လူ့စွမ်းအားအရင်းအမြစ်များပျိုးထောင် အနာဂတ်နိုင်ငံတော်တည်ဆောက်
နိုင်ငံတစ်နိုင်ငံ အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး
အောင်မြင်စေရန်အတွက် နိုင်ငံ့စီးပွား ဖွံ့ဖြိုး
တိုးတက်ရေးသည် အရေးကြီးသကဲ့သို့ နိုင်ငံသူနိုင်ငံသားများ၏ စိတ်ဓာတ်နှင့် ကိုယ်ကျင့်တရား
ကောင်းမွန်ရေးသည်လည်း အရေးကြီးသည်။ နိုင်ငံတော် ထာဝရအဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက်
နိုင်ငံသားများ၏ မြင့်မားသည့် အသိဉာဏ်ပညာစွမ်းပကားနှင့် တည်ဆောက်ကြရမည်ဖြစ်သကဲ့သို့
နိုင်ငံနှင့် လူမျိုးကိုချစ်မြတ်နိုးသည့်စိတ်၊ ကိုယ်ကျင့်တရားကို တန်ဖိုးထားသည့်စိတ်၊
ကြိုးစား အားထုတ်မှုနှင့်တီထွင်ဖန်တီးလိုစိတ်များရှိရန် အထူးလိုအပ်သည်။
ယင်းတို့ကို ပညာရေးမှ အခြေခံအုတ်မြစ်များ
ချထားပေးသည်။ ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်လာရေးအပြင် ကျွမ်းကျင်တတ်မြောက်သည့်ပညာများနှင့်
ပြည့်စုံသည့် လူသားအရင်းအမြစ်များကို ပျိုးထောင် ဖန်တီးပေးလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့်
နိုင်ငံ၏အနာဂတ်ကို ဦးဆောင်နိုင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကျောင်းသားကျောင်းသူ
လူငယ်လူရွယ်များကို စဉ်ဆက်မပြတ် ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ အများနှင့်စုပေါင်း
နေထိုင်တတ်စေရန်၊ အများအကျိုးကို ဆောင်ရွက်နိုင်စေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ပြည့်စုံသည့်
အနာဂတ် မျိုးဆက်သစ်များဖြစ်လာရေး ပြုစုပျိုးထောင်ပေးနိုင်ရန်အတွက် လူရည်ချွန်စီမံကိန်းများအပြင်
လူငယ်ကဏ္ဍ အစီအစဉ်များစွာကိုလည်း အားပေးဆောင်ရွက်လျက်ရှိသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ
ဩဝါဒခံယူပွဲတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ ပညာ ထူးချွန်ပြီး ထက်မြက်သည့် ဉာဏ်ရည်ဉာဏ်သွေးနှင့်
အသိပညာ အတတ်ပညာများ တတ်မြောက်သည့်အပြင် ကျန်းမာသန်စွမ်းခြင်း၊ ကြိုးစားအားထုတ်ခြင်း၊
စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ ယဉ်ကျေးလိမ္မာခြင်း၊ မျိုးချစ်စိတ်ဓာတ်ရှိခြင်းစသည့်
ကောင်းမြတ်သော အရည်အသွေးများပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ ရရှိပိုင်ဆိုင်ကြစေရန်
လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကို အုတ်မြစ်ချတည်ဆောက် ခြင်းပင်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
ယခုပညာသင်နှစ်တွင် လူရည်ချွန်စုစုပေါင်း
၄၈၇ ဦးကို ရွေးချယ်မွေးထုတ်နိုင်ခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင်စသည့် လူရည်ချွန်စခန်းအသီးသီးသို့
လေ့လာရေး ခရီးစဉ်အဖြစ် စေလွှတ်နိုင်အောင် စီမံဆောင်ရွက်နေသည်ကို တွေ့ရသည်။ လူရည်ချွန်စီမံကိန်းကို
၁၉၆၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး လာမည့်နှစ်တွင် နှစ် ၆၀ ပြည့်တော့မည်ဖြစ်သည်။
မွေးထုတ်ပေးခဲ့သော လူရည်ချွန်မောင်မယ်များသည် နိုင်ငံ့အကျိုးကို ကျရာကဏ္ဍမှ ကျေပွန်စွာထမ်းရွက်ခဲ့ကြသည်။
လူငယ်လူရွယ်များသည် အနာဂတ်တွင် နိုင်ငံတော်၏တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့်
သားကောင်းရတနာများဖြစ်သည်။ စိတ်ထား မြင့်မြတ်ပြီး အဘက်ဘက်တွင် ပြည့်စုံသည့် သားကောင်းရတနာများ
ဖြစ်လာစေရန် ပျိုးထောင်ပေးရေးသည် နိုင်ငံတော်က မဖြစ်မနေဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံအတွက် အားထားရမည့်
လူချွန်လူကောင်းများ၊ လူရည်မွန်များ ပြုစုပျိုးထောင် မွေးထုတ်ပေးရေးသည် အလွန်အရေးကြီးသည့်
ကဏ္ဍဖြစ်သည်။ ကိုယ်နှုတ်နှလုံးသုံးပါး ယဉ်ကျေးလိမ္မာပြီး လူမှုရေးအသိစိတ်ဓာတ်များ ရှိစေရန်၊
လူ့အဖွဲ့အစည်းအသီးသီးတွင် အဆင်ပြေ လိုက်လျောညီထွေ နေထိုင်တတ်စေရန်၊ ပူးပေါင်းညှိနှိုင်းဆောင်ရွက်တတ်မှု၊
ဦးဆောင်တတ်သူများ ဖြစ်လာစေရန်နှင့် နောက်လိုက်ကောင်းများ ဖြစ်လာစေရန်လိုအပ်သည်။ အခွင့်အရေးများနှင့်
လျော်ညီစွာ ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားများကို သိရှိနားလည်ပြီး လိုက်နာကျင့်သုံးတတ်စေရန်၊
လူလိမ္မာနှင့် လူမိုက်ကို ခွဲခြားသိရှိကာ ပေါင်းသင်း ဆက်ဆံတတ်စေရန်၊ ပညာရှိ သူတော်ကောင်းများ၏
သဘောသဘာဝကိုနားလည်ပြီး အဆိုပါပုဂ္ဂိုလ်များကဲ့သို့ နေထိုင်ပြုမူကျင့်သုံးတတ်စေရန်၊
စိတ်ထားမြင့်မြတ်သည့် လူရည်ချွန်လူရည်မွန်များဖြစ်လာစေရန် စဉ်ဆက်မပြတ်ပျိုးထောင်ကြရမည်
ဖြစ်သည်။
အဆိုပါ အရည်အသွေးကောင်းများကို ပိုင်ဆိုင်ထားသည့်
ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များသည် လူ့အသိုင်းအဝိုင်းအတွင်း အချင်းချင်းပူးပေါင်း
ဆောင်ရွက်မှု၊ ရိုင်းပင်းကူညီမှု၊ စာနာထောက်ထားမှု၊ ရင်းနှီးဖော်ရွေမှု၊ ယဉ်ကျေး သိမ်မွေ့မှု၊
အပြန်အလှန်လေးစားမှုတို့ဖြင့် နေထိုင်ပြောဆိုဆက်ဆံကြပြီး စဉ်းစားဆင်ခြင်မှု အသိဉာဏ်ပညာများဖြင့်
ဆက်လက်ကြိုးစား အားထုတ်သွားမည်ဆိုပါက မိမိတို့ဘဝအတွက် အောင်မြင်မှုအသီးသီးကို ရရှိပိုင်ဆိုင်ပြီး
အေးချမ်းသာယာဝပြောသည့် နိုင်ငံတော်ကို တည်ဆောက်ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ အသိပညာ အတတ်ပညာပြည့်စုံသူများ
ဖြစ်လာစေရန်နှင့် လူရည်ချွန် လူရည်မွန်များ ဖြစ်လာစေရန် နိုင်ငံတော်က ပြုစုပျိုးထောင်အားပေး
မြှင့်တင်ဆောင်ရွက်ပေးနေချိန်တွင် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်အပေါင်းတို့က နိုးကြားတက်ကြွစွာဖြင့်
ပါဝင်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း။
ကြေးမုံ

No comments