Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြန်လည်ပြေးဆွဲ







ရန်ကုန် ဧပြီ ၂၇


Xiamen Airlines ၏ ရှာ့မန် - ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်များကို ဧပြီ ၂၆ ရက်တွင်  ပြန်လည်ပြေးဆွဲခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများအား စီမံခန့်ခွဲလျက်ရှိသည့် Yangon Aerodrome CompaLimited (YACL) မှ သိရသည်။


ရှာ့မန်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမှုအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှာ့မန်မြို့မှ ခရီးသည် ၁၅၂ ဦးလိုက်ပါသည့် Xiamen Airlines ၏ လေယာဉ်အမှတ် - MF8669/70 သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဧပြီ ၂၆ ရက် ညနေ ၅ နာရီခွဲတွင် ဆိုက်ရောက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆိုက်ရောက်ခရီးသည်တို့အား အမှတ်တရ လက်ဆောင်များနှင့် Key Chain များပေးအပ်၍ ဝမ်းမြောက်ပျူငှာနွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။


Xiamen Airlines သည် ရန်ကုန်မြို့-ရှာ့မန်မြို့ တိုက်ရိုက်ခရီးစဉ်များကို အပတ်စဉ် တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့နှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် ၃ ကြိမ်တိုက်ရိုက် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် မိမိတို့၏ခရီးစဉ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကို https://www.xiamenair.com/en-ww/ တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းများကို စီမံခန့်ခွဲလျက်ရှိသည့် YACL အနေဖြင့် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန DCA နှင့် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း ICAO တို့၏ လမ်းညွှန်ချက်များနှင့်အညီ ဝန်ဆောင်မှုပေးလျက်ရှိကာ နိုင်ငံတကာလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲရာ၌ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ လေဆိပ်ဝန်ဆောင်မှုကို အသုံးပြုသူခရီးသွားများ သိရှိလိုက်နာရန် ခရီးသွားရာနိုင်ငံအလိုက် လိုအပ်သော ဆိုက်ရောက်/ထွက်ခွာ ပြည်အဝင်အထွက် ကန့်သက်ချက်များကိုလည်း စဉ်ဆက်မပြတ် စောင့်ကြည့်အသိပေးလျက်ရှိပြီး ၂၀၂၂ ခုနှစ်တွင် လေဆိပ်အသုံးပြုသူ ဆိုက်ရောက်၊ ထွက်ခွာခရီးသည်ပေါင်း ၂၁၄၉၂၀၂ ဦးနှင့် လေကြောင်းခရီးစဉ် ပျံသန်းပြေးဆွဲမှု အကြိမ်ရေ ၃၃၇၅၀ ကြိမ်အထိ ဝန်ဆောင်မှုများပေးနိုင်ခဲ့ကြောင်း သိရသည်။


ဓာတ်ပုံ- ကနူး

ညိမ်းသူ(သတင်းစဉ်)

No comments

Powered by Blogger.