မိုးကေနိုင်
ခေတ်အဆက်ဆက်ဆက်ခံကြသည့် သမိုင်းအမွေအနှစ်များစွာတွင်
အနုပညာသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ မွန်မြတ်သော မြန်မာ့ရုပ်ရှင်သည်လည်း အစဉ်အလာ ကောင်းများစွာဖြင့်
သမိုင်းမော်ကွန်းကောင်းများကို စိုက်ထူနိုင်ခဲ့သည်ချည်းဖြစ်သည်။ ခေတ်အဆက်ဆက် ပြည်သူချစ်သော
အနုပညာရှင်များသည် မြန်မာ့ယဉ်ကျေးမှုကို ရသအစုံဖြင့် သရုပ်ဖော်ခဲ့ကြပြီး သရုပ်ပျက်ယဉ်ကျေးမှုကို
တိုက်ဖျက်နိုင်စွမ်းရှိခဲ့သည်။ ဖြေဖျော်ရေးသာမက တိုင်းပြည်ချစ်စိတ်၊ အမျိုးချစ်စိတ်၊
ဘာသာသာသနာ စောင့်ရှောက်လိုစိတ်များကို ပေးစွမ်းနိုင်ခဲ့သည့်အပြင် ဘဝအတွက် ပညာပေးသင်ခန်းစာများကိုလည်း
အတုယူဖွယ် ထုတ်ဖော်ပြသနိုင်ခဲ့ကြသည်။
မကြာမီကာလတွင် မြန်မာတို့၏ ရုပ်ရှင်နှင့်
ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ခြင်း သမိုင်းစာမျက်နှာ တစ်ခုကို ပြန်လည်ဖွင့်လှစ်ကြပါတော့မည်။ အနုပညာလောကကြီး
ပြန်လည်ဖွံ့ဖြိုး တိုးတက်လာရေးအတွက် အရှိန်အဟုန်မြှင့်တင်ကြတော့မည် ဖြစ်သည်။ ၂၀၁၉၊
၂၀၂၀၊ ၂၀၂၂ ခုနှစ်များအတွက် သုံးနှစ်စာပေါင်း၍ မြန်မာ့ရုပ်ရှင်အကယ်ဒမီဆု ချီးမြှင့်ခြင်း
အခမ်းအနားကြီး တစ်ခုကို ပြည်သူလူထုကြီးက စိတ်လှုပ်ရှားဖွယ် ပြန်လည်မြင်တွေ့ကြရပါတော့မည်။
အနုပညာတွင် ပရော်ဖက်ရှင်နယ် ပီသစွာစိတ်နှစ်ထားသော ထူးချွန်အနုပညာရှင်၊ အတတ်ပညာရှင်များကို
အနှစ်သာရအပြည့်ဖြင့် ဤကဲ့သို့အခမ်းအနားမျိုး၊ ယခုလို အခြေအနေမျိုး၌ ပြန်လည်ရှုစားခွင့်ရသည်မှာ ဝမ်းသာကြည်နူးစရာအတိ ဖြစ်သည်။
၁၉၂၀ ပြည့်နှစ်က စတင်ပေါ်ထွန်းခဲ့သော
မြန်မာ့ရုပ်ရှင်နှင့် ၁၉၅၂ ခုနှစ်မှ စတင်ပေးအပ်နိုင်ခဲ့ သည့် အကယ်ဒမီထူးချွန်ဆုအခမ်းအနားများကား
ကိုဗစ်ကပ်နှင့် မြန်မာ့သမိုင်း အချိုးအကွေ့တစ်ခုတွင် ပြည်သူရှေ့မှောက် ကာလအတန်ကြာ ပျောက်ကွယ်နေခဲ့ရပြီး
စောင့်စားနေခဲ့ရသည်မှာလည်း ကြာပြီဖြစ်သည်။
အနုပညာရှင်များ၏ဆန္ဒကို နားထောင်ပြီး တာဝန်ရှိသူများ၏ စိတ်စေတနာအပြည့်ဖြင့် ခင်းကျင်းထားသော
ဤပွဲသို့ စိတ်တူကိုယ်တူ၊ ဝါသနာတူ အနုပညာရှင်အားလုံး တက်တက်ကြွကြွ စိတ်ချမ်းမြေ့စွာဖြင့်
မပျက်မကွက် ပါဝင်ဆင်နွှဲပေးကြပါရန် ပြည်သူများက ဖိတ်ခေါ်လျက်ရှိသည်။ အနုပညာချစ်မြတ်နိုးသော
ပြည်သူအားလုံးက သူတို့ချစ်သောအကယ်ဒမီရှင်များကို အားပေးချီးမြှောက်လိုကြသည်မှာ ဓမ္မတာပင်ဖြစ်သည်။
ကာလလိုအပ်ချက်နှင့်အညီ
ယခုလိုအခြေအနေမျိုးတွင် မြန်မာ့ရုပ်ရှင်သည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်
လိုအပ်နေသေးသည်ကို အားလုံးက သဘောပေါက်ကြသကဲ့သို့ ယနေ့မျိုးဆက်တို့ဘက်က ပြန်လည်မြှင့်တင်ရမည့် သမိုင်းပေးတာဝန်တစ်ရပ်လည်း
ဖြစ်နေသည်။ အနာဂတ်အတွက် ကောင်းသောအမွေဟူသည်
ချန်ထားရစမြဲဖြစ်သလို လက်ဆင့်ကမ်းပေးဆပ်ရစမြဲလည်း ဖြစ်သည်။
မကြာမီတွေ့မြင်ရမည့်
အခမ်းအနားကိုလည်း အမျိုးသားရေးအမွေအနှစ်ကို လက်ဆင့်ကမ်းသည့် ပွဲတော် တစ်ခုအဖြစ်
မှတ်ယူထားသည်။ ယခုလိုအခြေအနေမျိုးဟု ဆိုခဲ့သည်ဖြစ်ရာ နိုင်ငံအနေဖြင့် တည်ငြိမ်မှု၊
ငြိမ်းချမ်းမှု၊ စည်းလုံးညီညွတ်မှု၊ တရားမျှတမှုနှင့် ဖွံ့ဖြိုးမှုတို့ကို ဟန်ချက်ညီညီ
အရှိန်အဟုန် ပြင်းပြင်းဖြင့် ဆောင်ရွက်နေရသောအခြေအနေ တစ်ရပ်ကိုညွှန်းလိုသည်။ အဖျက်နှင့် အပျက်သဘောတရားများနေရာတွင် အကောင်းမြင် အပြုသဘောများဖြင့် အစားထိုး နေရသောကာလမျိုး ဖြစ်သည်။ အမုန်းတရားများကို
ချစ်ခြင်း မေတ္တာဖြင့် ချေဖျက်နေရသည်။ နိုင်ငံသားတစ်ဦးချင်းတွင်ရှိအပ်သည့် နိုင်ငံသားကျင့်ဝတ်များ
ဖြည့်ဆည်းရန် အထူးလိုအပ်နေသည်။
ပြည်သူလူထုအတွင်း သတင်းအတုအယောင်၊ သတင်းမှား၊
ကောလာဟလများ ပျံ့နှံ့နေဆဲဖြစ်ပြီး သတင်းမှန်များဖြင့် အလျင်အမြန်တုံ့ပြန်နေရဆဲ ဖြစ်သည်။
လူငယ်ထုအတွင်း ရှိသင့်ရှိထိုက်သော အသိအမြင်ဗဟုသုတများ တွေးခေါ်မြော်မြင် ခွဲခြမ်းစိတ်ဖြာ
သုံးသပ်နိုင်စွမ်းများ ဖြစ်ထွန်းရန် အလှမ်းကွာဆဲဖြစ်သည်။ မျိုးချစ်စိတ်၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေ၊ ဓလေ့ထုံးစံများ မပျောက်ပျက်အောင်
မပြတ်ထိန်းသိမ်းစောင့်ရှောက်နေရသည့်အပြင် ဘာသာတရားအဆုံးအမများကို လိုက်နာဖြည့်ဆည်းရန်
အရေးတကြီး လိုအပ်သည့် ကာလဟုလည်း ဆိုရပါမည်။
အထက်ပါလိုအပ်ချက်များကို ခေတ်အဆက်ဆက်
အနုပညာရှင်ကြီးများက တာဝန် ကျေပွန်စွာဖြင့် ကိုယ်တိုင်ကိုယ်ကျ ဖြည့်ဆည်းပေးခဲ့ကြသည်ကို
တန်ဖိုးထား ကျေးဇူးတင်ရသည်။ အနုပညာအရာတွင် အသိအတတ်ပညာရှင်များပီပီ ဇာတ်လမ်းဇာတ်ကွက်မျိုးစုံမှာ
အချစ်အမုန်း၊ အနုအကြမ်း၊ ဟာသအစုံ၊ ရာဇဝင်ကုန်အောင် ဖန်တီးပေးခဲ့ကြသူများသည် တန်ဖိုးထိုက်သူများဖြစ်ကြသည်။
ဘာသာရေး၊ အတ္ထုပ္ပတ္တိမကျန်၊ စစ်စွန့်စားခန်းမျိုးစုံဖြင့် ဘဝအမှန်ကို ဂီတသံစုံမှာ
ရသစုံအောင် သရုပ်ဖော်နိုင်ခဲ့ကြသူများ၏ ကျေးဇူးတရားကား ကြီးမားလှသည်။
လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ
အနုပညာဟူသည် ပါတီနိုင်ငံရေးနှင့် နိုင်ငံရေးချုပ်ကိုင်မှုအောက်တွင်
ထွေးရောယှက်တင် မဖြစ်သင့်ဘဲ နိုင်ငံ၏အရေး၊ ပြည်သူ့အရေးကိုသာ ထင်ဟပ်သင့်ပါသည်။ စီးပွားရေးသွင်ပြင်
လက္ခဏာများနှင့်အတူ အပန်းဖြေပညာရရေးအတွက်ပါ ပြည်သူအတွက်ဟူ၍ ဦးတည် သင့်သည်။ နိုင်ငံတော်က
သွားနေသည့်လမ်းကြောင်းတွင် ယနေ့ခေတ် မူဝါဒများကိုထင်ဟပ်၍ အနုပညာရသပေါ်လွင်အောင် ဖော်ထုတ်သင့်ကြသည်။
မြန်မာ့ရုပ်ရှင်ဆိုသည်ကား လွတ်လပ်ရေး
ကြိုးပမ်းမှုသမိုင်းကို မော်ကွန်းတင်ဖော်ကျူးရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့ဖူးသည်။ အာဇာနည်ခေါင်းဆောင်များ၏
ဈာပနအခမ်းအနားကိုလည်း မှတ်တမ်း တင်ခဲ့ဖူးသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ပါဝင်ခဲ့ဖူးသည့်
သရုပ်ဆောင် ဒါရိုက်တာနှင့် ဟာသသရုပ်ဆောင်များ ရှိခဲ့ဖူးသည်ဟုလည်း လေ့လာမိသည်။ ကျောင်းသားသပိတ်၊
ဖက်ဆစ်တော်လှန်ရေးနှင့် ရေနံမြေသပိတ်များကို သွားရောက်မှတ်တမ်း တင်ခဲ့ဖူးသည်အထိ နိုင်ငံနှင့်လူမျိုးအတွက်
ဂုဏ်ယူလေးစားဖွယ် သမိုင်းဝင်မော်ကွန်း ထိုးခဲ့ကြသည် ကို စံနမူနာအဖြစ် အမှတ်ရစေလိုပါသည်။
ရုပ်ရှင်သည် လူတိုင်းအတွက် သည်းခြေကြိုက်
အာဟာရဖြစ်၍ စိတ်ဓာတ်စစ်ဆင်ရေး Soft power လက်နက်တစ်ခုအဖြစ်လည်း အသုံးပြုကြသည်။ အကျိုးရှိအောင်
အသုံးချနိုင်ရန်သာ လိုပါသည်။ အထက်ပါတင်ပြခဲ့သလို ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့လူမျိုးအတွက် ခေတ်ရေစီးကြောင်းနှင့်အတူ လိုက်ပါနိုင်မည့်အနေအထားနှင့်ထပ်တူ
သဟဇာတဖြစ်မည့် ခံယူချက်ကောင်းများ စိတ်ဓာတ်ကောင်းများဖော်ဆောင်ရာတွင် ထိရောက်သည့်ဖန်တီးမှုများ
ပြုလုပ်ရန် များစွာလိုအပ်နေပါသေးသည်။
လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းနှင့်အတူ
ပေါ်ထွန်းခဲ့သော မြန်မာ့ရုပ်ရှင်ဇာတ်လမ်းများသည် ကိုလိုနီလက်အောက်ခံဘဝ၊ နယ်ချဲ့ဆန့်ကျင်ရေး၊
တိုင်းချစ်ပြည်ချစ်စိတ်၊ သူ့ကျွန်မခံလိုစိတ်၊
ဇာတိသွေး ဇာတိမာန်နှင့် ဝံသာနုရက္ခိတတရား ပြည်ထောင်စုစိတ်ဓာတ်တို့ကို ကောင်းစွာ
လှုံ့ဆော်နိုင်ခဲ့သည်အထိ ထိုခေတ်ရုပ်ရှင်ပညာရှင်များဘက်က တာဝန်ကျေခဲ့ကြသည်။ လွတ်လပ်ရေးရပြီး
နောက်ပိုင်းတွင်လည်း အဖျက်သဘောများနေရာတွင် အမျိုးသားနိုင်ငံရေး အကျိုးပြု ဇာတ်လမ်းကောင်းများဖြင့်
မော်ကွန်းထိုးနိုင်ခဲ့သည်ကို တွေ့ရှိရသည်။
အမွေခံကောင်းသဖွယ် မြန်မာ့အနုပညာ
ခေတ်အဆက်ဆက် မြန်မာရုပ်ရှင်ဇာတ်ကားများသည်
နိုင်ငံ့အရေးအရာ၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လေးစားဖွယ်ရာ စံပြုဂုဏ်ယူစရာများဖြစ်ခဲ့ကြသလို
လောကီဇာတ်ခုံ လူ့ဘဝအစုံကို ရည်ညွှန်းသည့် လူမှုအရေးအရာများကို ပြုပြင်ရာတွင်လည်း ပညာပေးဇာတ်ကား ကောင်းများစွာဖြင့် ဖော်ထုတ်ဖန်တီးနိုင်ခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံကို မြန်မာပီသစွာကမ္ဘာကို
ချပြနိုင်ခဲ့ကြသည်။ စံနမူနာယူစရာ မိသားစုချစ်ခြင်း မေတ္တာကို နက်ရှိုင်းစွာဖော်ထုတ်နိုင်ခဲ့ကြပြီး
မြန်မာ့ယဉ်ကျေးမှုနှင့် မအပ်စပ်ရာ ဇာတ်ဝင်ခန်းများမဖြစ်ပေါ်စေရန်
အထူးဂရုစိုက်၍ နူးညံ့သိမ်မွေ့သော မြန်မာတို့၏
ချစ်ခြင်းမေတ္တာကို ပီပြင်စွာ ရိုက်ကူးပြသနိုင်ခဲ့ကြသည်။
ဘာသာတရားကို မလေးမစားမလုပ်၊ သာသနာကို
အလေးထား၍ ဘုရားသာသနာကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ ခေတ်အဆက်ဆက် မြန်မာ့ရုပ်ရှင်နှင့်
အနုပညာရှင်များ၏ အနုပညာအမွေကို ထိန်းသိမ်းလက်ဆင့်ကမ်းခဲ့ကြပုံများကို
ယခုလိုကာလမျိုးတွင် ဂုဏ်ယူဖွယ်အမွှမ်းတင်လို
ခြင်းပင်ဖြစ်သည်။ အထူးသဖြင့် ယနေ့မျိုးဆက်သစ် လူငယ်အနုပညာရှင်များ အနေဖြင့် မြန်မာ့ရုပ်ရှင်ကို
ဂုဏ်ယူစွာ တန်ဖိုးထား လက်ဆင့်ကမ်း ယူနိုင်ကြစေရန်ရည်ရွယ်ပြီး တန်ဖိုးထားသင့်သည်ကို တန်ဖိုးထား၊ လေးစားသင့်သည်ကို
လေးစား၊ ရိုသေသင့်သည်ကို ရိုသေ၊ စောင့်ရှောက်အပ်သည်ကို
စောင့်ရှောက်နိုင်ရန် အဓိကဖြစ်ပါသည်။
ယခုတစ်ဖန် တာဝန်ရှိသူများက အနုပညာကို
ခါးဆက်မပြတ်စေဘဲ မြင့်သည်ထက်မြင့်လာရန် မြှင့်နိုင်သမျှ မြှင့်ပေးနေသည်ဖြစ်ရာ ပြည်သူချစ်သော
ရုပ်ရှင်လောကကြီး ပြန်လည်နိုးထအသက် ဝင်လာပေတော့မည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ
ရသမျှရင်းမြစ်များဖြင့် ရုပ်ရှင်လောက ကြီးကို ယခုလိုတတ်အားသမျှ ပံ့ပိုးပေးနေခြင်းသည်ပင်
ရုပ်ရှင်လောကသား အနုသုခုမပညာရှင်များကို
တန်ဖိုးထား၍ဖြစ်သည်၊ အနုပညာစင်မြင့်ပေါ် ပြန်လည်ရောက်ရှိစေလို၍ ဖြစ်သည်၊ အနုပညာကို
တန်ဖိုးထားသော ပြည်သူအပေါင်းကို ရိုသေလေးစား၍ ဖြစ်သည်။ အရေးကြီးသည်မှာ အားလုံးကပူးပေါင်းပါဝင်ရန်ပင် ဖြစ်သည်။
အခွင့်အလမ်းကို မိမိအတတ်ပညာအားဖြင့်
ဆုပ်ကိုင်အသုံးချတတ်ရန်သာ လိုသည်။ အနုပညာသည်
တစ်ဦးတစ်ယောက် တစ်စုတစ်ဖွဲ့အတွက် ခုတုံးလုပ်အသုံးချခံရန်မဟုတ်၊ အမျိုးသားရေး၊
ဖွံ့ဖြိုးရေး၊ အေးချမ်းရေး၊ သာယာဝပြောရေးအတွက်
မိမိတို့အတတ်ပညာဖြင့် ပြည်သူကို အလင်းဆောင် ရန်ဖြစ်သည်။ တိမ်းစောင်းနေသည်များကို မိမိတို့လုပ်အားဖြင့်
တည့်မတ်ပေးဆပ်ရန်သာ ဖြစ်သည်။ နိုင်ငံနှင့်ပြည်သူအတွက် ဦးထိပ်ပန်ဆင်ရမည့် ထိုခံယူချက်များဖြင့်
အတ္တနှင့်ပရ မျှတစွာစဉ်းစားပါက ရေမြင့်၍ ကြာလည်းတင့်လာမည်သာ ဖြစ်သည်။
အနုပညာရှင်ကောင်းတစ်ယောက်မှာ
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်ဟူသည်
မိမိတို့ကိုယ်တိုင်က အစွမ်းထက်သူများ၊ လွှမ်းမိုးဩဇာကြီးသူများဖြစ်၍ အများသူငါကို ပညာပေးနိုင်စွမ်းရှိသူများဟု
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားရှိသင့်ကြသည်။ အမှားတွေ့လျှင် အမှန်ပြင်ပေးသူ၊ အတွေးအခေါ်ကို
ပြောင်းလဲနိုင် စွမ်းသူ၊ ဖန်တီးရှင်ပါဝါအပျော့စား လမ်းမှန်သို့ တည့်မတ်ပေးသူများဖြစ်ကြသည်။
လူအများ၏ စိတ်ဖိစီးမှုများကို လျှော့ချပေးပြီး သောကအပူကို လျော့စေသည်။ ရံဖန်ရံခါအတွေးအခေါ်၊
အယူဝါဒထက် လူများ၏ ခံစားချက်နှင့် လူသားများ၏ဘဝကို ပို၍နားလည်ပေးရသည်လည်းရှိသည်။ ထိုအချက်ကို
အနုပညာရှင်များကသာ ပို၍သိသလို ပို၍လည်း ဖြည့်ဆည်းပေးနိုင်ကြသည်ဟု ထင်ပါသည်။ လူငယ်များကို
လိမ္မာအောင်၊ ယဉ်ကျေးလာအောင်၊ ကြိုးစားလာအောင်၊
ဘဝတိုးတက်အောင် လမ်းမှန်ပြနိုင်သူများဖြစ်၍ အလွန်တန်ဖိုးကြီးသူ ဘဝဖန်တီးရှင်များဟု
တင်စားထိုက်ပါသည်။
မည်သို့ပင်ဆိုစေ မကြာမီရှုစားကြရတော့မည့်
အကယ်ဒမီမြင်ကွင်းများနှင့်အတူ မြန်မာ့ရုပ်ရှင်နှင့် ရုပ်ရှင်လောကသားများအတွက် ကောင်းသောအလားအလာများကို
မှန်းဆမိသည်။ ပြည်သူများ ဘက်ကလည်း ကိုဗစ်ကာလမှစ၍ ယခုကာလအခြေအနေများအထိ အခက်အခဲ၊ အတက်အကျ၊ အနိမ့်အမြင့်များစွာဖြင့် ကြိုးစားရုန်းကန်ခဲ့ကြရသည့်
အနုပညာရှင်များအပေါ် စာနာနားလည်မှုရှိဆဲ ပင်ဖြစ်သည်။ ပြီးစီးခဲ့သည့် အတာသင်္ကြန်ပွဲတွင်
ဆင်နွှဲခဲ့ကြသည့် ရုပ်ရှင်၊ ဂီတအနုပညာရှင်များ၏
တက်ကြွလန်းဆန်းမှုပုံရိပ်များက ယခုကျင်းပမည့် အကယ်ဒမီပေးပွဲမြင်ကွင်းကိုပါ ကြည်နူးပျော်ရွှင်မှုရသများစွာကို
ထပ်မံပေးစွမ်းနိုင်မည်ဟု ယုံကြည်မိပါသည်။
ပြီးခဲ့သည့် လူထုပျော်ရွှင်ပွဲများတွင်
ပြသခဲ့ကြသည့် စိတ်အားထက်သန်မှုများကို ဆက်လက် အသုံးချနိုင်ပါစေကြောင်း ပြည်သူများ၏
နှလုံးသားတွင် ကြီးစွာမျှော်လင့်နေပါသည်။ မကြာမီကျင်းပတော့မည့် အကယ်ဒမီမြင်ကွင်း၌ အနုပညာလောကသား
အားလုံး အတူရှိစေချင်သည်မှာ ပြည်သူတို့၏ဆန္ဒ ဖြစ်သည်။ စိတ်တူကိုယ်တူ ပေါင်းစည်းစေချင်သလို
အနုပညာရှင်တို့၏ အခန်းကဏ္ဍနှင့်အတူ ရုပ်ရှင်လောက ဆန်းသစ်ဖွံ့ဖြိုး တိုးတက်လာမည်ကိုလည်း
မြင်လိုကြပါသည်။ နိုင်ငံပြန်လည်တည်ဆောက်ရေးမှာပါဝင်ပြီး အစဉ်အဆက်နိုင်ငံ၏ အားတစ်ခုဖြစ်လာစေရန်သာ
ဆန္ဒပြုလိုက်ရပါသည်...။ ။

No comments