နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်အသီးသီးမှ စက်မှုဇုန်ကော်မတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၅

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   စက်မှုဇုန်အသီးသီးမှ  စက်မှုဇုန်ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး  (MSME)  လုပ်ငန်းရှင်များအား  လှိုင်သာယာ  စက်မှုဇုန် ကနောင်ခန်းမ၌ တွေ့ဆုံ၍ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

 

အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ ကော်မတီ ဥက္ကဋ္ဌများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 

စက်မှုဇုန်များအတွင်း လုပ်ငန်းဆောင်ရွက်လျက်ရှိမှုနှင့် ဇုန်အလိုက် ကြုံတွေ့နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေး

 

ဦးစွာ လှိုင်သာယာစက်မှုဇုန် ဥက္ကဋ္ဌ ဦးအုန်းဆိုင်က စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်ရုံများမှ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုဇုန်လည်ပတ်မှု ပိုမိုအဆင်ပြေစေရန်အတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာရရှိရန် လိုအပ်မှု၊ သွင်းကုန်အစားထိုးရန်အတွက် စက်မှုကုန်ကြမ်းများနှင့် စက်အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာတွင် မြန်ဆန်စွာဖြင့် တင်သွင်း ခွင့်ရရှိရေး၊ ပြည်တွင်းမှ ထုတ်လုပ်သည့် အဆင့်မီ ထုတ်ကုန်များကို နိုင်ငံတော်မှ ဝယ်ယူပေးစေလိုမှု တို့ကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် စက်မှုဇုန်အသီးသီးမှ ကော်မတီဝင်များနှင့် လုပ်ငန်းရှင်များက စက်မှုဇုန်များအတွင်း တရားမဝင် ဝင်ရောက် နေထိုင်သူများရှိနေပြီး ၎င်းတို့ကိုဥပဒေနှင့်အညီ ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုလုပ်ငန်းများအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီး လိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးစေလိုမှု၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ စီစဉ်ဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်များ တည်ရှိသည့် မြို့နယ်များအတွင်း ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးစေလိုမှု၊ စက်မှုဇုန်နယ်မြေများအတွင်း စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ရန်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးစေလိုမှု၊ အထည်ချုပ်လုပ်ငန်းများ၏ အရည်အသွေး တိုးမြှင့်နိုင်ရေး လိုအပ်သည်များကို ကူညီပံ့ပိုး ဆောင်ရွက်ပေးစေလိုမှုတို့နှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအလိုက် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးနှင့် တက်ရောက်လာကြသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုရှင်းလင်း တင်ပြသည်။


 

သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပြောကြား

 

ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ၏ တင်ပြချက် များအပေါ် သတ်မှတ်ချက်များနှင့်အညီ အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုလုပ်ငန်းများနှင့် ပတ်သက်သည့် နည်းပညာ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ ဆက်သွယ်ဆောင်ရွက်နိုင်မှုတို့နှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားသည်။

 

ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်နိုင်ရန် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ကြမ်းပစ္စည်းများရှိမှသာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းရှိမှသာ ရောင်းဝယ်မှုဖြစ်မည်ဖြစ်ပြီး စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ကုန်ကြမ်းပစ္စည်းများကို ရရှိနိုင်ကြောင်း၊ ချည်မျှင်အတွက် ဝါကုန်ကြမ်းများ လိုအပ်ကြောင်း၊ လူတစ်ဦးသည် မွေးစမှ သေဆုံးသည်အထိ အဝတ်အထည်များကို ဝတ်ဆင်ရကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် ဝါများသည် အရည်အသွေးပြည့်မီမှု မရှိသေးဘဲ ချည်မျှင်ရှည်ဝါများ ထုတ်လုပ်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မီသည့် ချည်မျှင်များ ထုတ်လုပ်နိုင်မှသာ အဆင့်မီသည့် အဝတ်အထည်များကို ထုတ်လုပ်နိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံအတွင်း လုံလောက်စွာ ထုတ်လုပ်ပြီး နောက်ပိုင်းတွင် ပြည်ပသို့ပါ တင်ပို့နိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း။

 

စားရေးနှင့်ပတ်သက်၍ စပါးအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပသို့ ပိုမိုတင်ပို့နိုင်မည်ဖြစ်ကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ စပါးထွက်ကုန်များကိုအသုံးပြု၍ MSME ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများကိုလည်း အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စားသုံး ဆီနှင့် စက်သုံးဆီများ လုံလောက်ခြင်းမရှိသည့် အတွက် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရကြောင်း။

 

လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

 

နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိရေးအတွက် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့်                 

နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခင် ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်း စီမံကိန်းအချို့ နှောင့်နှေးခဲ့ခြင်း၊ ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခံခဲ့ရမှုများရှိ ကြောင်း၊ ယခုအခါ မိမိတို့အစိုးရအနေဖြင့် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း စီမံကိန်းများကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသကဲ့သို့ လေအားသုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် နေရောင်ခြည် စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဖြင့် လုပ်ငန်းလည်ပတ်ခြင်းများကို ဆောင်ရွက်နိုင်မည် ဆိုပါက များစွာအကျိုးရှိမည်ဖြစ်ကြောင်း။

 


လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်နိုင် မည်ဆိုပါက လျှပ်စစ်ဓာတ်အား အသုံးပြုသည့် အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး စက်သုံးဆီသုံးစွဲမှုများကို များစွာ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ရာတွင် ဈေးနှုန်း သက်သာသည့် မီးရထားဖြင့် သယ်ယူပို့ဆောင်ကြစေလိုကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယာဉ်များ တင်သွင်းနိုင်ရေးအတွက် အခွန်နှုန်းထားများကို လျှော့ပေါ့ပေးထားကြောင်း၊ လျှပ်စစ်ဓာတ်အားသုံး မော်တော်ယဉ်များအတွက် Power Station များကို စတင်တည်ဆောက်လျက်ရှိပြီး လူအသုံးများသည့် လမ်းများနှင့် မြို့ကြီးများတွင် ဆက်လက်တိုးချဲ့ တည်ဆောက်သွားမည်ဖြစ်ကြောင်း။

 

ပြည်တွင်း၌ထွက်ရှိသည့် ကုန်ကြမ်းများအသုံးပြုသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးမြှင့်တင်

 

ပြည်တွင်းမှထွက်ရှိသည့် စက်မှုကုန်ကြမ်းများကိုအသုံးပြုသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပလတ်စတစ်သုံးစွဲမှုများ များပြားသဖြင့် လျှော့ချ သုံးစွဲကြရန် လိုကြောင်း၊ မော်တော်ယာဉ်များအတွက် လိုအပ်သည့် တာယာများကို ပြည်တွင်း၌ လုံလောက် စွာရရှိအောင် ထုတ်လုပ်နိုင်ခြင်းမရှိသဖြင့် နှစ်စဉ် ပြည်ပမှတင်သွင်းနေရကြောင်း၊ ရော်ဘာကိုအခြေခံသည့် တာယာထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေး ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူဝါးနှင့် သစ်တောထွက်ပစ္စည်းများကို အသုံးပြု၍ နိုင်ငံအတွက်လိုအပ်သည့် စက္ကူပျော့ဖတ်များကို ထုတ်လုပ်နိုင်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် သဘာဝသယံဇာတများကို အသုံးပြု၍ နိုင်ငံအတွက် လိုအပ်သည့် ပြည်ပသွင်းကုန်များကို အဆင့်မီစွာ ထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း။

 

ခရိုင်၊ မြို့နယ်များ အားလုံးတွင် စက်မှုထုတ်ကုန် ပစ္စည်းများ ထုတ်လုပ်နိုင်ရေး စက်မှုဇုန်များ တည်ထောင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိပြီး ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေးနှင့် စီးပွားရေးဆိုင်ရာ အာမခံချက်ကို မိမိအနေဖြင့် အာမခံချက်ပေးပါကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ Ever Rich International Production Factory နှင့် ထူးသစ် အစာတောင့်စက်ရုံတို့သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ ပြန်လည် အကြံပြုဆွေးနွေးပြီး ခင်းကျင်း ပြသထားသည့် စက်ရုံထုတ်ပစ္စည်းများကို ကြည့်ရှုခဲ့ပြီး စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။                           

သတင်းစဉ်

             







No comments

Powered by Blogger.