သန်းခေါင်စာရင်းယူနစ်များ (Census Units) ဖွဲ့စည်းခြင်းလုပ်ငန်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် မေ ၂
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်
အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတွင်
ပါဝင်သည့် သန်းခေါင်စာရင်းယူနစ်များ (Census
Units) ဖွဲ့စည်းခြင်း လုပ်ငန်းစီမံချက်အား တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများအား ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင်
နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်း
ကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊
ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊
တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊
ဒုတိယဝန်ကြီး ဦးဌေးလှိုင်က ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်း
လုပ်ငန်းတစ်ခုဖြစ်သည့် GIS နည်းပညာအသုံးပြု၍
မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်
ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များကောက်ယူခြင်းကို တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် (၈၄) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီး
မြို့နယ်အချို့သာ ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခုဆွေးနွေးပွဲတွင်
ယင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လုပ်ငန်းလိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း
ဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မတီ
ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်က ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ
သန်းခေါင်စာရင်းသည် နည်းပညာကို အဓိက အသုံးပြုဆောင်ရွက်မည့် အခြေအနေ၊ သန်းခေါင်စာရင်းယူနစ်များ (Census Units) ကွင်းဆင်းရေးဆွဲဆောင်ရွက်ရာတွင်
အချက်အလက် လုံခြုံရေးနှင့် ဝန်ထမ်းလုံခြုံရေးကို အလေးထား ဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်
ပြည်သူ့အင်အားဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ်က
မြို့ပြရပ်ကွက်များအတွင်း GIS နည်းပညာဖြင့် သန်းခေါင်စာရင်းယူနစ်များ
(Census Units) ဖွဲ့စည်းခြင်းလုပ်ငန်း
ဆောင်ရွက်မည့်အခြေအနေနှင့်
ရှေ့လုပ်ငန်းစဉ်များကို
ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍
တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သန်းခေါင်စာရင်းယူနစ်များ
ဖွဲ့စည်းဆောင်ရွက်နိုင်ရေးအတွက်
ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားမည့် အစီအစဉ်များ၊
လုပ်ငန်းလိုအပ်ချက်များကို
ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက်
တင်ပြချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး
နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်

No comments