လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းဖြင့် အဂတိလိုက်စားမှုကို တိုက်ဖျက်ကြပါစို့
မွှေး
(MA . Corruption and Governance, UK)
ကမ္ဘာ့နိုင်ငံအသီးသီးတွင်
အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုး၊ နည်းလမ်းအမျိုးမျိုးဖြင့် ဖြစ်ပွားလျက်ရှိသည်။
အဂတိလိုက်စားမှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်သည်လည်း နိုင်ငံ၊ ဒေသနှင့် နယ်ပယ်အလိုက် လုပ်ဆောင်ချက်နှင့်
ယူဆချက်အပေါ်မူတည်၍ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုကြသည်။ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးကဏ္ဍအသီးသီးတို့တွင်
နယ်ပယ်အလိုက် အဂတိလိုက်စားမှု ပုံစံအမျိုးမျိုးရှိပြီး လုပ်ပိုင်ခွင့် အာဏာရှိသူအဆင့်တွင်
ဖြစ်ပွားသော အဂတိလိုက်စားမှုတွင် အကြီးစား အဂတိလိုက်စားမှု၊ နေ့စဉ်အုပ်ချုပ်ရေးလုပ်ငန်းများတွင်
ဖြစ်ပွားလေ့ရှိပြီး ပမာဏအနည်းငယ်သော တံစိုးလက်ဆောင်နှင့် ငွေကြေးပေးခြင်း/ ယူခြင်း
ကိစ္စရပ်အတွက် အသေးစား အဂတိလိုက်စားမှုဟူ၍ သတ်မှတ်ကြသည်။ အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍
အများပြည်သူက လာဘ်ပေးခြင်း၊ ငွေကြေး သို့မဟုတ် တံစိုးလက်ဆောင်ပေးခြင်းဟုသာ နားလည်ကြသည်။
ထိုသို့
အဂတိလိုက်စားမှုပုံစံအမျိုးမျိုးရှိသည့်အနက် အများပြည်သူ သာမက အုပ်ချုပ်ရေးယန္တရား၌
တာဝန်ထမ်းဆောင်နေသူ တချို့က သတိမမူမိသော၊ အဂတိလိုက်စားမှုဟု မယူဆမိသော အဂတိ လိုက်စားမှုပုံစံ
တစ်မျိုးရှိပါသေးသည်။ ၎င်းမှာ အလုပ်တာဝန်များကို လူမှန်၊ နေရာမှန် တာဝန်ပေးခြင်းမရှိဘဲ
မိမိအကျိုးကို ရှေးရှုပြီး “မျက်နှာသာပေး ဘက်လိုက်သည့်” တာဝန်ပေးမှုမျိုး ဖြစ်သည်။
၎င်း အခြေအနေမျိုးတွင် အဂတိလိုက်စားမှု ကျူးလွန်သူနှင့် ပါဝင်ပတ်သက် သူများကိုယ်တိုင်ပင်
သတိမမူမိလောက်အောင်ပင် သိမ်မွေ့လှသည်။ ၎င်းကဲ့သို့သော အဂတိလိုက်စားမှုသည် မည်သည့်သတင်းစာ၊
စာစောင်များတွင်မှ အဂတိလိုက်စားသည့် ပြစ်မှုသတင်းအဖြစ် ကျူးလွန်သူ တရားခံများကို ဖမ်းဆီးအရေးယူချပြနိုင်သည်အထိ
မျက်ဝါးထင်ထင် လက်ဆုပ်လက်ကိုင်ပြရန် ခက်ခဲသော်လည်း
တိုင်းပြည်၏ အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာ ယဉ်ကျေးမှုကို ယိုင်နဲ့ပျက်စီးစေသည်။
ကိုယ်ကျိုးစီးပွားအတွက်
မျက်နှာသာပေး ဘက်လိုက်ခြင်း
မျက်နှာသာပေးဘက်လိုက်ခြင်းပုံစံဖြင့်
ကျူးလွန်သည့် အဂတိလိုက်စားမှုသည် Favor ဟူသော လက်တင်ဘာသာစကားမှ ဆင်းသက်လာပြီး အမှန်ကိုမစူးစမ်းဘဲ
ဆန္ဒာဂတိဖြင့် မျက်စိမှိတ်၍ မိမိနှင့်ချစ်ခင် အဆင်ပြေသူ၏ ဆန္ဒအတိုင်းဘက်လိုက်ခြင်း
(Favouritism) ဟူသော အဓိပ္ပာယ်ရသည်။ ဤအဂတိလိုက်စားမှုမျိုးတွင် လူယုံမွေးခြင်း
(Patronage)သည်လည်း ပုံစံတစ်မျိုးဖြင့် ကျူးလွန်သည့် အဂတိ လိုက်စားမှုဖြစ်ပြီး ၎င်းအဂတိလိုက်စားမှုကို
ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရယန္တရားနှင့် နိုင်ငံရေးလောကတွင် အတွေ့ရများသည်ဟု ပညာရှင်များက
ထောက်ပြကြသည်။ ကိုယ်ကျိုးအတွက် မျက်နှာသာ ပေးဘက်လိုက်ခြင်းပုံစံ အဂတိလိုက်စားမှုသည်
သမားရိုးကျ မြင်သာ ထင်သာရှိသော အကြီးစားအဂတိလိုက်စားမှုနှင့် အသေးစားအဂတိလိုက်စားမှုများကဲ့သို့
မဟုတ်ဘဲ ညင်သာစွာဖြင့် အုပ်ချုပ်မှုယန္တရား အသီးသီးတွင် အမြစ်တွယ်လေ့ရှိပြီး အစိုးရအုပ်ချုပ်ရေးပိုင်းတွင်
ဖြစ်ပွားသည့် အဂတိလိုက်စားမှု (Bureaucratic Corruption) ပုံစံခွဲ တစ်မျိုးဟု သတ်မှတ်ကြသည်။
ဤပုံစံအဂတိလိုက်စားမှုအပေါ် ပညာရှင်များက လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာရှုထောင့်၊ စီးပွားရေး
ဆိုင်ရာရှုထောင့်နှင့် နိုင်ငံရေးဆိုင်ရာရှုထောင့်များမှ ဖော်ပြရေးသား ကြသည်။
လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာရှုထောင့်
ဖော်ပြပါပုံစံဖြင့်
အဂတိလိုက်စားမှုသည် အစိုးရဌာနဆိုင်ရာ အဂတိလိုက်စားမှု (Bureaucratic Corruption)ကို
ဖြစ်ပွားစေသော အဓိကနှင်တံဖြစ်သည်ဟု ထောက်ပြကြသည်။ အစိုးရဌာနများတွင် အဆိုပါမျက်နှာသာပေး၊
ဘက်လိုက်ခြင်းပြဿနာများ နက်ရှိုင်းစွာ အမြစ်တွယ်လာပါက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်၊
စိတ်အား ထက်သန်မှုများ ကျဆင်းသွားမည်ဖြစ်သည်။ စွမ်းဆောင်ရည် မြင့်မား သော၊ အလားအလာရှိသော
ဝန်ထမ်းကောင်းများသည် အဖွဲ့အစည်းကို စွန့်ခွာသွားခြင်း၊ ၎င်းတို့၏အရည်အချင်းများကို
အဖွဲ့အစည်းတိုးတက် ရေးအတွက် အသုံးမပြုတော့ဘဲ မျက်နှာသာရစေရေးအတွက်သာ အသုံးချခြင်းတို့ကြောင့်
အဖွဲ့အစည်းစိတ်ဓာတ်နှင့် အဖွဲ့အစည်းဆိုင်ရာ ယဉ်ကျေးမှု (Organizational Culture) ပျက်ပြားသွားမည်ဖြစ်သည်။
ဝန်ထမ်းများအကြားတွင် မျက်နှာသာပေးခြင်း၊ လူယုံမွေးခြင်းကြောင့် မှန်ကန်သည့် ယှဉ်ပြိုင်မှုများ
မရှိတော့ပါ။ အရေးကြီးသည့် ရာထူး နေရာ၊ တာဝန်များတွင် မျက်နှာသာရထားသည့် လူယုံများသာ
ကြီးစိုး လျှင် မှားယွင်းသည့် စီမံခန့်ခွဲမှုများ၊ လူသားအရင်းအမြစ် ဆုံးရှုံးမှုများ
ဖြစ်ပေါ်လာနိုင်သည်။
စီးပွားရေးရှုထောင့်
စီးပွားရေးရှုထောင့်အမြင်အရ
မိမိနှင့် အဆင်ပြေသော စီးပွားရေး လုပ်ငန်းရှင်များကို တင်ဒါလုပ်ငန်းများပေးခြင်း၊ လုပ်ပိုင်ခွင့်များပေးခြင်းကြောင့် မှန်ကန်သည့်ယှဉ်ပြိုင်မှုမရှိတော့ဘဲ တစ်ဦးတည်း
သို့မဟုတ် တစ်အုပ်စုတည်းက လက်ဝါးကြီးအုပ် လုပ်ကိုင်ခြင်းများ ဖြစ်ပေါ်လာသည်။
အကျိုးဆက်အနေဖြင့် စွန့်ဦးတီထွင် လုပ်ငန်းငယ်ကလေးများက စျေးကွက်တွင် ယှဉ်ပြိုင်နိုင်ခြင်း
မရှိတော့ခြင်း၊ လုပ်ငန်းတစ်ခုလုံးကို စီးပွားရေးသမားတစ်ဦး သို့မဟုတ် တစ်ဖွဲ့ကသာ နေရာယူထားသော
ကြောင့် စျေးကွက်စီးပွားရေးစနစ် ပုံပျက်ကာ စားသုံးသူပြည်သူလူထုက စျေးကစားသည့် ဒဏ်ကိုခံရခြင်းစသည့်
အကျိုးဆက်ပြဿနာများ ကြုံတွေ့ရသည်။
နိုင်ငံရေးရှုထောင့်
နိုင်ငံရေးဆိုင်ရာ
လူယုံမွေးမှုသည် ကမ္ဘာ့နိုင်ငံအများစုတွင် ခေတ်အဆက်ဆက်မှ ယနေ့တိုင် ဖြစ်ပွားနေသော အဂတိလိုက်စားမှုဖြစ်သည်။
၎င်းအဂတိလိုက်စားမှုတွင် မိမိပါတီအောင်နိုင်ရေးအတွက် အထောက်အပံ့ကောင်း ပေးနိုင်မည့်ပုဂ္ဂိုလ်များအား
အစိုးရနေရာ ရာထူးကြီးများတွင် ပေးခြင်း၊ ငွေကြေးနှင့် မဲဆွယ်စည်းရုံးနိုင်ရေးအတွက်
သူဌေးသူကြွယ်များကို လုပ်ပိုင်ခွင့်ပေး၍ လူယုံမွေးခြင်းတို့ပါဝင်သည်။ လက်သပ်မွေးထားသည့်
လူယုံများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော အတွင်းအကျဆုံး လူယုံလူတန်းစားအဖွဲ့အစည်း (Ultra
Elite Network) ဖြင့် အုပ်ချုပ်ခြင်းကြောင့် အုပ်ချုပ်သူလူနည်းစု၏ အကောင်အထည်ဖော်လိုသော
မူဝါဒမှာ ပြင်ပလက်တွေ့ အခြေအနေများနှင့် ကိုက်ညီမှုမရှိခြင်း၊ ခေတ်၏ကြေးမုံပြင်ကို
မထင်ဟပ်နိုင်ခြင်း၊ အမှန် တကယ်အရှိတရားကို မျက်ကွယ်ပြုသည့် ပြဿနာဖြစ်ပေါ်လာခြင်း စသည့်မလိုလားအပ်သော
အကျိုးဆက်တို့ကို အုပ်ချုပ်ခံလူတန်းစား တစ်ရပ်လုံးက ခံစားရသည်။
နိုင်ငံတကာမှ သင်ခန်းစာများ
လူမှန်၊
နေရာမှန်ဆောင်ရွက်ခြင်းမရှိဘဲ လူယုံကိုသာမျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို ယခင်က
နိုင်ငံအများစု၏ ဥပဒေထဲတွင် တိတိကျကျ ပုဒ်မတစ်ခုဖြင့် ပြဋ္ဌာန်းသတ်မှတ်ပြီး အရေးယူခြင်း
မရှိခဲ့ပါ။ သို့သော် ၂၀၁၀ ပြည့်နှစ်တွင် ပြန်လည်ဖြည့်စွက် အတည်ပြုခဲ့သော ပါလက်စတိုင်းနိုင်ငံ၏
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တွင် မျက်နှာသာပေးဘက်လိုက်ခြင်းကို အဂတိအမှုဖြင့်
သတ်မှတ်ပြီး ကျူးလွန်သူအား ထောင်ဒဏ်သုံးနှစ်မှ ဆယ်နှစ်အထိ ကျခံစေရန် သတ်မှတ်ခဲ့သည်။
တောင်ကိုရီးယားသမိုင်းတွင် ရွေးကောက်ခံသမ္မတ တစ်ဦးအနေဖြင့် ပထမဆုံးဖယ်ရှားခံရသူ အမျိုးသမီးသမ္မတဟောင်း
မစ္စပတ်ဂွန်းဟီး (၂၀၁၃ -၂၀၁၇)သည် ၎င်းကျူးလွန်သည့် အဂတိ လိုက်စားမှုများတွင် အဓိကကျသည့်
အားပေးပံ့ပိုးသော သူတစ်ဦးမှာ ၎င်း၏ လူယုံ၊ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ Ms. Choi
Soon -Sil ဖြစ်ပြီး နိုင်ငံရေး၊ မဲဆွယ်စည်းရုံးရေးနှင့် စီးပွားရေးကိစ္စများတွင် ပါဝင်
ပတ်သက်နေသောကြောင့် ၎င်းအမျိုးသမီးမှာ ထောင်ဒဏ်၁၈ နှစ် ပြစ်ဒဏ်ချမှတ်ခံရကြောင်း မှတ်သားရသည်။
အင်ဒိုနီးရှားနိုင်ငံ၏
သမ္မတဟောင်းတစ်ဦးဖြစ်သူ မစ္စတာဆူဟာတို (၁၉၆၇ - ၁၉၉၈)သည် သူ၏ သမ္မတသက်တမ်း ၃၁ နှစ်ကျော်ကာလ
အတွင်း အဂတိလိုက်စားမှုပေါင်းများစွာဖြင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သူတစ်ဦး ဖြစ်သည်။
Transparency International က ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်သည့် ကမ္ဘာ့အဂတိလိုက်စားမှု
အများဆုံး အုပ်ချုပ်သူစာရင်းတွင် မစ္စတာဆူဟာတိုသည် ထိပ်ဆုံးမှ ပါဝင်ခဲ့သည်။ သမ္မတဟောင်း
မစ္စတာဆူဟာတိုလက်ထက်တွင် အစိုးရအဖွဲ့အတွင်း လူယုံမွေးခြင်း၊ စီးပွားရေးသမားများနှင့်
မလျော်ကန်သော ဆက်နွှယ်မှု များရှိခြင်း၊ မိမိ၏ ဆန္ဒသဘောထားကို အကောင်အထည်မဖော်ဘဲ မှန်ရာကိုတင်ပြသည့်
ပုဂ္ဂိုလ်များအား ဖယ်ထုတ်ခြင်း၊ မိမိ၏ လူယုံများ သာ အုပ်ချုပ်ရေးတွင် ကြီးစိုးခြင်းကြောင့်
နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးများ မငြိမ်မသက်ဖြစ်ကာ နောက်ဆုံးတွင် မစ္စတာဆူဟာတို ရာထူးမှ
ဖယ်ရှားခံခဲ့ရသည်။
အဂတိလိုက်စားမှုကို အလေးထားဂရုပြုသင့်
လူမှန်၊
နေရာမှန် ဆောင်ရွက်ခွင့်မပေးဘဲ လူယုံမွေးခြင်း၊ မိမိကိုယ်ကျိုးစီးပွားအတွက် ဆောင်ရွက်ပေးနေသူကိုသာ
မျက်နှာသာ ပေးခြင်း စသည့်ပုံစံဖြင့် ကျူးလွန်သော အဂတိလိုက်စားမှုသည် မြင်တွေ့လွယ်သော
ငွေကြေး၊ တံစိုး၊ လာဘ်လာဘများပေးသကဲ့သို့ လက်ဆုပ်လက်ကိုင် အလွယ်တကူပြရန် ခက်ခဲသော အဂတိအမှုကိစ္စ
ဖြစ်သည်။ ၎င်းအဂတိအမှုတွင် ပါဝင်ပတ်သက်သူ လူယုံသည်လည်း ပါးနပ်ညင်သာသကဲ့သို့၊ ကျူးလွန်သူ
(လုပ်ပိုင်ခွင့်ရှိသူ) ကိုယ်တိုင်ပင် မိမိသည် လူယုံမွေးကိုယ်ကျိုးရှာနေသည် သို့မဟုတ်
ဆရာမွေးခံရသည် ဟုမယူဆဘဲ မိမိအတွက်၊ မိမိအဖွဲ့အစည်းအတွက် သစ္စာရှိသူများ ဝန်းရံနေသည်ဟု
အထင်မှားယွင်းပြီး ၎င်းတို့၏ ပြောဆိုကြံစည်သမျှ ကို လက်သင့်ခံကာ ပိုမိုကျယ်ပြန့်သော၊
ဘက်ပေါင်းစုံအခြေခံ အကြောင်းတရားများကို မူတည်၍ သက်သေအခြေပြုမူဝါဒများ မချမှတ်နိုင်ခြင်း
(Evidence-Based policy)၊ ကောင်းမွန်သော အုပ်ချုပ်မှုများကို မဆောင်ရွက်နိုင်ခြင်းစသည့်
ဆိုးကျိုးများကို ဖြစ်ပွား စေတတ်သည်။ အဆုံးတွင် နိုင်ငံတော်နှင့် တိုင်းသူပြည်သား၏
အကျိုး စီးပွားကို ပျက်စီးစေယုံသာမက ကျူးလွန်သူ၏ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာပါကျဆုံးစေခြင်းကြောင့်
လူမှန်၊ နေရာမှန် ဆောင်ရွက်ခြင်းမရှိဘဲ လူယုံကိုသာ မျက်နှာသာပေးသည့် အဂတိလိုက်စားမှုကို
အလေးထား ဂရုပြုသင့်သည်။
နိဂုံး
ထို့ကြောင့်
မိမိအကျိုးအတွက် ဘက်လိုက်ဆက်ဆံခြင်းမှ အစပြုခဲ့သော ဆက်စပ်၊ ဆက်နွှယ်ပြုမှုများသည် နိုင်ငံ၏
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး အစရှိသည်တို့ကို လွန်စွာထိခိုက်
နစ်နာလှသည့် ဖြစ်ရပ်များသို့ ဦးတည်နေသည်ကို သတိချပ်စေအပ်ပါသည်။
လူအများက
အဂတိလိုက်စားခြင်းကို လာဘ်စားခြင်းတစ်ခုတည်းကိုသာ အမြင်မှား၊ အသိမှား ဖြစ်နေတတ်သည်။
အမှန်အမြင်မှာ အဂတိလိုက်စားခြင်းဆိုသည်ကို လာဘ်စားခြင်းတစ်ခုတည်းဟု သိမြင်နေခြင်းထက်
ကျယ်ပြန့်နက်ရှိုင်းစွာ သိနေရန် လိုအပ်လှသည်။ ဗုဒ္ဓမြတ်စွာဘုရားပင်လျှင် သင်္ဂါလုလင်ကို
မဟာကရုဏာတော်မြတ်ဖြင့် ရှောင်ကြဉ်ရမည့် ကမ္မကိလေသတရားလေးပါးကို ပြညွှန်းတော်မူခဲ့ပြီး
အဂတိတရားလေးပါးကို မလိုက်စားအပ်ကြောင်း ဆုံးမတော်မူခဲ့သည်။ ၎င်းအဂတိ တရားလေးပါးသည်
(၁) ဆန္ဒာဂတိ (၂) ဒေါသာဂတိ (၃) မောဟာဂတိ (၄) ဘယာဂတိတို့ပင် ဖြစ်သည်။
ဆန္ဒာဂတိမှာ
ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊ ဒေါသာဂတိမှာ
စိတ်ဆိုးသဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း၊ မောဟာဂတိမှာ
ဆင်ခြင်တုံတရားမရှိဘဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကိုပြုခြင်း၊
ဘယာဂတိမှာ ကြောက်ရွံ့ သဖြင့် မလိုက်သင့်သည့် ဘက်သို့လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်းတို့ကြောင့်
အဂတိလိုက်စားမှုသည် ရေရှည် တည်တံ့သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ကျင့်ဝတ်ဆိုင်ရာ
စံတန်ဖိုးများနှင့် တရားမျှတမှုကို သွေဖြည်ခြိမ်းခြောက်လျက် ရှိကြောင်း တွေ့နေရသည်။
လူ့အဖွဲ့အစည်းကိုလည်း မတည်မငြိမ် ဖြစ်စေလျက် တရားဥပဒေစိုးမိုးရေးကိုပါ အန္တရာယ်ပြုလျက်
ရှိနေသည်။ အဂတိလိုက်စားမှုသည် ဓလေ့ထုံးတမ်းအစဉ်အလာ (Institution)နှင့် ဒီမိုကရေစီစံတန်ဖိုးများကို
လှိုက်စားစေတတ်ပြီး ချည့်နဲ့အားနည်းပျက်သုဉ်း သွားစေတတ်သော သဘောလည်း ဖြစ်နေတတ်သည်။
သို့ဖြစ်၍ အဂတိလိုက်စားမှု၏ ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းအထန်ဆုံး ထိခိုက်ခံစားရသူများမှာ
အခြေခံလူတန်းစား ပြည်သူများသာဖြစ်သဖြင့် အဂတိလိုက်စားမှုကို ပြည်သူတစ်ရပ်လုံးက တွန်းလှန်တားဆီးကြရမည်ဖြစ်ကြောင်း
တင်ပြလိုက်ရပါသည်။
No comments