ဆီးရီးယားနှင့် တူကီယဲတောင်ပိုင်း၌ အင်အားပြင်းငလျင်များလှုပ် ၂၃၀၀ ကျော် သေဆုံးပြီး ၁၀၀၀၀ ကျော် ဒဏ်ရာရ
ဒမတ်စကတ် ဖေဖော်ဝါရီ ၇
ဖေဖော်ဝါရီ
၆ ရက် အစောပိုင်းက ပြင်းအား ၇ ဒသမ ၈ အဆင့်ရှိ ငလျင်တစ်ခု ဆီးရီးယားနှင့် တူကီယဲ သမ္မတနိုင်ငံတို့၌ လှုပ်ခတ်ခဲ့ရာ
လူပေါင်း ၂၃၀၀ ကျော် သေဆုံးပြီး ၁၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆီးရီးယားနိုင်ငံအတွင်း
အနည်းဆုံး ၈၂၀ သေဆုံးပြီး အခြား ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဆီးရီးယားကျန်းမာရေး
ဝန်ကြီးဌာန က ပြောသည်။
သို့သော်လည်း ဝန်ကြီးဌာနက
ထုတ်ပြန်သော အသေအပျောက်စာရင်းသည် သူပုန်များ ထိန်းချုပ်ထားသော အိုင်ဒလစ်ပြည်နယ်မှ သေဆုံးသူများ
မပါဝင်ကြောင်း၊ အိုင်ဒလစ်နှင့် အလက်ပို
ပြည်နယ် တို့၌ ငလျင်လှုပ်မှုကြောင့် ၁၅၀ သေဆုံးကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး
စောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောသည်။
ဆီးရီးယားအစိုးရက သက်ဆိုင်ရာ
ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ အာဏာပိုင်များနှင့်အတူ ငလျင်ကယ်ဆယ်ရေး လုပ်ငန်းများကို
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်အတွက် ၂၄ နာရီလည်ပတ်နိုင်သော ဗဟိုစင်တာတစ်ခု ထူထောင်လိုက်ကြောင်း
နိုင်ငံပိုင်သတင်းဌာနတွင် ဖော်ပြထားသည်။ အဆိုပါ ဗဟိုစင်တာကို ဆီးရီးယားဝန်ကြီးချုပ်
ဟူဆိန် အားနက်စ် က ဦးဆောင်သွားမည်ဖြစ်သည်။
ငလျင်ကြောင့် ဆီးရီးယားရှိ
သမိုင်းဝင်နေရာများ ထိခိုက်မှုရှိခဲ့ကြောင်း ရှေးဟောင်းပစ္စည်းနှင့် ပြတိုက် ညွှန်ကြားမှုဦးစီးဌာနက
ပြောသည်။ ယခုအကြိမ် လှုပ်ခတ်သောငလျင်သည် ၁၉၉၅ ခုနှစ်နောက်ပိုင်း အင်အားအပြင်းထန်ဆုံး
လှုပ်ခတ်မှုဖြစ်ကြောင်း အမျိုးသားငလျင်ဗဟိုဌာန ညွှန်ကြားရေးမှူးချုပ် ရေ့ဒ်အာမက်ဒ်က
ပြောသည်။
အဆိုပါ အင်အားအလွန်ပြင်းထန်သော
ငလျင်ဒဏ်ကို လက်ဘနွန်နိုင်ငံတစ်ဝန်း ခံစားခဲ့ရပြီး နောက်ဆက်တွဲ ငလျင်ဒဏ်ဘေးမှ ဘေးကင်းစေရန်
အလို့ငှာ လူများသည် ၎င်းတို့၏ ယာဉ်များကို မောင်းကာ အဆောက်အအုံများမှ ဝေးရာသို့ မောင်းထွက်ခဲ့ကြကြောင်း
သိရသည်။
တူကီယဲသမ္မတနိုင်ငံ တောင်ပိုင်း၌
ဖေဖော်ဝါရီ ၆ ရက် အစောပိုင်းက ဒုတိယငလျင်အဖြစ် ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိ ငလျင်လှုပ်ခဲ့သည်။
ငလျင်များလှုပ်ပြီးနောက် လက်ရှိအချိန်အထိ လူပေါင်း ၁၄၉၈ ဦး သေဆုံးပြီး အခြား ၈၅၀၀ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင်
အဆောက်အအုံပေါင်း ၂၈၁၈ ခု ထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သမ္မတ အာဒိုဂန်က ပြောသည်။
ထို့ပြင် အပျက်အစီးများအောက်မှ လူပေါင်း ၂၄၇၀ ကျော်ကို ကယ်တင် ထားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
ကယ်ဆယ်ရှာဖွေရေး အဖွဲ့များကိုလည်း ငလျင်သင့်ဒေသများသို့
စေလွှတ်ထားပြီး အမြင့်ဆုံးတပ်လှန့်မှုများ ပြုလုပ်ထားကြောင်း ပြည်ထဲရေး ဝန်ကြီး ဆူလေမန်ဆွိုင်လုက
သတင်းထောက်များကို ပြောသည်။ နိုင်ငံတကာ အကူအညီအထောက် အပံ့များပါဝင်သော အဆင့် (၄) သတိပေးမှုကို
ပြုလုပ်ထားကြောင်းလည်း ၎င်းက ဆက်ပြောသည်။
ဆင်ဟွာ

No comments