အင်ဒိုနီးရှားနိုင်ငံ၌ စက်တပ်လှေငယ်တစ်စီးနစ်မြုပ်မှုဖြစ်ပွားသဖြင့် ၁၁ ဦးထက်မနည်းသေဆုံး၊ ကိုးဦးပျောက်ဆုံးနေ

 



ဧပြီ ၂၈


အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်းရီအာယူပြည်နယ်ရေပြင်တွင် ယမန်နေ့က  လူပိုမိုတင်ဆောင်လာသောခရီးသည်တင် လှေတစ်စီး နစ်မြုပ်ခဲ့ရာ လူ ၁၁ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားကိုးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကယ်ဆယ်ရေးသမားတစ်ဦးက ပြောကြားသည်။


အဆိုပါစက်တပ်လှေငယ်သည် ထိုခရိုင်ရှိပင်လယ်ဆိပ်ကမ်းမှထွက်ခွာလာပြီးနောက် မိနစ် ၃၀ ခန့်အကြာတွင် ပူလ်အူဘူရန်ခရိုင် ရေပြင်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ 


ထိုလှေသည် ရီအာယူကျွန်းစုပြည်နယ်မြို့တော် တန်ဂျန်ပီနန်ပင်လယ်ဆိပ်ကမ်းသို့ ဦးတည်လာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးရုံးအကြီးအကဲ စီဒါကာယာက ပြောကြားသည်။


ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၊ စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ကယ်ဆယ်ရေးအဖွဲ့တို့ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာ လူ ၅၈ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ၎င်းကပြောကြားသည်။


ထိုစက်တပ်လှေငယ်သည် လူပေါင်း ၈၀ ကျော်တင်ဆောင်ရန်အတွက် အလွန်သေးငယ်သည်ဟု ၎င်းကဆိုသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.