နိုင်ငံ့သားကောင်း လူချွန်လူမွန်များ ပျိုးထောင်
ကာယစွမ်းရည်၊ ဉာဏစွမ်းရည်
သူတကာထက် ထူးကဲသာလွန်သူကို လူရည်ချွန်ဟုခေါ်ဆိုသည်။
တစ်နည်းဆိုလျှင် ဗလငါးတန်ထူးချွန်သူ တစ်နည်း အားဖြင့် ဘက်စုံထူးချွန်သူကို လူရည်ချွန်ဟုဆိုကြလေသည်။
ငယ်စဉ်ကာလ ပညာ ရှာမှီးနေစဉ် သူတကာတို့ထက် သာလွန်စွမ်းနိုင်သူတို့အား ရွေးချယ်ဖော်ထုတ်၍
လူရည်ချွန်အဖြစ်သတ်မှတ်ကြသည်။ လူရည်ချွန်သည် လူ့ဘောင်လောက ကြီးပွားတိုးတက်ရေးတွင် စွမ်းဆောင်နိုင်မည့်အစွမ်းအစရှိသူ
လူ့အရင်းအမြစ်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ ကြီးပွားတိုးတက်ရေးအတွက်
ပညာရေးတွင် ရင်းနှီးမြှုပ်နှံကြပြီး ပညာကိုအခြေခံ၍ ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များ မွေးထုတ်ပေးပြီး
တိုးတက်ကြီးပွားရေးကို ဆောင်ရွက်ကြသည်။ မြန်မာနိုင်ငံတွင် ပညာတတ်များ၊ လူသားအရင်းအမြစ်များ ပေါများလာရေးအတွက် ပညာရေးကို ပြုပြင် ပြောင်းလဲအားပေးမြှင့်တင်လျက်ရှိသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပညာရေး ဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအဆင့်
အဋ္ဌမတန်း၊ ဒသမ တန်းနှင့် ဧကာဒသမတန်းအတွက် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ခရိုင်အလိုက်
လူရည်ချွန်ရွေးချယ်ခံရသူများစာရင်းအား ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
ပညာတတ်အရင်းအမြစ်များ မွေးထုတ်ပေးရာတွင်
လူရည်ချွန်သည် မှတ်ကျောက်တင်ခံထားရသည့် ဘက်စုံထူးချွန်သူ မျိုးဆက်သစ်များဖြစ်သည်။ အခြေခံပညာလူရည်ချွန်များ
နှစ်စဉ်ရွေးထုတ်လေ့ရှိရာ အကြောင်းအမျိုးမျိုးဖြင့် မရွေးချယ်နိုင်သော ကာလများရှိခဲ့သည်။
လူရည်ချွန်များကို ရွေးချယ်ဖော်ထုတ်ပေးခြင်းဖြင့် လူငယ်အချင်းချင်း အတုယူအားကျစိတ်ဖြစ်ခြင်း၊
ထူးချွန်ထက်မြက် လာသည့် အစွမ်းအစများဖြင့် ပတ်ဝန်းကျင်အကျိုး၊ နိုင်ငံ့အကျိုးကို ထူးကဲစွာ
စွမ်းဆောင်နိုင်ခြင်း အကျိုးကျေးဇူးများရသည်။ ယခုကာလကဲ့သို့ အဘက်ဘက် တွင် စိန်ခေါ်မှုများရှိနေချိန်၌
ထူးချွန်ထက်မြက်သည့် အခြေခံပညာအဆင့် လူရည်ချွန်များပေါ်ထွက်လာသည်မှာ ဝမ်းမြောက်စရာဖြစ်သည်။
လူရည်ချွန်စီမံကိန်းကို
၁၉၆၄ ခုနှစ်မှစတင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ရပ်ဆိုင်းသွား ခဲ့သည်။ ၂၀၁၃ ခုနှစ်တွင်
“ဘက်စုံပညာ ထူးချွန်လူငယ်” စီမံကိန်းအဖြစ် ပြန်လည် ဖော်ထုတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်
“လူရည်ချွန်စီမံကိန်း” အဖြစ် ပြင်ဆင်ဆောင်ရွက်ခဲ့ သည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် လူရည်ချွန်မောင်မယ်များကို
ရွေးချယ်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် လူရည်ချွန်စခန်းများသို့
စေလွှတ်ခြင်းကို ရပ်ဆိုင်းခဲ့သည်။ ယခုပညာသင်နှစ်တွင် ကူးစက်ရောဂါထိန်းချုပ်နိုင်မှုအရ
လူရည်ချွန်စီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ပြီး လူရည်ချွန် မောင်မယ် ၄၇၈ ဦးကို ရွေးချယ်ပေးခဲ့သည်။
ယခုပညာသင်နှစ် လူရည်ချွန်စီမံကိန်းကို
ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တကောင်းမွန်သည့် ထူးချွန်ထက်မြက်သော
ကျောင်းသား လူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှုလုပ်ငန်းများတွင်
ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လာနိုင်သည့်
နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်၊ ထူးချွန်ထက်မြက်သော ကျောင်းသားကျောင်းသူများကို
စံနမူနာပြု၍ ကျောင်းသား လူငယ်များအား ပြုစုပျိုးထောင်ပေးရန်ဟူသော ရည်ရွယ်ချက် (၃) ရပ်ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။ လူငယ်လူရွယ်များ ဘဝတစ်လျှောက်၌ လူတော်စေရန်သာမက လူကောင်းဖြစ်လာစေရန်
တစ်နည်းအားဖြင့် လူချွန်လူမွန်များ ဖြစ်လာစေရန် အကောင်အထည်ဖော်ခြင်းအားဖြင့် နိုင်ငံအတွက်အားထားရမည့်
ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာနိုင်ပေသည်။
ကျောင်းသား ကျောင်းသူများအနေဖြင့်
လူရည်ချွန်တစ်ယောက်ဖြစ်လာရန် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို သိရှိထားရန်လိုအပ်ပေသည်။
ကျောင်းအဆင့် ရွေးချယ်ထားသော လူရည်ချွန်များကို နှစ်ကုန်ကာလတွင် မြန်မာစာနှင့် အင်္ဂလိပ်စာ၊
အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေတို့အပြင် ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှု တို့ကို
မြို့နယ်အဆင့် စစ်ဆေးသည်။ စစ်ဆေးရာတွင် မြန်မာစာရမှတ် (၁၀၀)၊ အင်္ဂလိပ်စာရမှတ် (၁၀၀)၊
ပြင်ပဗဟုသုတနှင့် သင်္ချာပေါင်း၍ အထွေထွေဗဟုသုတ ရမှတ် (၁၀၀)ဖိုး ဖြေဆိုရသည်။ လူတွေ့နှုတ်ဖြေတွင်
ဘဝတွက်တာ ကျွမ်းကျင်စရာ၊ စာရိတ္တ၊ လောကနီတိ၊ မြန်မာ့ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့တို့နှင့်ပတ်သက်၍
အကဲဖြတ်မေးမြန်းပြီး ကာယကြံ့ခိုင်မှုကိုပါ စစ်ဆေးသည်။ အဋ္ဌမတန်း၊ ဒသမတန်း နှင့် ဧကာဒသမတန်းအလိုက်
တစ်မြို့နယ်လျှင် နှစ်ဦးနှုန်းဖြင့် ခရိုင်အဆင့် ဆက်လက်ရွေးချယ်သည်။
လူရည်ချွန်မောင်မယ်များကို
စနစ်တကျရွေးချယ်ဆောင်ရွက်ပေးနိုင်ခြင်းသည် နိုင်ငံတော်၏ လူမှုရေး ဦးတည်ချက်ဖြစ်သည့်
“တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး” ဟူသော ရည်မှန်းချက်ကို
အကောင်အထည် ဖော်နိုင်ပြီး နိုင်ငံအတွက်အားထားရမည့် နိုင်ငံ့သားကောင်းလူချွန်လူမွန်များ
ပေါ်ထွက် လာမည်ဖြစ်ပါကြောင်း။
ကြေးမုံ

No comments