ဝိုင်းဝန်းကူညီနှိမ်နင်းကြစို့ ….




လမာဂမ်


“အရွယ်ရောက်တဲ့သူမှန်သမျှ၊ စစ်မှုမထမ်းမနေရဆိုပြီးတော့ အတင်းဥပဒေနဲ့ စစ်ထဲထည့်ရလိမ့်မယ်။ အဲဒါမျိုးတွေ လုပ်တန်လုပ်ရလိမ့်မယ်။ ၂ နှစ်တန်သည်၊ ၃ နှစ် တန်သည် စစ်ထဲဝင်ရလိမ့်မယ်။ ဝင်ပြီးတဲ့နောက် စစ်ဖြစ်တဲ့အခါ ဝင်တိုက်ရမယ်ဆိုတာ ခင်ဗျားတို့ တိုက်ချင်တိုက်ချင်၊ မတိုက်ချင် မတိုက်ချင် ဝင်တိုက်ရမှာပဲ။ ဒါကလည်း တာဝန်ပဲ။ 


သောင်းကျန်းမှုတွေကို ဗမာပြည်ချစ်တဲ့လူတွေမှန်သမျှ ဝိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။ ဘယ်သူကိုမှ အားပေးဖို့မလိုဖူး။” 


ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇


နိဒါန်း 


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅-၁၉၄၇) သည် အသက်ငယ်ငယ်ရွယ်ရွယ် သုံးဆယ်ကျော်မျှသာ ရှိသေးသော်လည်း နောင်အနာဂတ်နိုင်ငံတော်အတွက် ဆယ်စုနှစ်များစွာ၊ ရာစုနှစ် များစွာအတွက် အမြော်အမြင်ကြီးစွာဖြင့် မျှော်ခေါ်စဉ်းစားပြီး ပွင့်လင်းဖြောင့်မှန်စွာ မိန့်ကြားလေ့ရှိပေသည်။ မကျဆုံးရှာမီ တစ်ပတ်ခန့်အလိုတွင် သူ၏ရင်ထဲ၊ အသည်းထဲ၌ရှိနေသော စကားတို့ကို အလေးအနက်ထား၍ ပြည်သူများအား မိန့်မှာကြားခဲ့သည်။ ကျွန်ုပ်တို့ နားဝင်ခဲ့ကြပါ၏လော။


နေရာ


မိမိတို့တိုင်းပြည်၏ မြောက်ဘက်တွင် လူဦးရေသန်းပေါင်း ၁၄၀၀ ခန့်ရှိသော နိုင်ငံကြီးနှင့် နယ်နိမိတ်ချင်း မိုင်ပေါင်းတစ်ထောင်ကျော် ရှည်လျားစွာ ထိစပ်နေသည်။ ပျူခေတ်၊ ပုဂံခေတ်၊ ကုန်းဘောင်ခေတ်တို့တုန်းကလည်း လူသူအင်အားကြီးမားစွာဖြင့် ကျူးကျော်ဝင်ရောက်လာဖူးသည်။ ထိုစဉ်ကတည်းက နိုင်ငံတွင် လူအင်အားနည်းပါးသော်လည်း အညံ့မခံ၊ အလံမလှဲ။ ဇွဲ၊ သတ္တိရဲဝံ့စွာဖြင့် သိမ်းပိုက်စိုးမိုးနေခြင်း မရှိနိုင်အောင် နည်းမျိုးစုံဖြင့် တော်လှန်တိုက်ထုတ်နိုင်ခဲ့သည့် ရာဇဝင်ရှိသောလူမျိုး။ မိမိတို့ပြည်ထောင်စုသားချင်း သူတစ်လူ ငါတစ်မင်းလုပ်ချင်နေ ၍မရကြောင်း   သမိုင်းသင်ခန်းစာကို   ကောင်းစွာကျေညက်ဖို့ လိုလေသည်။ စည်းလုံးမှုရှိကြမှ အင်အားခိုင်မာတောင့်တင်းကြပေမည်။ 


လူဦးရေနည်းပါးပြီး ရေခဲဖုံးလွှမ်းသော ကုန်းမြင့်တောင်ကြောတောင်တန်းများ၊ သစ်တောများ၊ မြစ်ချောင်းများ၊ လွင်ပြင်များ၊ သဘာဝသယံဇာတများ၊ ရှည်လျားသော ကမ်းခြေရေပြင်နယ်ပယ်နှင့် ပင်လယ်သမုဒ္ဒရာပိုင်နက်၊ ရှေးက အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ နှင့် အိန္ဒိယ စသည့် နိုင်ငံများအထိ စီးပွားရေး၊ သံတမန်ဆက်ဆံရေး ကျယ်ပြန့်ခဲ့သည့် မြန်မာနိုင်ငံဖြစ်သည်။ ကုန်းဘောင်ခေတ် ဘကြီးတော်မင်း  (ခေါ်)  စစ်ကိုင်းမင်းသည်  ဥရောပပြင်သစ်နိုင်ငံဘုရင် နပိုလီယံဘိုနာပတ်နှင့် အပြန်အလှန် ခေတ်ပြိုင်မင်းအချင်းချင်း ဆက်ဆံမှုရှိခဲ့လေသည်။


မြန်မာပိုင်နယ်နိမိတ်သည် ကချာနယ်၊ အာသံနယ်၊ မဏိပူရ (ကသည်း)နယ်အထိ  စိုးမိုးအုပ်ချုပ်ခဲ့သည်များလည်းရှိပေသည်။ ဘုန်းကြီးသော  အနော်ရထာ၊  ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ အလောင်းဘုရား၊ ဆင်ဖြူရှင်နှင့် ဘိုးတော်ဘုရား စသည့် ဘုရင်များ လက်ထက်တွင် လာအို၊ ကမ္ဘောဒီးယား၊ ဇင်းမယ် (ယခု ချင်းမိုင်)၊ အယုဒ္ဓယ (ထိုင်းနိုင်ငံ) စသော ပြည်နယ်များသည် မြန်မာအင်ပါယာပိုင် နိုင်ငံထဲတွင် ပါဝင်ကြလေသည်။


မြန်မာတိုင်းရင်းသားချင်း မိုးညှင်း၊ သိန္နီ၊ ကလေး၊ ပြည်၊ ပုသိမ်၊ တောင်ငူ စသည်ဖြင့် အစုငယ်များ အကွဲကွဲအပြားပြားဖြင့် အချင်းချင်း ဗိုလ်လုပြီး မစည်းလုံးမိဘဲ အင်အားနည်းပါး၊ ဆင်းရဲသောကာလမျိုးများလည်း သမိုင်းထဲတွင် တွေ့နိုင်သည်။  ညီညာ၊ ညီညွတ်ခဲ့ကြသဖြင့် အရှေ့တောင်အာရှ တစ်ခွင်လုံးက မော့ကြည့်ခြင်းကို ခံခဲ့ရသောကာလများ၊ တစ်တောတစ်ကြက်ဖတွန်ကာ အမြော်အမြင်မရှိသော အုပ်ချုပ် သူများထင်ရာစိုင်းခဲ့သော ကာလများ၊ အတက်အကျ လှိုင်းများကို သမိုင်းတွင်လေ့လာလျှင် မြင်ရပေမည်။


အချိန်


ရှေးနှစ်ပေါင်းများစွာက မေခ၊ မလိခမြစ်နှစ်မြွှာမှ စတင်စီးဆင်းခဲ့သော မြစ်မင်းဧရာဝတီသည် မကွေ့မချိုးဘဲ ယခုပေါင်းလောင်းမြစ်ကြောင်းအတိုင်း စစ်တောင်းမြစ်ဝအထိ မြောက်မှတောင်သို့ စီးဝင်သည်။ မြစ်ငယ်၊ ကျောက်ဆည်လွင်ပြင်မှ မိတ္ထီလာ၊ သာစည်လွင်ပြင်၊ ရမည်းသင်း၊ ပျဉ်းမနားနှင့် ယခု နေပြည်တော်အနီးမှ ရှေးက ဧရာဝတီ မြစ်ကြီးစီးဆင်းခဲ့ဖူးသည်။ စစ်ကိုင်းပြတ်ရွေ့ကြော မြေငလျင်ကြီးများ လှုပ်ခဲ့ကြသဖြင့် (စစ်ကိုင်းတံတားအနီးမှာ)အနောက်ဘက်သို့ ချိုးကွေ့ ကာ  အထက်ပိုင်း  ပတ်ကွိုင်တောင်ကြားဒေသ၊  နန်းယွန်း၊  ခန္တီး၊ ဟုမ္မလင်းအတိုင်း စီးဆင်းလာသော ချင်းတွင်းမြစ်သို့ မြင်းခြံအထက်နားရှိ ရေစကြိုနှင့် ရန္တပိုကြား၌ ပေါင်းဆုံသည်။ ယင်းသည် ယခု ဧရာဝတီဟုခေါ်တွင်နေကြသော မြစ်ကြီးပေတည်း။


ယခင်က ချင်းတွင်းက သီးခြား၊ ဧရာဝတီမြစ်ကြောင်း(ယခု ပေါင်းလောင်းနှင့် စစ်တောင်းအတိုင်း)က သီးခြားစီ အပြိုင်စီးဆင်းသော မြစ်ကြီးနှစ်စင်းဖြစ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ကာလရှည်လျား နှစ်ပေါင်းများစွာ ပြောင်းလဲသောအခါ ပထဝီသည်လည်း ရွေ့လျောပြောင်းလဲခဲ့သည်။ သမိုင်းသည်လည်း တစ်ခေတ်ပြီးတစ်ခေတ်၊ သစ်ပြီးသစ်ရင်း မသိမသာမှ သိသိသာသာ ပြောင်းလဲဖြစ်ပေါ်လာခဲ့ကြသည်။ ဘယ်အရာမှတော့ မတည်မြဲ။ ဖြစ်ခြင်းပျက်ခြင်းသံသရာနှင့် ပြောင်းလဲနေစမြဲပင်။ လူသားတို့မဖန်တီးသော သဘာဝပြောင်းလဲမှုလည်းရှိ၏။ လူသားတို့၏ ပယောဂဖြင့် ဖန်တီးသည့် ပြောင်းလဲကြရသော သမိုင်းကြောင်းများလည်းရှိခဲ့ကြ၏။ နိုင်ငံသူ နိုင်ငံသား၊ ပြည်သူပြည်သားများ ၏ အသိအမြင် ဆင်ခြင်တုံတရား အရည်အသွေးအပေါ် မူတည်၍ ထိုနိုင်ငံ၏ တိုးတက်မှု၊ ဆုတ်ယုတ်မှုက တည်နေသည်။


အတက်အကျ


အင်္ဂလိပ်လူမျိုးကိုလိုနီနယ်ချဲ့က   ကျူးကျော်သိမ်းပိုက်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကျော် ဖိနှိပ်အုပ်ချုပ် ကုပ်သွေးစုပ်ခဲ့သော အိန္ဒိယနိုင်ငံကြီးသည် ၂၁ ရာစုတွင် သိပ္ပံနှင့်နည်းပညာလည်း ထူးခြားစွာ မြင့်မားတိုးတက်၊ စစ်ရေးဘက်တွင်လည်းအင်အားကောင်း၊ စီးပွားရေးနှင့် နိုင်ငံတကာဆက်ဆံရေးတွင်လည်း သိသိသာသာဖွံ့ဖြိုးအောင်မြင်ပြီး နိုင်ငံတကာတွင် အရေးပါသောနိုင်ငံကြီးတစ်နိုင်ငံအဖြစ် ပေါ်လွင်လာချိန်ဝယ် ၁၉ ရာစုဆီက သူ့အပေါ်ဗိုလ်ကျအနိုင်ကျင့်ခဲ့သော အင်္ဂလိပ်တို့သည် ဖွတ်ကျောပြာစု ခရုဆန်ကျွတ်၊ ကျောက်စရစ်တော ခေါင်ခေါင်တွင် အတောင်ကျွတ်သော ကြိုးကြာငှက်အိုကြီးပမာ ဆင်းရဲ သည်ထက်ဆင်းရဲ၊ နိမ့်ကျသည်ထက်နိမ့်ကျ၊ ညှိုးငယ်နွမ်းပါးရသော ဘဝအခြေဆိုက်နေလေတော့သည်။   မည်မျှတရားရစရာကောင်း သနည်းဆိုသော် မျက်နှာဖြူအင်္ဂလိပ်တို့ကို အုပ်ချုပ်သော လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူနက် (Rishi Sunak) ဆိုသူသည် ယခင်ဝန်ကြီးအဖြစ်မှ ရာထူးတက်လာခဲ့သော အိန္ဒိယလူမျိုးတစ်ဦးဖြစ်၏။ 


ရီရှီဆူနတ် ရှေ့က အင်္ဂလိပ်လူမျိုးဝန်ကြီးချုပ် လူဖြူအမျိုးသမီး၊ သူနှင့် ကွန်ဆာဗေးတစ်ပါတီဝင်များချင်းပင် ယှဉ်ပြိုင်ကြရာ နိုင်သွားခဲ့ပြီး ဝန်ကြီးချုပ် လုပ်လိုက်ပါသေး၏။ နှစ်လတောင်မပြည့်ဘဲ ပြဿနာ ပေါင်း သောင်းခြောက်ထောင်နှင့် မစ္စစ်လစ်ဇ်ထရပ်သည် ၅၅ ရက် အကြာ၌ ပြုတ်ကျသွားခဲ့၏။ ထိုအမျိုးသမီး ရှေ့က ဘောရစ်ဂျွန်ဆင် သည်လည်း  ဝန်ကြီးချုပ်သက်တမ်းစေ့အောင်မနေရ။  အခက်အခဲ အကျပ်အတည်းမျိုးစုံလုံးချာလည်လိုက်ပြီး ဆင်းပြေးသွားခဲ့ရ၏။


သင်ခန်းစာ


ဘောရစ်ဂျွန်ဆင်ပဲဖြစ်ဖြစ်၊ လစ်ဇ်ထရပ်ပဲဖြစ်ဖြစ် အင်္ဂလန်ကို အင်္ဂလိပ်လူမျိုးများ မအုပ်ချုပ်နိုင်တော့ဘဲ အိန္ဒိယလူမျိုး ရီရှီဆူနတ်ဆိုသူ အရှေ့တိုင်းသားက ဝန်ကြီးချုပ်လုပ်ပြီး တက်အုပ်ချုပ်နေရပုံကို ကြည့်လိုက်ပေရော့။ နိုင်ငံတစ်ခုသည် ဘက်ပေါင်းစုံမှ ယိုယွင်းကျဆင်းသွားပြီဆိုလျှင်ကား တစ်ခုပြီးတစ်ခု အရှက်တကွဲ အကျိုးနည်း ဖြစ်ရသည်။


မြန်မာပြည်ရာဇဝင်တွင် လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၄၀  လောက် ရှိလာသောအခါ တည်ငြိမ်တိုးတက်ရမည့်အစား လက်ဝဲလက်ယာ ပြည်ဖျက်သမားအမျိုးမျိုး၏ သွေးထိုးလှုံ့ဆော် မှိုင်းတိုက်မှုဖြင့် ဖရိုဖရဲ ပြိုကွဲမည့်အန္တရာယ်နှင့် ကြုံတွေ့ခဲ့ရသည်။ အထူးသဖြင့် စီးပွားရေး ကျဆင်းနွမ်းပါးလာချိန်ဝယ် ပြည်ပအားကိုးပုဆိန်ရိုးများ၏ လေလှိုင်းထဲမှ ပုတ်ခတ်တိုက်ခိုက်သွေးခွဲမှုများသည် ပြည်သူအများ၏ စိတ်ထဲတွင် ကြီးမားပြင်းထန်စွာ စိတ်ဒဏ်ရာဖြစ်စေခဲ့လေသည်။


တည်ငြိမ်လုံခြုံအေးချမ်းအောင် တပ်မတော်က အာဏာရယူခဲ့ရသည်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း တစ်ပါတီစနစ်ကို  မလိုလားသူများသဖြင့်  ဆက်လက်အသက်မရှင်သန်တော့ဘဲ ပျက်ပြယ်သွားရလေသည်။ တပ်မတော်က ပြည်သူအများလိုလား တောင့်တကြသော   ပါတီစုံဒီမိုကရေစီစနစ်ကို   ခေတ်နှင့်အညီ တည်ဆောက်နိုင်ရန်  အချိန်ယူ၍  ဆွေးနွေးညှိနှိုင်းကာ  အမျိုးသားညီလာခံ ကျင်းပအဖြေရှာခဲ့သည်။ 


ဒီမိုကရေစီ 


ဒီမိုကရေစီစနစ်။ ဈေးကွက်ကို အခြေခံသော စီးပွားရေးစနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်အဖြစ် ၂၀၀၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို စနစ်တကျအတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြလေသည်။ နိုင်ငံတော်အေးချမ်းသာယာရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အခြေခံကောင်းများပါရှိနေသဖြင့် ပြည်ပအားကိုးပုဆိန်ရိုးများနှင့် အထူးသဖြင့် ငပွကြီးတို့ လူမိုက်အုပ်စုက လုံးဝမကျေနပ်ခဲ့ချေ။ မမွဲမွဲအောင်၊ မငတ်ငတ်အောင်၊ နာလန်မထူဘဲ ဆင်းရဲတွင်းထဲကျအောင် ဘက်ပေါင်းစုံမှ ညစ်ပတ်ပိတ်ဆို့ပညာပြ နှိပ်စက်ထိုးနှက်ခဲ့လေသည်။ 


မည်သို့ပင်ဖြစ်စေ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် တို့တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပြုလုပ်နိုင်ခဲ့ကြသည်။ ဒီမိုကရေစီအစိုးရနှစ်ဆက် တာဝန်ယူနိုင်ခဲ့ကြသည်။ သို့သော် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲသည်ကား မသမာမှု၊ မဲစာရင်း မှားယွင်းမှု၊ အရေအတွက်ဘယ်လိုနည်းနှင့်မျှ ရှေ့နောက်မညီသော မဲလိမ်မဲခိုးမှုများစွာကို အထင်အရှားစစ်ဆေးပေါ်ပေါက်ကာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ  တပ်မတော်က နိုင်ငံတော်တာဝန်ကို ယူခဲ့ရပြန်လေသည်။


ဆန္ဒပြခြင်း၊ စက်ရုံ၊ အလုပ်ရုံများ ရပ်ဆိုင်းအောင်ပြုလုပ်ခြင်း၊ လျှပ်စစ်တာဝါတိုင်များ၊ တံတားများကို မိုင်းခွဲခြင်း၊ ရထားလမ်း၊ ကားလမ်းများကို ဖျက်ဆီးခြင်း၊ ကျောင်းများ၊ ရုံးများကို ဖျက်ဆီးမီးရှို့ ခြင်း၊ ဆရာဆရာမများ၊ ဝန်ထမ်းများကို သတ်ဖြတ်ခြင်း၊ လက်နက်ကိုင်တောခိုပုန်ကန်ခြင်းစသည်ဖြင့် ခွေးလှေးပျား တောအနှံ့ လုယက် ဖျက်ဆီး ယုတ်မာရက်စက်နေခဲ့သည်။


နိဂုံး


နိုင်ငံတော်အစိုးရက မည်မျှစိတ်ရှည်၊ သည်းခံ၊ ခွင့်လွှတ်၊ မေတ္တာဖြင့် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်ကို ပြည်သူအများက အပြစ်တင် လာသည်၊ အားမလိုအားမရ မကျေမနပ်ခံစားလာရသည်အထိ အခြေဆိုက်လာပြီ။ ယခုအချိန်သည်ကား ပြည်သူပြည်သားအားလုံးကပါ အမြော်အမြင်ရှိစွာဖြင့် (ဘယ်လိုမျှတိုင်းပြည်အကျိုးအတွက် မဖြစ်နိုင် ကြောင်း သိသာထင်ရှားစွာမြင်လာကြပြီးပြီပဲ) ပြည်သူလူထုတစ်ရပ်လုံး က လှည်းနေလှေအောင်း မြင်းဇောင်းမကျန် သောင်းကျန်းဆူပူနေသူ သူပုန်သူကန်ဟူသမျှကို အမြစ်ပါမကျန် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကူညီနှိမ်နင်းကြရမည့်အချိန် ရောက်နေပေပြီ။    ။

No comments

Powered by Blogger.