နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် အမြန်ဆုံးဖြန့်ခွဲနိုင်ရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး








စစ်တွေ မေ ၃၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက် ဝင်္ကဘာကွင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု၊ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှုနှင့် မုန်တိုင်းဒဏ်သင့်ဒေသများသို့ အမြန်ဆုံးဖြန့်ခွဲနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။


ရှေးဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်ရှိ ဝင်္ကဘာကွင်းနှင့် စက်ရုံစုလမ်းတစ်လျှောက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူလူထု စုစုပေါင်းအင်အား ၃၅၀ ဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် သန့်ရှင်းရေး ဆောင်ရွက်နေကြသည့် စုပေါင်းအဖွဲ့များကို ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး စစ်တွေမြို့ကို မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို မကြာခဏစုပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြည်သူလူထုအင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်လာရေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားသည်။


ယင်းနောက် အတုလမာရဇိန်ပြည်လုံး ချမ်းသာဘုရားကြီးအား ဖူးမြော်ကြည်ညိုပြီး ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများကို ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်း၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုရားကြီးသိမ်တော်အား လှည့်လည်ကြည့်ရှုကာ ပြန်လည်ပြုပြင်နိုင်ရေးလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်အဖွဲ့သည် စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်း၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် MCL – 5 Yangon သင်္ဘောဆိုက်ကပ်ရောက်ရှိမှု၊ For Tune သင်္ဘောပေါ်မှ လျှပ်စစ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးပစ္စည်းများအား စက်ယန္တရားကြီးများဖြင့် မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်နေမှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဖောင်တော်ကြီး ဆိပ်ခံတံတား၌ AQUARIUS သင်္ဘောပေါ် မှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် သစ်ခွဲသားများအား မော်တော်ယာဉ်များပေါ်သို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက တင်ဆောင်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။


မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့်သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။


အစည်းအဝေးတွင် ကော်မတီအလိုက် တာဝန်ရှိသူများက သဘာဝဘေးပြန်လည်ထူထောင်ရေးနှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြရာ ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် မဖြစ်မနေလိုအပ်သည့် ဆန်၊ သွပ်၊ သစ် လိုအပ်ချက်များကို ဒေသအလိုက်စာရင်းပြုစု၍ အနီးစပ်ဆုံး မှန်ကန်အောင်တွက်ချက်ထားရန်၊ ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ်လိုအပ်သော ပြည်သူများလက်ဝယ်သို့ ရောက်ရှိရေးနှင့် ထိထိရောက်ရောက် အသုံးပြုနိုင်ရေး စီမံဆောင်ရွက်သွားရန် မှာကြား၍ လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦများ ပြုပြင်ခြင်းလုပ်ငန်းကို အဆောက်အဦဦးစီးဌာန အဆောက်အဦအထူးအဖွဲ့ ၄ ဖွဲ့ဖြင့် မေ ၁၈ ရက်မှ စတင်တာဝန်ယူ ပြင်ဆင်ဆောင်ရွက်လျက်ရှိပြီး စစ်တွေပြည်သူ့ဆေးရုံကြီးအတွင်းရှိ ဆေးကုသဆောင်များ၊ ဆေးသိုလှောင်ရုံ၊ ရုံးနှင့် ဝန်ထမ်းအိမ်ရာများ စုစုပေါင်း ၂၄ ဆောင်ကို ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကျောက်ကပ်ဆေးဆောင်၊ မွေးခန်းနှင့် မွေးလူနာဆောင်၊ ခွဲစိတ်ခန်းနှင့် ခွဲစိတ်လူနာဆောင်၊ ဆေးသိုလှောင်ရုံ၊ သွေးလှူဘဏ်၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးရုံး၊ အောက်ဆီဂျင်စက်ရုံ၊ မီးစက်ရုံ၊ ရင်ခွဲရုံ စုစုပေါင်း အဆောင်ကိုးဆောင်ကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်သည်။


ထို့ပြင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ပြည်နယ်ပြည်သူ့ကျန်းမာရေးမှူးရုံးနှင့် ဆေးသိုလှောင်ရုံစုစုပေါင်း အဆောင်လေးဆောင်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဆေးသိုလှောင်ရုံ နှစ်ဆောင်ရာနှုန်းပြည့် ပြင်ဆင်ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး သူနာပြုသင်တန်းကျောင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်နှင့် ဝန်ထမ်းအိမ်ရာကိုးဆောင်ကို ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းအိမ်ရာ တစ်ဆောင် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်

No comments

Powered by Blogger.