၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ
နေပြည်တော်
ဧပြီ ၂၇
ထူးချွန်ထက်မြက်သည့်
ကျောင်းသားကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန်
ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း
လူရည်ချွန် (၁၆၀)၊ ဒသမ တန်းလူရည်ချွန် (၁၆၀)၊ ဧကာဒသမတန်း လူရည်ချွန် (၁၅၈) ဦး၊ စုစုပေါင်း (၄၇၈) ဦးကို မွေးထုတ် နိုင်ခဲ့သည်။
အဆိုပါလူရည်ချွန်မောင်မယ်များသည်
ယနေ့နံနက်ပိုင်းတွင် နေပြည်တော်စုရပ် စခန်းမှ သက်ဆိုင်ရာ လူရည်ချွန် အပန်းဖြေစခန်းမှူးများ၊
ကြီးကြပ်ဆရာဆရာမများ လိုက်ပါလျက် ပုဂံ၊ တောင်ကြီး၊ ငွေဆောင်လူရည်ချွန်
စခန်းအသီးသီးသို့ လေ့လာရေးခရီးစဉ် စတင်ထွက်ခွာကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း (Grade-10) လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများသည် တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းမှူး
ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင် ဦးဆောင်၍ စတင်ထွက်ခွာကြပြီး နံနက် ၁၀
နာရီတွင် ကလောမြို့သို့ရောက်ရှိကာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊
ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားကျောင်းသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများက
လမ်းဘေးဝဲယာတစ်လျှောက် အလံငယ်များ ဝှေ့ယမ်းနှုတ်ဆက်၍လည်းကောင်း၊ ဘင်ခရာ၊
ပန်းပွားအကများနှင့် ရှမ်းအိုးစည် ဗုံမောင်း တီးမှုတ်၍လည်းကောင်း ကြိုဆိုကြသည်။ ထို့နောက် လူရည်ချွန်မောင်မယ်များသည် ကလောမြို့ အမှတ်(၁)
အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး နေ့လယ်စာသုံး ဆောင်ကြသည်။
ယင်းနောက်
တောင်ကြီးလူရည်ချွန် အပန်းဖြေစခန်းသို့ ဆက်လက်ထွက်ခွာကြပြီး ပြည်ထောင်စု လမ်းမဘေးရှိ
အောင်ပန်းဗျူးပွိုင့်တွင် ခေတ္တရပ်နား၍ အမှတ်တရစုပေါင်းဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဆက်လက်ထွက်ခွာပြီး
မွန်းလွဲ ၂ နာရီတွင် လူရည်ချွန်စခန်းဖွင့်လှစ်ထားသည့် တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့
ရောက်ရှိကြရာ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်





No comments