ငွေတိုး စီမံကိန်းများကြောင့် ပြည်သူများ ဝင်ငွေတိုးတော့မည်





မောင်ကျော်မိုး (SSID)


မောင်တိုး။ အဘိုးရေ…အဘိုး၊ အဘိုးရေ…အဘိုး။


ဦးငွေ ဟ ဘာလဲကွာ၊ ရေးကြီးသုတ်ပျာနဲ့ ဘာလို့ အဆက်မပြတ် အော်ခေါ်နေရသလဲကွ။


မောင်တိုး အဘိုးရေ ကျွန်တော်အခုပဲ မြို့ကပြန်လာတာ။ အဘိုး အတွက် စားစရာတွေလာပို့ရင်း သတင်းထူးတစ်ခုကြားလို့ အဘိုးကို လာပြောတာပါဗျ။ အဘိုးက ရှေးရှေးကတည်းက စာတတ်ပုဂ္ဂိုလ်လည်းဖြစ်၊  ရွာကလည်း  လေးစားရတဲ့သူတစ်ယောက်မို့ပါဗျ။


ဦးငွေ အေးပါကွ၊ ကိုယ့်အဘိုးကို အဲဒီလောက်အမွှမ်းတင်နေစရာ မလိုပါဘူးကွာ၊ ပြောစရာရှိတာသာပြောပါ။


မောင်တိုး ကျွန်တော် မြို့သွားတုန်းက မြို့ကလက်ဖက်ရည်ဆိုင်မှာ  လူတွေပြောနေကြတာ   နားထောင်ကြည့်ရင်း ကြားခဲ့ရတာဗျ။ အခုတလော နိုင်ငံတော်ဝန်ကြီးချုပ်က MSME လုပ်ငန်းတွေ ဖွံ့ဖြိုးရေးဆောင်ရွက်ဖို့  နိုင်ငံအနှံ့သွားရင်း လမ်းညွှန်မှုတွေ ပြုလုပ်နေတာ အဘိုးလည်း သိတယ်မဟုတ်လား။


ဦးငွေ ။ အေးလေ တီဗွီတွေထဲမှာ  နေ့တိုင်းနီးပါးတွေ့နေရတော့ ငါလည်း သိပြီးပါပြီ။


မောင်တိုး ။ အခုဟာက ပိုထူးတယ်အဘိုးရေ… ကျွန်တော်တို့ ရွာတွေမှာ ကိုယ့်အားကိုယ်ကိုးနဲ့  အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းလေးတွေ ရွာတိုင်းရှိနေတာ အဘိုးလည်း သိနေတာပဲ။


အခုက အဲဒီလိုကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အားကိုယ်ကိုး လုပ်နေကြတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန  အောက်မှာရှိတဲ့ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကျေးရွာတစ်ရွာ ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ကူညီပေးမယ့် အစီအစဉ်ရှိတယ်လို့ ကြားလို့ဗျ။


ကျွန်တော်တို့ရွာက အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်နေသူတွေကို ရစေချင်လို့ပါ အဘိုးရ။


ဦးငွေ အေးပါကွာ… ဒါဆိုမင်းက ပြည့်ပြည့်စုံစုံမေးခဲ့လို့လားကွ၊ မင်းကလည်း နိုင်ငံတော်က ကျေးရွာတိုင်း တစ်ရွာကို ငွေကျပ်သိန်း ၁၀၀  ဘယ်လိုလုပ် အလကားပေးနိုင်မှာလဲကွ။


မောင်တိုး ။ ကျွန်တော်ကလည်း အဘိုးမြေးပါဗျ။ လက်ဖက်ရည်ဆိုင်က သတင်းကြားကြားချင်း မြို့က  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံးမှာ  သေသေချာချာ  မေးခဲ့တာပါအဘိုးရ။


ဦးငွေ ။ အေး…ဒါဆို အသေးစိတ်ပြောပြစမ်းပါဦး။


မောင်တိုး ။ အဓိကကတော့ ကျေးရွာမှာ အသေးစားကုန်ထုတ် လုပ်ငန်း တကယ်လုပ်ကိုင်လိုတဲ့သူတွေကို ထောက်ပံ့ပေးမှာတဲ့။ ရွာအလိုက် အသေးစားကုန်ထုတ်လုပ်ငန်း လုပ်ကိုင်လိုသူတွေက အရင်ဆုံး  အစုအဖွဲ့တွေဖွဲ့ရမယ်။  ပြီးရင်   သူတို့လုပ်ချင်တဲ့ ကုန်ထုတ်လုပ်ငန်း အမျိုးအစားကို အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  ကျွမ်းကျင်ပညာရှင်တွေက နည်းပညာပေး သင်တန်းပို့ချပေးမယ်တဲ့။ ပို့ချပေးလို့   တတ်မြောက်ကျွမ်းကျင်သွားရင်  သူတို့လုပ်မယ့် လုပ်ငန်းအတွက် လိုအပ်မယ့်   လုပ်ငန်းသုံးပစ္စည်းတွေကို လူတစ်ဦးကို  ငွေကျပ် ၁၀  သိန်းနှုန်းနဲ့ ညီမျှတဲ့ပစ္စည်းတွေ ထောက်ပံ့ပေးမယ်။  သင်တန်းတက်တဲ့ သူတွေထဲက  ငါးဦးကိုပဲ  ထောက်ပံ့ပေးမှာတဲ့ဗျအဘိုးရ။


ဦးငွေ ။ ဟေ…ဒါဆို မင်းပြောတော့ တစ်ရွာကို ငွေကျပ် သိန်း ၁၀၀ ဆိုကွ၊ အခုက ငွေသိန်း  ၅၀ တည်းပေးသလိုဖြစ်နေတယ်။


မောင်တိုး ။ ဟာ... အဘိုးကလည်း ဒါကို ကျွန်တော် သေချာရှင်းပြပါ့မယ်။ ကျန်တဲ့ငွေကျပ်သိန်း  ၅၀  က သင်တန်းပေးရ ဦးမှာလေ။ သင်တန်းကုန်ကျစရိတ်ကို ငွေကျပ်သိန်း  ၅၀  လျာထားပါတယ်တဲ့။ သင်တန်းမှာ ကုန်ကြမ်းဝယ်တာတွေ အပါအဝင် အဲဒီသိန်း ၅၀  လုံးကို ရွာက ဖွဲ့စည်းထားတဲ့ အဖွဲ့ကပဲ ငွေစာရင်း   စနစ်တကျရေးဆွဲပြီး ထိန်းသိမ်းသုံးစွဲရမှာတဲ့ အဘိုးရ။ ဒါ့အပြင် သင်တန်းက တစ်ကြိမ်တည်းမဟုတ်ဘဲ  ကုန်ထုတ်လုပ်တဲ့   နည်းပညာတွေအပြင်  ဈေးကွက်နဲ့ ဆိုင်တာတွေ၊  အရည်အသွေး  ထိန်းသိမ်းနည်းတွေ၊ စားသုံးတဲ့သူတွ ေဘေးဥပဒ်အန္တရာယ် ကင်းရှင်းအောင် ဆောင်ရွက်မယ့် နည်းလမ်းတွေကို ဆိုင်ရာဘာသာရပ်အလိုက်   ကျွမ်းကျင်ပညာရှင် ဆရာ ဆရာမတွေက လာသင်ပေးဦးမှာတဲ့ အဘိုးရ…။


ဦးငွေ ဟေ...ဒါဆို အသေးစား ကုန်ထုတ်လုပ်သူတွေအတွက် ဘာလိုဦးတော့မလဲကွ၊ အတော်ဟန်ကျတာပဲ။


မောင်တိုး ။ ဟုတ်တယ် အဘိုးရေ… နည်းပညာလည်း စနစ်တကျ သင်ခွင့်ရမယ်။ သင်တန်းပြီးရင်  ရင်းနှီးပစ္စည်းတွေလည်း ရမယ်ဆိုတော့ လုပ်ငန်းလုပ်လိုတဲ့သူတွေအတွက် “ရေကန်အသင့် ကြာအသင့်”ပဲပေါ့ အဘိုးရေ။  ဒါတင်မဟုတ်ဘဲနဲ့  ထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းတွေ ရောင်းချဖို့အတွက်လည်း ဓာတ်ခွဲစမ်းသပ်ပေးတာတွေ၊ မြို့က Super Market ကြီးတွေမှာ တင်ပြီး  ရောင်းချဖို့အတွက် လုပ်ငန်းမှတ်ပုံတင် လုပ်ပေးတာတွေလည်း  ဌာနက  ကူညီဆောင်ရွက်ပေးဦးမှာတဲ့ဗျ။   ဒါ့ပြင်   အခါအားလျော်စွာလုပ်တဲ့ အသေးစားထုတ်ကုန်ပစ္စည်း  ဈေးရောင်းပွဲတော်တွေမှာလည်း  အခမဲ့ကြော်ငြာပြီး ရောင်းချခွင့်ပေးဦးမှာတဲ့ အဘိုးရေ။


ဦးငွေ ။ အေး... ဒါဆိုရင် MSME လုပ်ငန်းလုပ်လိုတဲ့ တို့ရွာက သူတွေကို ကြိုပြီး အသိပေးဦးမှပေါ့ မောင်တိုးရေ။


မောင်တိုး အဲဒါကြောင့် အဘိုးကို  ပြေးပြီးလာပြောရတာပေါ့ အဘိုးရာ။


ဦးငွေ အေးပါကွာ ငါ့မြေးရာ… မင်းလိုလူငယ်တွေ တို့ရွာမှာ အများကြီးလိုအပ်တယ်ကွ။ ဒါနဲ့ငါတို့နိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော် ရှိတယ်ဆိုတော့ ရွာတိုင်းရမှာလားကွ မောင်တိုးရ။


မောင်တိုး ။ အဲဒါပြောမလို့ အဘိုးရေ…  ရွာတိုင်းမရဘူးတဲ့။ တကယ်လုပ်ငန်း  ထူထောင်လိုတဲ့  ရွာတွေထဲက ရွာပေါင်း ၁၅၅ ရွာတည်း ရမှာတဲ့၊   ရှေ့ပြေးစမ်းသပ်စီမံကိန်းဆိုလား တဲ့ဗျာ။


ဦးငွေ ‌‌‌သြော်...အဲဒီလိုလားကွ၊ ဒါဆိုတို့ရွာမှာ အဲဒီ “ငွေတိုး” (Ngwe Toe) စီမံကိန်း လုပ်လို့ရအောင် ရွာကသူတွေကို ညကျစုပြီး ရှင်းပြလိုက်မယ်ကွာ။ သူတို့ တကယ်လုပ်ချင်တယ်ဆိုရင်တော့ ငါလည်းရွာထဲက လူကြီးတချို့ခေါ်ပြီး မင်းနဲ့အတူ မြို့ကိုတက်ရတော့မှာပဲ။  အသေးစားဌာနက လူကြီးတွေကို အမြန်သွားတွေ့ပြီး မြန်မြန်ကြိုတင်စီစဉ်မှပဲ မောင်တိုးရေ။ တော်ကြာ ငါတို့ရွာ ဖွံ့ဖြိုးဖို့ အဓိကလိုအပ်တဲ့ အသေးစားကုန်ထုတ်လုပ်ငန်းတွေအတွက် အကူအညီပေးတာ “ပေးကားပေး၏မရ” ဖြစ်နေလိမ့်မယ်။


မောင်တိုး ။ ဟုတ်ပါ့ အဘိုးရေ… အမြန်ဆုံး စီစဉ်ကြရအောင်ဗျ။ မဝေးတော့တဲ့  အနာဂတ်မှာ  အသေးစား ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးမှုကနေ နိုင်ငံတော်ရဲ့   စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ ဦးတည်နေပါပြီလော။  ။

No comments

Powered by Blogger.