ကိုဗစ်-၁၉ ရောဂါနှင့် အတူယှဉ်တွဲ အမြဲနိုးကြားမှုဖြင့် ထိန်းချုပ်ကာကွယ်
ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုသည်
အချိန်ကာလအားဖြင့် သုံးနှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယနေ့အချိန်ကာလအထိ ကမ္ဘာပေါ်ရှိနိုင်ငံများတွင်
ရောဂါဖြစ်ပွားနေဆဲဖြစ်သည်။ ရောဂါဖြစ်ပွားမှုအရှိန်အဟုန်မှာ ကျဆင်းနေသော်လည်း ကမ္ဘာ့နိုင်ငံအချို့နှင့်
အိမ်နီးချင်းနိုင်ငံအချို့တွင် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် လာသည့်အပြင် အိုမီခရွန်ဗီဇပြောင်း
မျိုးကွဲသစ်များ လျင်မြန်စွာကူးစက်မှုများရှိနေ၍ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉နှင့်အတူ
ယှဉ်တွဲ၍ အစဉ်အမြဲနိုးကြားမှုဖြင့် ကာကွယ်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ
စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၃၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအထိ ဓာတ်ခွဲနမူနာစစ်ဆေးမှု
စုစုပေါင်း ၉ ဒသမ ၉၃ သန်းကျော်တွင် အတည်ပြုလူနာဦးရေ ၆ သိန်း ၃ သောင်းကျော်ရှိပြီး သေဆုံးသူ
၁၉၄၉၁ ဦး ရှိခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ နိုင်ငံ့တာဝန်ယူခဲ့သည့်ကာလအတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်း များပြားနေချိန်ကာလဖြစ်သည်။ ကူးစက်မှုအမြင့်ဆုံးကာလမှာ
၂၀၂၁ ခုနှစ် ဇူလိုင်လ တတိယပတ်နှင့် စတုတ္ထပတ်ကာလဖြစ်ပြီး တစ်ရက်လျှင် ပျမ်းမျှပိုးတွေ့လူနာဦးရေ
၅၀၀၀ (၄၁ ရာခိုင်နှုန်း) အထိ ဖြစ်ပွားခဲ့သည်။ နိုင်ငံတော်အကြီးအကဲက လတ်တလောဖြစ်ပွားနေသည့်
ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ရေးလုပ်ငန်းများကို “အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်
ဆောင်ရွက်သွားမည်”ခံယူချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ရောဂါဖြစ်ပွားမှု
လျော့နည်းကျဆင်းခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးဗဟိုကော်မတီ ဖွဲ့စည်းပြီး လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့ရေး ကိစ္စများကို တိုင်းဒေသကြီး/
ပြည်နယ်ဝန်ကြီးချုပ်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပြီး အနီးကပ်ကြပ်မတ် ဆောင်ရွက်နိုင်ခဲ့သည်။
အဆိုးရွားဆုံးဖြစ်သည့် တတိယလှိုင်း ဖြစ်ပွားနေသည့်ကာလတွင် ဖြစ်ပွားမှု၊ သေဆုံးမှုများကို
လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ/ဆေးခန်းများအပြင် ကုသမှုစင်တာပေါင်း ၁၆၇၄
ခု ဖွင့်လှစ်ကုသပေးခဲ့သည်။ အဆိုပါကာလတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန်လုပ်၊ လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ” ဟူသည့် မူဝါဒကို ချမှတ်ပေးခဲ့သည်။ တာဝန်ရှိသူများကလည်း
နည်းလမ်းပေါင်းစုံဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနား၊
ညမနားဆောင်ရွက်ခဲ့ကြသည်။
နိုင်ငံတော်အစိုးရ အောက်ဆီဂျင်စက်ရုံ
၂၁၆ ရုံ၊ ပုဂ္ဂလိကစက်ရုံ ၂၇၁ ရုံ စုစုပေါင်း ၄၈၇ ရုံတည်ဆောက်ပြီး ပြည်သူလူထုအသက်များကို
ကယ်တင်ဆောင်ရွက်ပေးခဲ့သည်။ အလားတူ မြန်မာတို့၏ ပင်ကိုစိတ်ရင်းဖြစ်သည့် လှူဒါန်းလိုမှုစိတ်ဖြင့်
ရောဂါကာကွယ်ရေးပစ္စည်းများ၊ ကုသရေးဆေးဝါး၊ အောက်ဆီဂျင်နှင့် ငွေကြေးအစားအသောက်တို့ကို
အင်တိုက်အားတိုက် လှူဒါန်းပေးခဲ့ကြသည်။ အိမ်နီးချင်း မိတ်ဆွေနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင့်
ထိုင်းနိုင်ငံတို့က အောက်ဆီဂျင်အိုးများ မပြတ်ရရှိရေးကို ကူညီဆောင်ရွက်ပေးခဲ့သည်။ ကိုဗစ်-၁၉
ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဝိုင်းဝန်းလက်တွဲပူးပေါင်း
ဆောင်ရွက်နိုင်မှုများကြောင့် ရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်းများ
လျင်မြန်စွာ ကျဆင်းသွားသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုနှင့်
မိတ်ဆွေနိုင်ငံများမှ ကူညီလှူဒါန်း၊ ရောင်းချပေးမှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ
အဆက်မပြတ်ရရှိခဲ့သည်။
ကာကွယ်ဆေး ထိုးနှံထားခြင်းသည် ရောဂါဖြစ်ပွားမှုနှင့်သေဆုံးမှုကို
ထိရောက်စွာ လျှော့ချပေးနိုင်သဖြင့် ကာကွယ်ဆေးထိုးနှံမှုကို ဦးစားပေးအုပ်စုအလိုက် စဉ်ဆက်မပြတ်
ဆောင်ရွက်ပေးခဲ့သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၂
ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ လ ၂၂ ရက်နေ့အထိ အသက် (၁၈) နှစ်အထက်
ရည်မှန်းလူဦးရေ ၃၁ ဒသမ ၆၆ သန်းကျော်တွင် ၃၁ ဒသမ ၀၁ သန်းကျော်ကို ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်၍
၉၈ ရာခိုင်နှုန်း ကာကွယ်ဆေးလွှမ်းခြုံပေးနိုင်ခဲ့သည်။ အသက် ငါးနှစ်မှ (၁၈) နှစ် အတွင်း
ရည်မှန်းလူဦးရေ ၉ ဒသမ ၂၇ သန်းကျော်တွင် ၆ ဒသမ ၈၁ သန်းကျော်အား ပထမအကြိမ် ထိုးနှံပေးပြီးဖြစ်သည့်အတွက်
ကာကွယ်ဆေး ၇၃ ရာခိုင်နှုန်း လွှမ်းခြုံ ပေးနိုင်ခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှု၊
သက်ဆိုင်ရာတာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ် ဆောင်ရွက်နိုင်မှုနှင့် ပြည်သူများ၏ လက်တွဲပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှုများကြောင့်
ယခုအခါ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှာ သိသာစွာ လျော့နည်းကျဆင်းသွားပြီဖြစ်ရာ ဤသို့အမြဲနိုးကြားမှုဖြင့်
ဆက်လက်ထိန်းချုပ်ထားနိုင်ရေး ကြိုးပမ်းရမည်ဖြစ်ပါကြောင်း။
ကြေးမုံ

No comments