ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်တို့၌ ကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲသို့ ကြွရောက်တော်မူကြသည့် ကြီးကြပ်ရေးဆရာတော်ကြီးများ၊ စာဖြေသံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညို





နေပြည်တော် မတ် ၂၁


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့မွန်းလွဲ ၂နာရီက  သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ သာသနာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်တော်ကြီး၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုတော်မူကြသော သံဃာတော်များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညို၍ ပျဉ်းမနားမြို့နယ်စာဖြေဌာန ကြီးကြပ်ရေးဆရာတော်ကြီးများထံ စာဖြေဌာနအတွက် အလှူတော် ငွေကျပ် ၁၀၀၀၀၀၀/-(ကျပ်ဆယ်သိန်းတိတိ)ကို ဆက်ကပ်လှူဒါန်းသည်။


ထို့အပြင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေး မြို့နယ်၊ အင်တိုင်းသာကျောင်းတိုက်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆိုလျက်ရှိသော သံဃာတော် များနှင့် သီလရှင်များကို သွားရောက်ဖူးမြော်ကြည်ညို၍ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများထံ စာဖြေဌာနအတွက် အလှူတော်ငွေကျပ် ၅၀၀၀၀၀/-(ကျပ်ငါးသိန်းတိတိ)ကို ဆက်ကပ်လှူဒါန်းသည်။


ယနေ့တွင် ပျဉ်းမနားမြို့နယ်စာဖြေဌာန၌ စာရင်းသွင်း ၂၆၉ ပါး၊ ဖြေဆို ၂၃၄ ပါး ရှိကြောင်းနှင့် လယ်ဝေးမြို့နယ်စာဖြေဌာန၌ စာရင်းသွင်း ၁၀၇ ပါး၊ ဖြေဆို ၉၂ ပါး ဝင်ရောက် ဖြေဆိုတော်မူကြသည်။


၂၀၂၃ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲများကို နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ဓမ္မာစရိယစာဖြေဌာန ၇၁ ဌာနတို့တွင်မတ် ၂၁  ရက်မှ ၃၀ ရက်နေ့အထိမတ်၂၇ ရက်၊ တပ်မတော်နေ့ မပါ) ၉ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် ပါဠိပထမပြန် စာမေးပွဲများကိုလည်း နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ပါဠိပထမပြန်စာဖြေဌာန ၂၂၉ ဌာနတို့တွင်မတ် ၂၈ ရက်မှဧပြီ ၃ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.