ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး



နေပြည်တော်ဧပြီ၂၈


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်သည့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

             

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတာအမှတ်-၃) တည်ဆောက်ရေး လုပ်ငန်းခွင် သန်လျင်ဘက်ခြမ်းသို့ရောက်ရှိပြီး တံတားဦးစီးဌာမှ တာဝန်ရှိသူများက တံတားတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တံတားချဉ်းကပ်လမ်း ဆောင်ရွက်ပြီးစီးမှုတို့ကို လုပ်ငန်းခွင်အတွင်း လိုက်လံရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပဲခူးမြစ်အား စက်လှေများဖြင့် ဖြတ်သန်း၍ Cable Stay Main Tower အမှတ်(၁)ဖြစ်သော ရေလယ်တိုင် P11 ပေါ်သို့ တက်ရောက်စစ်ဆေးပြီး Main Tower အမှတ်(၂) P12 တွင် Pier Head များ ဆောင်ရွက်ပြီးစီးမှု ၊ P16,P17,P18,P19 နှင့် P20 တို့တွင် လွန်းထိုးခြင်း (Launching) နည်းပညာကို အသုံးပြု၍ P.C Box Girder များ တပ်ဆင်နေမှု တို့ကို ပဲခူးမြစ်ကို ဖြတ်သန်း၍ စစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များ၊ ရေလမ်းကြောင်း အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သာကေတဘက်ခြမ်း လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံရေး) ဦးကျော်ကောင်းချိုက  တံတား ဆိုင်ရာအချက်အလက်များ၊ တံတားကြီးပြီးစီးပါက ရရှိ လာမည့် အကျိုးကျေးဇူးများ ၊ လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဆွေ က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။


တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေး ကောင်းမွန်ရေးသည် မိမိတို့၏ အဓိကတာဝန်ဖြစ်ပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် မျိုးဆက်သစ် အင်ဂျင်နီယာများ မွေးထုတ်ပြုစုပျိုးထောင်ပေးရန် လိုပါကြောင်း၊ တည်ဆောက်ရေး အပိုင်းတွင် အဓိကကျသည့် ဒီဇိုင်းပညာရပ်များကို ဌာနရှိဝန်ထမ်းဖြင့် တိုးတက်အောင် ဆောင်ရွက်ရန် လိုပါကြောင်း၊ ယခုတံတားတည်ဆောက်ရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်နေကြသော ဌာနမှ ဝန်ထမ်း အင်ဂျင်နီယာများအနေဖြင့် အဆင့်မြင့်တံတား တည်ဆောက်ခြင်း နည်းပညာရပ်များကို လုပ်ငန်းခွင်မှ လေ့လာသင်ယူ၍ လူ့စွမ်းအားအရင်းအမြစ် မြင့်မားလာအောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်အတွင်းပြီးစီးရေး လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးတို့ကို ဂရုပြု ဆောင်ရွက်ကြရန် မှာကြားသည်။

ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ပြီးစီးပါက ရန်ကုန်မှ သန်လျင်သို့ အချိန်တိုအတွင်း အလွယ်တကူ ဆက်သွယ်သွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း လျော့နည်း သက်သာလာမည်ဖြစ်သည်။ တံတားတည်ဆောက်ရေးလုပ်ငန်းများကို  ၂၀၁၉ ခုနှစ် မေလမှ လုပ်ငန်း စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ တံတားတစ်စင်းလုံးလုပ်ငန်းပြီးစီးမှု(၇၆) ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် လုပ်ငန်းများပြီးစီးရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

           

No comments

Powered by Blogger.