ဂါနာနိုင်ငံ၌ ဘတ်စ်ကားနှင့် ဆီလောင်စာတင်ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မိသဖြင့် လူ၁၆ ဦး ထက်မနည်းသေဆုံး

 



မေ ၃၁


ဂါနာနိုင်ငံ အလယ်ပိုင်းဒေသတောင်ပိုင်းတွင် ယမန်နေ့အစောပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ဆီလောင်စာတင်ယာဉ်တို့ တိုက်မိပြီး လူ ၁၆ ဦးထက်မနည်းသေဆုံးခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။


အာခရာ-ကိတ်ပ် အဝေးပြေးလမ်းမတွင် မနက် ၅ နာရီ ၁၅ မိနစ်ဝန်းကျင်က ဂါနာနိုင်ငံ၏မြို့တော် အာခရာသို့ဦးတည်မောင်းနှင်နေသော ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ဆီလောင်စာတင်ယာဉ်နှင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့သည်ဟု အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအဖွဲ့၏ညွှန်ကြားရေးမှူး ရောဘတ်နာနာဟတ်မန်က  သတင်းထောက်များကို ပြောကြားသည်။


အဆိုပါယာဉ်တိုက်မှုဖြစ်ပွားရာနေရာမှာပင် ၁၆ ဦး သေဆုံးခဲ့ကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့က ယာဉ်မတော်တဆမှုတွင်ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်မှုလုပ်ဆောင်နေဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။


ဒဏ်ရာပြင်းထန်စွာရရှိသော ခရီးသည်များအား နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကထပ်လောင်းပြောသည်။


ခရီးသည်တင်ဘတ်စ်ကားမောင်းနှင်နေစဉ် အိပ်ငိုက်သွားပြီး ဘတ်စ်ကားကဆီတင်ယာဉ်ကိုတိုက်မိခြင်းဖြစ်ကြောင်း ဘတ်စ်ကားမောင်းသူက ဝန်ခံပြောကြားခဲ့သည်ဟု ၎င်းကဆိုသည်။


ထိုယာဉ်မတော်တဆဖြစ်ပွားရသည့်အကြောင်းရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ၎င်းကထပ်လောင်းပြောကြားသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.