သဘာဝအလှနှင့် ဇီဝမျိုးစုံ မျိုးကွဲများ စုံလင်ရာ အာဆီယံ အမွေအနှစ် အင်းလေးကန် ရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းပေး
မောင်မော်(သတ္တဗေဒ)
(ယမန်နေ့မှအဆက်)
အင်းလေးဒေသရှိ ငှက်များ၏
အလေ့အထ
ငှက်များ၏ သဘာဝကို
လေ့လာရာတွင် စင်ရော်ငှက်များသည် ခန့်မှန်း
မွန်ဂိုလီးယားဘက်မှ အောက်တိုဘာလတွင် ဆောင်းခိုရန်အတွက် အင်းလေးဒေသသို့ စတင်ဝင်ရောက်လာပြီး
မတ်လ မိုးဦးကျချိန်တွင် ပြန်လည်ဆုတ်ခွာသွားကြောင်း
သိရသည်။ အင်းထဲသို့ ဝင်ရောက် နေထိုင်ချိန်တွင်
ခရီးသွား စက်လှေများ၏ ဘေးတွင်လိုက်ပါ၍ အစာတောင်းလေ့ ရှိကြသည်။ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ရောဂါ
ဖြစ်ပွားသည့်ကာလက ခရီးသွားဧည့်သည်များ ဝင်ရောက်မှု နည်းပါး နေချိန်တွင် စင်ရော်ငှက်များကိုတွေ့ရှိရမှု
နည်းပါးလာကြောင်း သိရသည်။ အစားကျွေးမှု နည်းပါးသဖြင့် သဘာဝမှအစာများ ရှာဖွေစားသောက်ကြကြောင်း
သိရသည်။
အင်းလေးကန်အတွင်း ယခင်က
ကြိုးကြာငှက်များကို ခန့်မှန်း ၁၉၉၇/၁၉၉၈ ခုနှစ်လောက်တွင် ညောင်ရွှေ၊ ရွှေညောင်ကားလမ်းဘေး
နဒီကန်၊ သာစည်ကန် တစ်ဝိုက်တွင် ၁၂ ကောင်အုပ်စုကို တွေ့ရှိရသော်လည်း နောက်ပိုင်း ၎င်းတို့
စားကျက်နေရာရှားပါးပြီး လူနေအိမ် ခြေထူထပ်လာသောကြောင့် ယခုအခါ ရံဖန်ရံခါမှသာ နှစ်ကောင်
ခန့်သာ တွေ့ရှိရကြောင်း သိရသည်။
ယခင်က ခရုစုပ်ငှက်များ
တွေ့ရှိရပြီး လယ်ကွင်းများ ရေလွှမ်းချိန်တွင် ခရုများ မတွေ့ရှိရ၍ ငှက်များလာရောက်မှု
နည်းပါးပြီး ၂၀၁၀ ပြည့်နှစ် ရေနည်းပါး၍ ခရုများ ပေါ်ပေါက်လာချိန်တွင် ခရုစုပ်ငှက်များမှ
အစာရှိရာသို့ ရှာဖွေစားသောက်ရန် ပြန်လည်ရောက်လာကြောင်း သိရသည်။
အင်းလေးကန်တွင်းရှိ
ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးအတွက် သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့်
သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ငှက်ကြည့်စင်တစ်ခုကို အင်းလေးကန်၌ တည်ဆောက်ထားခဲ့သည်။
အင်းလေကန် တစ်ဝိုက်တွင်
ယခင်က ဖျံများ၊ လိပ်များ၊ နို့တိုက် သတ္တဝါများကို စုံလင်စွာ တွေ့ရှိရသော်လည်း ယခုအချိန်တွင်
လျော့နည်းလာရခြင်းမှာ လူနေအဆောက်အအုံများ ထူထပ်လာခြင်း၊ အမဲလိုက်၍ တရားမဝင် ဖမ်းဆီးခြင်းကြောင့်
ကောင်ရေလျော့နည်း ပျောက်ကွယ် လာရကြောင်း သိရသည်။
သစ်တောဦးစီးဌာနသည်
အင်းလေးကန်အပါအဝင် ဆက်စပ် ရေတိမ်ဒေသကို ၁၉၈၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် တောရိုင်းတိရစ္ဆာန်
ဘေးမဲ့တော သတ်မှတ်၍ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားသည်။ အင်းလေးကန်အတွင်း တွေ့ကြုံနေရသော
သဘာဝဝန်းကျင်ဆိုင်ရာ ပြဿနာများကို အကျဉ်းချုပ်တင်ပြရပါလျှင် -
(က) နုန်းပို့မှုဖြစ်စဉ်
(ခ) ရေအရည်အသွေးဆိုင်ရာယိုယွင်းပျက်စီးမှု
(ဂ) နေရင်းဒေသများ
ယိုယွင်းပျက်စီးမှု
(ဃ) ဒေသရင်း မဟုတ်သော
ငါးမျိုးများ ပျံ့နှံ့ရောက်ရှိမှု
(င) အသံဆူညံမှုတို့ဖြစ်ကြသည်။
ဤသဘာဝပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများသည် တစ်ခုနှင့်တစ်ခု
ဆက်နွှယ်မှုရှိကြသည်။ နုန်းပို့ချမှုကြောင့် ရေအရည်အသွေး ထိခိုက်ခြင်း၊ နေရင်းဒေသများ
ယိုယွင်းပျက်စီးလာခြင်းနှင့် ရေအရည်အသွေးဆိုင်ရာ ယိုယွင်းမှုများကြောင့် နေရင်းဒေသများ
ပျက်စီးယိုယွင်းလာခြင်း၊ ထို့အတူ နေရင်းဒေသများ ပျက်စီးလာမှုကြောင့် ရေအရည် အသွေးဆိုင်ရာ
ယိုယွင်းမှုများ ဖြစ်ပေါ်လာရတတ်သည်။
ဂေဟစနစ်တိုင်း၌ ယိုယွင်းပျက်စီးလာမှုများကို သဘာဝအလျောက် ထိန်းညှိပေးနိုင်စွမ်းရှိကြသော်လည်း အဆိုပါ စွမ်းအားထက် ပိုမို လာပါက
ဂေဟစနစ်သည် တစ်စထက်တစ်စ ပိုမိုယိုယွင်းပျက်သုဉ်း သွားနိုင်သည်။
အင်းလေးကန်နှင့် အင်းလေးကန်
ရေဝေရေလဲ ဒေသပျက်စီးလာရသော အကြောင်းအရင်း
(က) သဘာဝအရင်းအမြစ်များကို
အလွန်အကျွံ ထုတ်ယူသုံးစွဲ ခြင်း။
(ခ) မှန်ကန်မှုမရှိသည့်
ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးနည်းစနစ်များဖြင့် စိုက်ပျိုးလုပ်ကိုင်သည့် အလေ့အကျင့်
တည်ရှိနေခြင်း။
(ဂ) ရာသီဥတု သဘာဝပြောင်းလဲမှုဖြစ်စဉ်များ
ဖြစ်ပေါ်လာ ခြင်း။
(ဃ)ရေဝေရေလဲ ဧရိယာအတွင်းရှိ
တောင်စောင်းနှင့်တောင်ကုန်းများတွင် သစ်တောပြုန်းတီးမှုကြောင့် မြေဆီလွှာ အကာအကွယ်မဲ့ပြီး
ရေ၊ လေ တိုက်စား၍ သဲနုန်းများ ပို့ချခြင်း။
(င) အင်းလေးကန်နှင့်
ရေဝေရေလဲ ဒေသအတွင်း လူဦးရေ တိုးပွားလာသည်နှင့်အမျှ ထင်းလောင်စာ လိုအပ်ချက် မြင့်မားလာပြီး
သစ်တောသစ်ပင်ခုတ်ထွင်သုံးစွဲမှု များပြား လာခြင်း။
(စ) လူဦးရေ တိုးပွားလာခြင်းကြောင့်
လူနေအိမ်များ၊ စိုက်ပျိုး မြေများသည် ကန်ဧရိယာ နယ်နိမိတ်အတွင်းသို့ တစ်စ တစ်စ ကျူးကျော်ဝင်ရောက်လာသဖြင့်
ကန်ရေပြင်ဧရိယာ လျော့နည်းလာခြင်း။
(ဆ) ကန်အတွင်းသို့
အမှိုက်သရိုက်နှင့် ညစ်ညမ်းစေသော ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ကြခြင်း။
(ဇ) ကန်ရေအောက်ကြမ်းပြင်၏
ရေညှိ၊ ရေမှော်များနှင့် ရေပြင် ပေါ်တွင် ဗေဒါ၊ ရေမှော်နှင့် အမှိုက်သရိုက်များ တစ်နေ့
တခြား တိုးပွားလာသဖြင့် အနည်ထိုင်ရာမှ ကန်ရေ တိမ်ကောမှုဖြစ်လာခြင်း။
( ဈ ) နွေစပါးစိုက်ပျိုးရန်အတွက် အင်းလေးကန်အတွင်းသို့
စီးဝင်သည့် ချောင်းများမှ ရေထုတ်ယူသုံးစွဲခြင်း။
(ည) ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များ၊ အိမ်တွင်း စက်မှုလုပ်ငန်းများနှင့်
ခရီးသွားလုပ်ငန်းများမှ စွန့်ပစ် ပစ္စည်းများနှင့် အညစ်အကြေးများ စည်းကမ်းမဲ့ စွန့်ပစ်
ခြင်း၊ စနစ်တကျ သန့်စင်သည့်စနစ်များ မရှိခြင်း။
အင်းလေးကန် တိမ်ကော ပျက်စီးလာခြင်းဖြင့်
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆိုးကျိုးများ
(က) မြေဆီလွှာတိုက်စား
ပြုန်းတီးသဖြင့် စိုက်ပျိုးနိုင်သည့် ဧရိယာများ လျော့နည်းလာခြင်း၊ သီးနှံထွက်နှုန်း
ကျဆင်း လာခြင်း။
( ခ ) ရေခြံစိုက်ပျိုးသည့်
ကျွန်းမျောများမှ ရေနည်းလာမှုကြောင့် စိုက်ပျိုး၍မရနိုင်သည့် ကျွန်းသေများအဖြစ် ပြောင်းလဲ
သွားနိုင်ခြင်း။
(ဂ) ဒေသခံပြည်သူများ
အဓိကအသုံးပြုသော ရေလမ်းကြောင်း များ ကျဉ်းမြောင်းတိမ်ကောလာသဖြင့် လှေ၊ မော်တော်များ
သွားလာရန် ခက်ခဲပြီး ဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှု ကို ထိခိုက်စေခြင်း။
(ဃ) ရှင်သန်ပေါက်ပွားနေသည့်
ငါးမျိုးရင်း၊ ငါးမျိုးစိတ်များ လျော့နည်းလာခြင်းဖြင့် အင်းသားများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း
တစ်ခုဖြစ်သော ငါးဖမ်းလုပ်ငန်းကို ထိခိုက်စေနိုင်ခြင်း။
(င) ကျွဲ၊ နွားများ၏
စားကျက်မြေ ဧရိယာ လျော့နည်းစေနိုင်ခြင်း။
(စ) သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများကို
ထိခိုက်စေနိုင် ခြင်း။
(ဆ) နွေရာသီတွင် စိမ့်စမ်းများ
ခန်းခြောက်ပြီး ရေရှားပါးလာနိုင် ခြင်း။
(ဇ) မိုးသည်းထန်စွာ
ရွာသွန်းလျှင် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ် လာနိုင်ခြင်း။
(ဈ) မြေအောက်ရေလွှာ
နိမ့်ကျလာနိုင်ခြင်း။
(ည) ဇီဝမျိုးစုံမျိုးကွဲများ
မျိုးသုဉ်းပျောက်ကွယ်နိုင်ခြင်း။
(ဋ) ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ
ဆုံးရှုံးကာ ဒေသခံပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသက်ရှင် ရပ်တည်မှုကို ထိခိုက်လာစေနိုင်ခြင်းတို့
ဖြစ်ပါသည်။
အင်းလေးကန်နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာများ
အင်းလေးကန်သည် ထူးခြားထင်ရှားသည့်
အချက်များစွာဖြင့် ထင်ရှားကျော်ကြားနေခြင်းဖြစ်သည်။ အင်းလေးကန်၏ ထူးခြား ထင်ရှားသော
ဝိသေသလကဏာများစွာအနက်မှ အချို့ သိသင့်သိထိုက် သည့်အချက်များကို အောက်ပါအတိုင်း လေ့လာမှတ်သားရပါသည်-
(က) မြင့်မားသည့် တောင်တန်းများပေါ်တွင်
တည်ရှိနေခြင်း
(ခ) ထုံးကျောက်တောင်တန်းများအကားတွင်
တည်ရှိနေခြင်း
(ဂ) သဘာဝအရ ရေတားကျောက်တန်းများ
တည်ရှိနေခြင်း
(ဃ) ရှေးဟောင်းကန်ဖြစ်ခြင်း
(င) ကန်အတွင်း လူသားမျိုးနွယ်စု
တစ်စုမှ အခြေချနေထိုင်ခြင်း
(စ) သဘာဝအရဖြစ်တည်နေသည့်
ကျွန်းမျောများကို အခြေခံလျက် စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြခြင်း
(ဆ) ယဉ်ကျေးမှုဆိုင်ရာနှင့်
လူ့သမိုင်းဆိုင်ရာအဆင့် မြင့်မားစွာ တည်ရှိနေခြင်း
(ဇ) တစ်ရွာလင် ထုတ်ကုန်တစ်မျိုးဖြင့်
နေထိုင်လုပ်ကိုင်ကြခြင်း
(ဈ) ထူးခြားထင်ရှားသည့်
ဘာသာရေးဆိုင်ရာ အဆောက်အအုံ၊ စေတီပုထိုး၊ ဘုရား ကျောင်းကန်များ တည်ရှိနေခြင်း (ဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ၊
ရွှေအင်းတိန်ဘုရား၊ တောင်တိုဘုရား၊ အလိုတော်ပေါက်ဘုရား၊ သာခေါင် မွေတော်ဘုရား၊ ငါးဖယ်ချောင်းကျောင်း၊
ရွှေရင်ပြေကျောင်း)
(ည) ရှားပါး၍ မျိုးသုဉ်းလုနီးပါးအခြေအနေနှင့်
ရင်ဆိုင်နေရသည့် ဒေသမျိုးရင်း ရေနေသတဝါများ တည်ရှိနေခြင်းနှင့် ဆောင်းခိုငှက်များ
ပျံသန်းနားခိုရာ ဒေသဖြစ်ခြင်း
နိုင်ငံတကာကအသိအမှတ်ပြု
အလေးပေး ထိန်းသိမ်းရမည့် ကန်ဖြစ်ခြင်း
အင်းလေးကန်ကို ၂၀၀၅
ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် လူသားနှင့်ဇီဝအဝန်းနယ်မြေ
(UNESCO- Man and Biosphere Reserve) အဖြစ်လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏
၁၉ ခုမြောက် ရမ်ဆာရေဝပ်ဒေသ (Ramsar Site) အဖြစ်လည်းကောင်း၊ နိုင်ငံတကာက အသိအမှတ်ပြု
အလေးပေး ထိန်းသိမ်းရမည့်ကန်အဖြစ် သတ်မှတ်ခဲ့ကြသည်။သိုဖြစ်ရာ အင်းလေးကန် ထိန်းသိမ်းရေးလုပ်ငန်းများ
ဆောင်ရွက်ရာတွင် နိုင်ငံတကာက စံသတ်မှတ်ချက်များကိုလည်း အလေးထားလိုက်နာ ဆောင်ရွက်သွားရန်
လိုအပ်ပါသည်။ နိုင်ငံတကာက သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ် International
Convention များ တွင် ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ် ထိုးထားပီးဖြစ်ရာ
အဆိုပါ လုပ်ငန်းစဉ်များကို သိရှိထားရန် လိုအပ် လျက် လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်သွားရမည်ဖြစ်သည်။
အင်းလေးကန်ရှိ ဒေသခံများသည်
ကန်ပေါ်/ အနီးတွင် နေထိုင်ကြ၍ စားဝတ်နေရေးအတွက် အင်းလေးကန်ကို အပြည့်အဝမှီခိုအားထား
လျက်ရှိသည်။ အင်းလေးကန်၏ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းသည် ကန်ပေါ်မှီခို အသက်မွေးဝမ်းကျောင်းပြုသော
လူသား မျိုးနွယ် ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းခြင်းပင်ဖြစ်သည်။
ကျွန်းမျောများအပေါ်တွင်
စိုက်ပျိုးကြ၍ ဒေသနှင့် ကိုက်ညီသော ပိုးမွှားဒဏ်ခံနိုင်ရည်ရှိသော လူနှင့် ရေနေသတ္တဝါများကို
ထိခိုက်မှု မရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံး မျိုးများ အဓိကလိုအပ်ကြောင်း တွေ့ရသည်။
အင်းလေးကန်၏ သက်တမ်းသည်
နှစ်သန်းပေါင်းများစွာရှိပြီး များစွာသော မျိုးစိတ်များ ပေါက်ပွားကြီးထွားခဲ့ပြီးသော
ကမ္ဘာပေါ်တွင် မည့်သည့်နေရာမှ မတွေ့ရှိနိုင်သောနေရာဖြစ်သည်။ ထူးခြားသော ဇီဝမျိုးနွယ်စု၊
မျိုးကွဲများသည် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော ဂေဟစနစ်နှင့် ပတ်ဝန်းကျင်ကို ဖန်တီးခဲ့သည်။
UNESCO က ဇီဝ အဝန်းနယ်မြေ အဖြစ် သတ်မှတ်ထားသော အင်းလေးကန်၏ ရေရှည် တည်တံ့စေရေးအတွက်
ယခင်စော်ဘွားကြီးများ လက်ထက်မှစ၍ အစိုးရအဆက်ဆက်တို့တွင် နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်း
စောင့်ရှောက်ခဲ့ကြောင်း တွေ့ရသည်။
စာရေးသူသည် အင်းလေးကန်ကို
ကျောင်းသားဘဝ၊ ဌာနဆိုင်ရာ ဝန်ထမ်းဘဝတို့တွင် အခေါက်ခေါက်အခါခါ ရောက်ခဲ့ရသည်။ အငြိမ်းစားယူပြီးချိန်
ထပ်မံသွားရောက်ပြီး အင်းလေးဒေသ၏ ထူးခြားသော အခြေအနေအရပ်ရပ်ကို ရေရှည်တည်တံ့ ထိန်းသိမ်းရေးတို့အတွက်
ဆောင်ရွက်နေသော ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသခံ ရေလုပ်သားများနှင့် တွေ့ဆုံ၍ လေ့လာတွေ့ရှိချက်များကို
တတ်နိုင် သလောက် ရေးသားပြုစုတင်ပြရခြင်းဖြစ်သည်။ အင်းလေးဒေသခံများ၊ ခရီးသွားဧည့်သည်များ၊
ဟိုတယ်လုပ်ငန်းနှင့် စီးပွားရေးလုပ်ငန်းရှင် များသည် အရေးပါလှသော အင်းလေးကန်ကြီး မတိမ်ကောစေရေးအတွက်
လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ကာ ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်စေလိုကြောင်း
အကြံပြုရေးသားအပ်ပါသည်။

No comments