မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲဝင်များ သာယာဝတီ ဗဟိုအကျဉ်းထောင် ကြည့်ရှု စစ်ဆေး






နေပြည်တော် မတ် ၂၁


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့  ဦးဆောင်သော အဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃ ၊ ၄၄ တို့အရ ယနေ့တွင် ပဲခူးတိုင်းဒေသကြီးရှိ သာယာဝတီဗဟိုအကျဉ်းထောင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊  အချုပ်သား/အချုပ်သူများကိုအိပ်ဆောင်များ တွင်အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု ၊ ကျန်းမာ‌‌ရေး စောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာရ ရှိခြင်း ရှိ မရှိ၊ ရသင့် ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်သည်။


ယင်းနောက်အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ အကျဉ်းထောင်ဆေးရုံ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ မရှိတို့ကို ကြည့်ရှုစစ်ဆေးသည်။


ထို့ပြင် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ  လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေများကို ကော်မရှင်မှ သာယာဝတီဗဟိုအကျဉ်းထောင်ကို လှူဒါန်းခဲ့ရာ တာဝန်ခံအရာရှိမှ လက်ခံရယူသည်။

ယင်းအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.