မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး (၂၀၂၃) ကျင်းပ
နေပြည်တော် ဇွန် ၂၂
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီနှစ်ပတ်လည် အစည်းအဝေး (၂၀၂၃) ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း (အငြိမ်းစား)နှင့် ဗဟိုဌာနချုပ်နှင့် နေပြည်တော်မှ ဗဟိုကောင်စီဝင်များ၊ ဗဟို ကောင်စီဝင် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များက Online စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ သဘာပတိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း(အငြိမ်းစား) က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥပဒေနှင့် ဥပဒေဆိုင်ရာလုပ်ထုံး လုပ်နည်းများအရ ပုံမှန်ကျင်းပခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအဖွဲ့ အဆင့်ဆင့်၏ နှစ်ပတ်လည်အစည်းအဝေးများနှင့် ရွေးကောက်တင်မြှောက်ပွဲများကို အခက်အခဲများကြားမှ အောင်မြင်စွာကျင်းပနိုင်ခဲ့သည့်အတွက် ဗဟိုကောင်စီဝင်များကို အထူးကျေးဇူး တင်ရှိပါကြောင်း၊ ဗဟိုကောင်စီဝင်များအနေဖြင့် တစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ပြန်လည်သုံးသပ်ပြီး ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ စီးပွားရေး အခြေခံကောင်းအောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက်၂၀၂၂-၂၀၂၃ ခုနှစ်ကာလအတွက် ဗဟိုအမှုဆောင်အဖွဲ့ အစီရင်ခံစာ အနှစ်ချုပ်ကို ဗဟိုအမှုဆောင်အဖွဲ့ အတွင်းရေးမှူးကဖတ်ကြားတင်ပြပြီး လုပ်ငန်း အဖွဲ့များအလိုက် တင်ပြချက်သုံးသပ်ချက်များကို လုပ်ငန်းအဖွဲ့အတွင်းရေးမှူး များက ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဗဟိုအမှုဆောင်အဖွဲ့ ဘဏ္ဍာရေးမှူးက (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် ရသုံး မှန်းချေငွေစာရင်းကိုဖတ်ကြားခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ပြီး တိုင်းဒေသကြီး/ ပြည်နယ်များမှ ဗဟိုကောင်စီဝင်များနှင့် ဗဟို ကောင်စီဝင် တပ်မတော်အရာရှိကြီးများက ၎င်းတို့၏လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာများကို On Line စနစ်ဖြင့် ဖတ်ကြားတင်ပြရာ ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ ဗဟိုအမှုဆောင်အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများက အထွေထွေ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ ပြည်နယ်စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များ တွင်လစ်လပ်တာဝန်နေရာများကို အစားထိုးခန့်အပ်ခြင်း၊ ဗဟိုအမှုဆောင် အဖွဲ့ အစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာများကို အတည်ပြုခြင်း၊ မှတ်တမ်း တင်ခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများဆောင်ရွက်ခဲ့ကြပြီး သဘာပတိ မြန်မာနိုင်ငံစစ်မှု ထမ်းဟောင်းအဖွဲ့ ဗဟိုကောင်စီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments