ရက်က အီဂျစ်နိုင်ငံသို့ရောက်ရှိခဲ့သည်။ အစ္စရေး နှင့် ပါလက်စတိုင်းတို့ကြား ပစ်ခတ်မှုများရှိနေစဉ် ပဋိပက္ခအရှိန်ကို လျှော့ချရန် မျှော်လင့်ကာ ၎င်း၏ အရှေ့အလယ်ပိုင်းခရီးစဉ်ကို စတင်လိုက်ခြင်းဖြစ် သည်။ ဘလစ်ကန်သည် ဇန်နဝါရီ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဂျေရုဆလင်နှင့် ရမ်မလာတို့သို့ ခရီး ထွက်ခဲ့သည်။ ကိုင်ရိုမြို့၌ ၎င်း၏ခရီးစဉ်ကို အဆုံး သတ်ခဲ့သည်။
ယခုလက်ရှိအချိန်တွင် အစ္စရေးနိုင်ငံ၌ လက်ယာယိမ်းအစိုးရ အာဏာရရှိထားပြီး ယင်း အစိုးရအဖွဲ့နှင့် တွေ့ဆုံထားရန် ယခင်ကတည်းက အစီအစဉ်ရှိခဲ့သည်။ သို့သော်လည်း အစ္စရေး - ပါလက်စတိုင်း ပဋိပက္ခအရှိန်ကောင်းလာသည့် အတွက် ချက်ချင်းဆိုသလို ခရီးစဉ်ဖြစ်လာခြင်း ဖြစ်သည်။
တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွား
ပါလက်စတိုင်း သေနတ်သမားတစ်ဦးသည် ဇန်နဝါရီ ၂၇ ရက်က ဂျေရုဆလင် အရှေ့ပိုင်း ဂျူးများ စုဝေးရာ ဘာသာရေးအဆောက်အအုံအပြင်ဘက် တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ခုနစ်ဦး သေဆုံးခဲ့ သည်။ ဇန်နဝါရီ ၂၈ ရက်တွင်လည်း နောက်ထပ် တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားခဲ့သည်။ ဇန်နဝါရီ ၂၆ ရက် က အနောက်ဘက်ကမ်းရှိ ဂျီနင်းဒုက္ခသည် စခန်းကို အစ္စရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ လူ ကိုးဦးသေဆုံးခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံးသော စီးနင်းမှုများထဲမှ တစ်ခုဟု ယူဆရမည်ဖြစ်သည်။ အဆိုပါ စီးနင်းမှုမှာ အစ္စလာမ် မစ်စစ်သွေးကြွများကို ရည်ရွယ်ကာ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အစ္စရေးတို့က ပြောသည်။
လက်တုံ့ပြန်ပစ်ခတ်
ထို့နောက် မကြာမီ ဟားမားစ်တို့ အုပ်ချုပ်နေ သည့် ဂါဇာကမ်းမြောင်ဒေသမှနေ၍ အစ္စရေးဘက် သို့ ဒုံးကျည်များဖြင့် လက်တုံ့ပြန် ပစ်ခတ်ခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုနှင့် ပါလက်စတိုင်း ခေါင်းဆောင်မာမွတ်အဘတ်စ်တို့နှင့် တွေ့ဆုံမည် ဖြစ်ပြီး လက်ရှိတင်းမာမှုများကို အရှိန်လျှော့ရန် ဆွေးနွေးသွားမည်ဟု သိရသည်။ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗက်ဒန်ပက်တယ် သည် ဂျူးလူမျိုးများစုဝေးရာ ဘာသာရေးနေရာတွင် ဖြစ်ပေါ်ခဲ့သည့် ကြောက်မက်ဖွယ်ပစ်ခတ်မှုကို ရှုတ်ချ ခဲ့သည်။
မဟာမိတ်အဖြစ် ရပ်တည်နေဆဲဖြစ်
အီဂျစ်သမ္မတ အဗ္ဗဒယ် ဖာတာအယ်စီစီနှင့် ဘလင်ကန်တို့ လူချင်းတွေ့ဆုံသည့်အခါတွင်လည်း အဆိုပါအကြမ်းဖက်မှုအကြောင်းကို ဆွေးနွေးသွား ဖွယ်ရှိသည်။ အီဂျစ်နိုင်ငံသည် ရှေးယခင်ကတည်းက အရှေ့အလယ်ပိုင်းဒေသတွင် ကြားဝင်စေ့စပ်ပေးသူ ဖျန်ဖြေပေးသူအဖြစ် ရပ်တည်ခဲ့သည်။
အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က အီဂျစ်သမ္မတ စီစီ၏ လူ့အခွင့်အရေးစံနှုန်းများကို ဝေဖန်မှုများ ရှိခဲ့သော်လည်း အရှေ့အလယ်ပိုင်းဒေသတွင်မူ အမေရိကန်၏ အဓိက မဟာမိတ်အဖြစ် ရပ်တည် နေဆဲဖြစ်သည်။
မေးခွန်းထုတ်
အစ္စရေးနှင့်အမြဲလိုလို နီးကပ်သည့်ဆက်ဆံရေး ရှိသည့် အမေရိကန်သည် အရှေ့အလယ်ပိုင်း သံတမန်ရေးရာကိစ္စရပ်များတွင် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လေ့ရှိသည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသည့်ပဋိပက္ခတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်းရှိ မရှိကိုမူ ကျွမ်းကျင်သူများက မေးခွန်းထုတ်ကြသည်။
ကြိုးပမ်းမှုအစိတ်အပိုင်းတစ်ခု
၂၀၂၁ခုနှစ် မေလက ဖြစ်ရပ်ကဲ့သို့ နောက်ထပ် ဖြစ်ပွားမည့်အရေး ရှောင်ရှားနိုင်ရန် လိုအပ်သည်ဟု လည်း ဝါရင့်အမေရိကန်စေ့စပ်ညှိနှိုင်းရေးသမား ဖြစ်သူ ဒေးဗစ်မိုင်လာက ပြောသည်။ ၂၀၂၁ ခုနှစ် မေလက အစ္စရေးနှင့်ဟားမားစ်တို့ ၁၁ ရက်ကြာစစ်ပွဲ ဖြစ်ပွားခဲ့ပြီး အီဂျစ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှု ဖြင့် အပစ်အခတ်ရပ်စဲခဲ့သည်။
အစ္စရေးနိုင်ငံတွင် မကြာသေးမီက ဝန်ကြီးချုပ် ဟောင်းနေတန်ယာဟုသည် ဝန်ကြီးချုပ်နေရာ ပြန်လည်ရယူနိုင်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၏ခရီးစဉ်သည် အစ္စရေးအစိုးရနှင့် ထိတွေ့ ဆက်ဆံနိုင်ရေးကြိုးပမ်းမှု အစိတ်အပိုင်းတစ်ခု လည်း ဖြစ်သည်။
ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားလို
အမေရိကန်သမ္မတဟောင်း အိုဘားမား လက်ထက်တွင် အစ္စရေးနိုင်ငံ၏သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်ဟုခေါ်ဆိုရမည့် နေတန်ယာဟုနှင့် မပြေလည်သောဆက်ဆံရေးရှိခဲ့သည်။ နေတန်ယာဟု သည် အီရန်နှင့်ဆက်ဆံရေးကို ဆန့်ကျင်သော အမေရိကန်ရီပတ်ဘလစ်ကန်များနှင့် ရင်းရင်းနှီးနှီး ရှိပြီး အီရန်နှင့် အမေရိကန် သံတမန်အရေးဆက်ဆံမှု ကို သဘောမကျခဲ့ပေ။ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့သည် နေတန်ယာဟုနှင့် ထိပ်တိုက်ရင်ဆိုင်မှုကိုရှောင်ရှားလိုသည်ဟု ဒေးဗစ်မိုင်လာက ပြောသည်။ နေတန်ယာဟုသည် ၂၀၂၀ ပြည့်နှစ်တွင် ယူအေအီး နိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးကို ပြန်လည်ထူထောင် နိုင်ခဲ့သည့် အဓိက အောင်မြင်မှုရရှိထားသူလည်း ဖြစ်သည်။
ဆွေးနွေးသွားရန် မျှော်လင့်
ဘလစ်ကန်၏ ခရီးစဉ်အတွင်း ပါလက်စတိုင်းကို အမေရိကန်က ထောက်ခံကြောင်း ထပ်လောင်း ဖော်ပြရန်ဖြစ်ပြီး အစ္စရေးအစိုးရနှင့် တိုးတက်မှု အနည်းငယ်ကိုသာ မျှော်လင့်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အီဂျစ်သို့ရောက်ရှိ စဉ်အတွင်း လစ်ဗျားနှင့် ဆူဒန်နိုင်ငံကဲ့သို့သောဒေသ တွင်းပြဿနာများကို ဆွေးနွေးသွားရန် မျှော်လင့် ထားသည်။ အီဂျစ်နိုင်ငံသည် အမေရိကန်၏စစ်ရေး ထောက်ပံ့မှုကို လက်ခံရရှိနေသည့် ထိပ်တန်းနိုင်ငံ ဖြစ်သည်။
သို့သော်လည်း စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုများမှာမူ အီဂျစ်သမ္မတ၏ လူ့အခွင့် အရေးမှတ်တမ်းများကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရအဖွဲ့၏စိစစ်မှုနှင့် တွေ့ကြုံနေရ သည်။ ။ ကိုးကား - အေအက်ဖ်ပီ
No comments