မိုင်းယုမြို့၌ သင်္ကြန်ကာလ ရေကစားအပန်ဖြေလည်ပတ်နိုင်ရန် နမ့်လွေချောင်း သောင်ပြင်တွင် ယာယီတဲနှင့် ဈေးဆိုင်များ ပြင်ဆင်လျက်ရှိ







မိုင်းယု မတ် ၁၇


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် သင်္ကြန်ကာလ ရေကစားအပန်ဖြေ လည်ပတ်နိုင်ရန် မြို့မရပ်ကွက်၊ ဒေါင်နေကျေးရွာအနီးရှိ နမ့်လွေချောင်းသောင်ပြင်တွင် ယာယီတဲနှင့် ဈေးဆိုင်များကို မတ် ၁၇ ရက်နေ့မှ စတင်၍ ဆောက်လုပ်ပြင်ဆင်နေကြပြီဖြစ်သည်။


မိုင်းယုမြို့တွင် သင်္ကြန်ကာလ ဧပြီ ၁၃ ရက်မှ နှစ်ဆန်း ၁ ရက်အထိ ပျော်ရွှင်စွာ အပန်ဖြေရေကစား လည်ပတ်နိုင်ရန်အတွက်  ဒေသခံဈေးသည်များက ယာယီတဲများ၊ ဈေးဆိုင်များ ဖွင့်လှစ်ရောင်းချနိုင်ရန် ပြင်ဆင်လျက်ရှိကြပြီး လတ်တလောတွင် ရှမ်းဥပုသ်နေ့နှင့် အများပြည်သူ အလုပ်ပိတ်ရက်တို့တွင် ပြည်သူများ လာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။


မိုင်းယုမြို့သည် နမ့်လွေချောင်း၏ ကမ်းစပ်တွင်တည်ရှိပြီး နယ်စပ်ကုန်သွယ်ရေး မိုင်းယု-ကျိန်းယဲန်း တံတားကြီးအား မြို့အဝင်တွင်တည်ဆောက်ထားသဖြင့် ကုန်တင်ယာဉ်များ၊ လိုင်းကားများနှင့် ရပ်ဝေးမှ ခရီးသွားပြည်သူများ လာရောက်ကြသည့်မြို့ဖြစ်သော်လည်း သင်္ကြန်ကာလ လည်ပတ်နိုင်ရန် နမ့်လွေချောင်း သဲသောင်ပြင်တွင် အပန်ဖြေရေကစား ပျော်ရွှင်နိုင်သည့် ယာယီတဲများ၊ ဈေးဆိုင်များ ဆောက်လုပ်မှုကို ယခုနှစ်တွင်သာ ပထမဆုံးအကြိမ် ပြုလုပ်ကြခြင်းဖြစ်သည်။


ကိုကိုနိုင်

No comments

Powered by Blogger.