ဖိလစ်ပိုင်နိုင်ငံသို့တိုင်ဖွန်းမုန်တိုင်း မဝါ ဦးတည်သွားစဉ် အားပျော့လာ




မေ ၂၉


ဖိလစ်ပိုင်နိုင်ငံသို့ ဉီးတည်သွားနေသော တိုင်ဖွန်းမုန်တိုင်း မဝါသည် အားအနည်းငယ်ပျော့လာသော်လည်း နိုင်ငံ၏အချို့နေရာများတွင် လာမည့်သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသဌာနက ယမန်နေ့က သတိပေးပြောကြားသည်။


နိုင်ငံအလယ်ပိုင်းဒေသများနှင့် လူဇုန်ကျွန်းမြောက်ပိုင်းပြည်နယ်များတွင် မိုးများရွာသွန်းမည်ဟု သိရသည်။ မိုးများရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားနိုင်ကြောင်း မိုးလေဝသဌာနကပြောကြားသည်။


အနောက်တောင်မုတ်သုံလေသည် နိုင်ငံတောင်ပိုင်း၊ အလယ်ပိုင်းနှင့် လူဇုန်ကျွန်းရှိ ဒေသများတွင် ယမန်နေ့ညမှ ယနေ့အထိ မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်မှုတို့လည်းဖြစ်ပွားနိုင်သည်ဟု ထပ်လောင်းဖော်ပြထားသည်။


တိုင်ဖွန်းမုန်တိုင်း မဝါသည် ယမန်နေ့မွန်းလွဲပိုင်းက လူဇုန်ကျွန်းအရှေ့ဘက် ကီလိုမီတာ ၆၃၀ တွင် တစ်နာရီလျှင် ၁၆၅ ကီလိုမီတာဖြင့် လေပြင်းတိုက်ခတ်ခဲ့သည်ဟု သိရသည်။


နိုင်ငံအလယ်ပိုင်းနှင့် လူဇုန်ကျွန်းရှိ ရေဘေးသင့်ဒေသများမှ ပြည်သူများအား  ဘေးကင်းရာသို့ကြိုတင်ရွှေ့ပြောင်းပေးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးပူးတွဲစောင့်ကြည့်ရေးစင်တာ၏ အကြီးအကဲ ဒီဂိုမာရီရာနိုက ပြောကြားသည်။


ထိုမုန်တိုင်းသည် ဖြည်းဖြည်းချင်းအားပျော့သွားပြီး မေလ ၃၀ ရက်တွင် မြောက်ဘက်စွန်းပြည်နယ်သို့ ဖြည်းဖြည်းချင်းရွေ့လျားသွားဖွယ်ရှိသည်ဟု မိုးလေဝသဌာန၏ပြောကြားချက်အရ သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.