ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ် အားလုံးပူးပေါင်းကာကွယ်ကြမယ်




ခင်လေး


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန


ယနေ့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ မြို့ပြများတိုးချဲ့လာခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာခြင်းနှင့်အတူ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရာတွင် ပလတ် စတစ်ညစ်ညမ်းမှုပြဿနာသည်လည်း တစ်ခုအပါအဝင် ဖြစ်သည်။


နည်းပညာများဖွံ့ဖြိုးပြီး လူနေမှုအဆင့်အတန်းနှင့် နေထိုင်မှုပုံစံပြောင်းလဲလာသည်နှင့် အမျှ ပလတ်စတစ်ကို တွင်ကျယ်စွာ အသုံးပြုလာကြပြီး ပလတ်စတစ်ထုတ်ကုန်များသည် လူသားတို့၏ နေ့စဉ်ဘဝတွင် မရှိမဖြစ် အခြေခံလိုအပ်သော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့သည်။


သစ်သား၊ သတ္တု၊ ဖန်ထည်၊ ကြွေထည်၊ မြေထည် စသည့်ပစ္စည်းများဖြင့် ပြုလုပ်ထားသော ကုန်ပစ္စည်းများထက် ပလတ်စတစ်တွင် သာလွန်ထူးကဲသော ဂုဏ်သတ္တိများ ရှိနေခြင်းကြောင့် ပလတ်စတစ်ထုတ်ကုန်များ လွှမ်းမိုးနေရာယူလျက် ရှိသည်။ သို့ရာတွင် ပလတ်စတစ်ထုတ်ကုန်များ ထုတ်လုပ်သုံးစွဲမှုတွင် ထိန်းချုပ်မှုအားနည်းခြင်းနှင့် စွန့်ပစ်မှုတွင် စီမံခန့်ခွဲမှုအားနည်းခြင်းတို့ကြောင့် ပလတ်စတစ်နှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများစွာကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။


ပလတ်စတစ်ဆိုသည်မှာ


ပလတ်စတစ်သည် မော်လီကျူလာ ထုထည်မြင့်မားသော အော်ဂဲနစ်ပေါ်လီမာများ (Organic Polymers) ဖြစ်ကြပြီး ပလတ်စတစ် ၉၉ ရာခိုင်နှုန်းကျော်ကို ပြန်လည်မပြည့်ဖြိုးနိုင်သော သဘာဝအရင်းအမြစ်များ (Non-renewable resources) များဖြစ်သည့် ကျောက်မီးသွေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့စသည်တို့မှ ဆင်းသက်လာသည့် ဓာတုပစ္စည်းများမှ ထုတ်လုပ်ကြပြီး အနည်းစုသာလျှင် အပင်များမှရရှိသော ဆဲလူလို့စ်တို့မှ ထုတ်လုပ်နိုင်သည်။ပလတ်စတစ်ကို ထုတ်လုပ် သည့် ကုန်ကြမ်းအပေါ်အခြေခံ၍ ရေနံဓာတ်ငွေ့တို့မှ ထုတ်လုပ်သည့် Crude-oil based Plastics နှင့် အပင်များမှရရှိသော ဆဲလူလို့စ်တို့မှ အခြေခံထုတ်လုပ်သည့် Bio-based Plastics ဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။ Crude-oil based Plastics သည် အချိန်ကာလကြာမြင့်မှသာလျှင် ဆွေးမြည့်ပျက်စီးနိုင်ပြီး Bio-based Plastics သည် အလွယ်တကူ ဆွေးမြည့်ပျက်စီးနိုင်သည်။ သို့သော် ယခုအခါ Crude-oil based Plastics ထုတ်လုပ်မှုတွင် ပလတ်စတစ်၏ ဖွဲ့စည်းမှုကို ပြိုကွဲစေနိုင်သော ဓာတ်ပစ္စည်းပေါင်းစပ်ထည့်သွင်းခြင်းဖြင့် အလွယ်တကူ ဆွေးမြည့်ပျက်စီးနိုင်စေရန် ပြုပြင်ထုတ်လုပ်လျက်ရှိပြီး ယင်းပလတ်စတစ်ကို Bio-degradable Plastics ဟု ခေါ်ဝေါ်သည်။ သို့သော် Bio-based Plastics နှင့် Bio-degradable Plastics အမျိုးအစားများသည် ထုတ်လုပ်ရာတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း၊ ထုတ်လုပ်ရန် နည်းပညာအခက်အခဲရှိခြင်းတို့ကြောင့် ထုတ်လုပ်အသုံးပြုနိုင်မှု နည်းပါးနေပါသေးသည်။


ပလတ်စတစ်ဆိုင်ရာ ပြဿနာများ


ပလတ်စတစ်သည် ထုတ်လုပ်အသုံးပြုသည့် ကာလမှ စွန့်ပစ်သည်အထိ ၎င်း၏သက်တမ်း တစ်လျှောက်လုံးတွင် ပတ်ဝန်းကျင်နှင့် သတ္တဝါတို့ အပေါ် ဆိုးကျိုးများစွာကို ဖြစ်ပေါ်စေသည်။ ပလတ်စတစ်အများစုသည် ပြန်လည်မပြည့်ဖြိုး နိုင်သော သဘာဝအရင်းအမြစ်များ (Non-renewable resources) မှ အသုံးပြု၍ ထုတ်လုပ်ခြင်းဖြစ်သဖြင့် အလွန်အကျွံထုတ်ယူသုံးစွဲပါက သဘာဝအရင်းအမြစ်များကို လျော့နည်းကုန်ခန်းစေသည်။ ပလတ်စတစ်သည် ထုတ်လုပ်ချိန်တွင်လည်း လေထုကို ညစ်ညမ်းမှုဖြစ်ပေါ်စေပြီး ကမ္ဘာကြီးပူနွေးမှုကိုလည်း တွန်းအားပေးသည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာမှုတစ်ခုအရ ကမ္ဘာကြီးပူနွေးလာမှုကို စက်မှုခေတ်ကာလမတိုင်မီ အဆင့်များထက် ၁ ဒသမ ၅ ဒီဂရီ စင်တီဂရိတ် အောက်သို့ အပူချိန်မြင့်တက်လာခြင်းကို ထိန်းချုပ်မည်ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် ခွင့်ပြုနိုင်သော စုစုပေါင်း မှန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု၏ ၁၅ ရာခိုင်နှုန်းသည် ပလတ်စတစ်နှင့် ဆက်စပ်နေမည် ဖြစ်ကြောင်း သိရသည်။


ပလတ်စတစ်ထုတ်ကုန်များသည် အသုံးပြုစဉ်တွင်လည်း ပလတ်စတစ်တွင်ပါဝင်သော ဓာတု ပစ္စည်းများယိုစိမ့်ပြီး အဆိပ်အတောက်များ ဖြစ်စေနိုင်သည်။ အထူးသဖြင့် ပလတ်စတစ်အိတ်နှင့် ပလတ်စတစ်ပန်းကန်ခွက်ယောက်များတွင် ပူနွေးသော အစားအသောက်များကိုထည့်၍ အသုံးပြုပါက ပလတ်စတစ်တွင် ပါဝင်နေသော ဓာတုပစ္စည်းများသည် အပူနှင့်ထိတွေ့သည့်အခါ ပုံမှန်ထက် ပိုမိုလျင်မြန်စွာယိုစိမ့်ပြီး အဆိပ်အတောက်များ ဖြစ်စေသဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေသည်။ ထို့ပြင် အသုံးပြုပြီးနောက် စွန့်ပစ်ချိန်တွင်လည်း ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စနစ်တကျမစွန့်ပစ်ပါက သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေပြီး ပတ်ဝန်းကျင်မြင်ကွင်းပသာဒနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုကို ပျက်စီးစေသဖြင့် ခရီးသွားလုပ်ငန်းကဲ့သို့သော စီးပွားရေးလုပ်ငန်းများကိုပါ ထိခိုက်စေနိုင်သည်။


ပလတ်စတစ်သည်  ဓာတ်သဘာဝဖွဲ့စည်းမှုအနေဖြင့် သဘာဝအလျောက် မပျက်စီးမပြိုကွဲလွယ်သော၊ ပတ်ဝန်းကျင်ကိုညစ်ညမ်းပြီး အန္တရာယ်ဖြစ်စေသော ပစ္စည်းများထဲမှတစ်ခုဖြစ်ပြီး နှစ်ရာပေါင်းများစွာကြာမှသာ ပြိုကွဲပျက်စီးနိုင်သည်။ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ကုန်းမြေတွင် စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ကုန်းနေသတ္တဝါများသည် ၎င်းတို့၏ အစာနှင့်ရောနှောစားသုံးမိပြီး အစာချေဖျက်မှုဆိုင်ရာ ပြဿနာများ ဖြစ်ပွားကာ သေဆုံးမှုအထိပါ ဖြစ်ပွားစေနိုင်သည်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် မြေထုကို ရုပ်ပိုင်းဆိုင်ရာနှင့်  ဓာတုပိုင်းဆိုင်ရာအရပါ ညစ်ညမ်းစေသဖြင့် မြေဆီလွှာတွင် ပလတ်စတစ် ညစ်ညမ်းနေပါက သဘာဝမြေဆီမြေသြဇာကို လျော့ကျစေသည့်အပြင် အပင် ပေါက်နှုန်းနှင့် အပင်များ ရှင်သန်ကြီးထွားနှုန်းကိုပါ လျော့ကျစေသည်။


ထို့ပြင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများသည် ကုန်းမြေမှတစ်ဆင့် ရေလမ်းကြောင်းသို့ ရောက်ရှိခြင်း သို့မဟုတ် ရေလမ်းကြောင်းတွင် စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် ရေမြောင်းများ၊ မြစ်ချောင်းများ၏ ရေလမ်းကြောင်း စီးဆင်းမှုများကို ပိတ်ဆို့မှု ဖြစ်ပွားပြီး ရေကြီးရေလျှံသည်အထိပါ ဖြစ်ပွားစေခြင်းနှင့် ရေလမ်းကြောင်းတွင် စည်းကမ်းမဲ့စွန့်ပစ် ခြင်းကြောင့် ရေကြောင်းခရီးသွားလာသည့် ယာဉ်များ၏ စက်လည်ပတ်မှုများကို အနှောင့်အယှက် ဖြစ်စေနိုင်သည်။ ထို့ပြင် ရေလမ်းကြောင်း အနီးတွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ရေချိုသယံဇာတများကို ညစ်ညမ်းစေပြီး ရေထုအရည်အသွေးကို ကျဆင်းစေသည့်အပြင် မြစ်များ၊ ချောင်းများမှတစ်ဆင့် ပင်လယ်သမုဒ္ဒရာ အဏ္ဏဝါပတ်ဝန်းကျင်သို့ ရောက်ရှိပြီး အချိန်ကြာလာသည်နှင့်အမျှ သေးငယ်သော ပလတ်စတစ်အပိုင်းအစများ (မိုက်ခရိုပလတ်စတစ်) အဖြစ် ပြောင်းလဲဖြစ်ပေါ်ကာ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေသည်။ပင်လယ်သမုဒ္ဒရာများသို့ ရောက်ရှိနေသည့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများတွင် ရေနေသတ္တဝါများ တွယ်ငြိနေခြင်း၊ သေးငယ်သော ပလတ်စတစ် အပိုင်းအစများအား ရေနေသတ္တဝါများက ၎င်းတို့၏ အစာဟုထင်မှတ်၍ စားသုံးမိသဖြင့် အစာချေဖျက်မှုဆိုင်ရာ ပြဿနာများနှင့်သေဆုံးမှုများအထိ ဖြစ်ပွားပြီး အဏ္ဏဝါ ဂေဟစနစ်အပေါ် ထိခိုက်စေနိုင်သည်။


ပလတ်စတစ်စွန့်ပစ်ပစ္စည်းများသည် မီးရှို့ဖျက်ဆီးပါကလည်း ကာဗွန်မိုနောက်ဆိုက် (Carbon Monoxide)၊ ဒိုင်အောက်စင်(Dioxin)၊ ဟိုက်ဒရိုဂျင် ဆိုင်ယာနိုက် (Hydrogen Cyanide) စသည့် ဓာတ်ငွေ့များထွက်ရှိပြီး လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေသဖြင့် လူသားတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ပလတ်စတစ်သည် ထုတ်လုပ်သည့် ကာလမှအသုံးပြုပြီး စွန့်ပစ် သည့်ကာလအထိ ၎င်း၏သက်တမ်းတစ်လျှောက် လုံးတွင် သဘာဝပတ်ဝန်းကျင် (လေထု၊ မြေထု၊ ရေထု) ကို ညစ်ညမ်းစေသည်သာမက ကုန်းနေရေနေ သတ္တဝါများကိုပါ အန္တရာယ်များစွာ ကျရောက်စေသည်။


ပလတ်စတစ်ထုတ်လုပ်သုံးစွဲမှု အခြေအနေ


UNEP ၏ ခန့်မှန်းချက်အရ ကမ္ဘာတွင် နှစ်စဉ် ပလတ်စတစ်ထုတ်ကုန် တန်သန်းပေါင်း ၄၀၀ ကျော်ခန့် ထုတ်လုပ်လျက်ရှိပြီး ယင်းတို့အနက် တစ်ဝက်ခန့်မှာ တစ်ခါသုံးပလတ်စတစ် ပစ္စည်းများဖြစ်ကြောင်း လေ့လာသိရှိရသည်။ ကမ္ဘာတစ်ဝန်းတွင် တစ်မိနစ်လျှင် ပလတ်စတစ် သောက်ရေဘူး ၁ သန်းကျော် ဝယ်ယူသောက်သုံး၍ စွန့်ပစ်နေကြကြောင်းနှင့် တစ်နှစ်လျှင် တစ်ခါသုံးပလတ်စတစ်အိတ် ငါးထရီလီယံကျော် သုံးစွဲစွန့်ပစ်နေလျက်ရှိကြောင်း ခန့်မှန်းထားသည်ကို သိရှိရသဖြင့် တစ်ကမ္ဘာလုံးက တစ်မိနစ်တိုင်းတွင် တစ်ခါသုံး ပလတ်စတစ်အမြောက်အမြား သုံးစွဲစွန့်ပစ်နေကြရာ မြေပြင်တွင်ရော ပင်လယ်သမုဒ္ဒရာကြီးများတွင်ပါ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတို့က အန္တရာယ် ပြုနေကြပြီဖြစ်သည်။


ပလတ်စတစ် ညစ်ညမ်းနေမှုအခြေအနေ


UNEP ၏ လေ့လာခန့်မှန်းချက်အရ လက်ရှိအချိန်တွင် ပလတ်စတစ်ပမာဏ တန်ချိန် ၇၅ သန်း မှ ၁၉၉ သန်းခန့်အထိ ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ရောက်ရှိနေကြောင်း၊ ပင်လယ်သမုဒ္ဒရာများသို့ ရောက်ရှိနေသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်သည် ကုန်းမြေမှ ရောက်ရှိခြင်းဖြစ်ပြီး ရေနေသတ္တဝါများနှင့် အဏ္ဏဝါ ဂေဟစနစ်ကို ထိခိုက်ပျက်စီးစေလျက်ရှိကြောင်း၊ ပင်လယ်သမုဒ္ဒရာများရှိ  အမှိုက်သရိုက်အားလုံး၏ ၈၅ ရာခိုင်နှုန်းခန့်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်း များဖြစ်နေကြောင်း လေ့လာသိရှိရသည်။လက်ရှိ အခြေအနေအတိုင်း  ဆက်လက်ဖြစ်ပွားနေမည် ဆိုပါက ၂၀၅၀ ပြည့်နှစ်တွင် ပင်လယ်သမုဒ္ဒရာများ၌ ငါးများထက် ပလတ်စတစ်များ ပိုမိုများပြားစွာရှိနေမည်ဖြစ်ကြောင်း ကျွမ်းကျင်ပညာရှင်များက သုံးသပ်ထားသည်။


ပလတ်စတစ်ညစ်ညမ်းမှု ပြဿနာအား ဖြေရှင်းဆောင်ရွက်နေမှုများ

ပလတ်စတစ်ညစ်ညမ်းမှုသည် လက်ရှိအခြေအနေတွင် အရေးတကြီး ဖြေရှင်းဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင် သဖြင့် ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်မှလည်း ၂၀၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်အဖြစ် “ပလတ်စတစ် ညစ်ညမ်းမှုကို တိုက်ဖျက်ကြစို့ (Beat Plastic Pollution)” ဟု သတ်မှတ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိသည်။


ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် ပဉ္စမအကြိမ် ကုလသမဂ္ဂပတ်ဝန်းကျင် ညီလာခံ (United Nations Environment Assembly-UNEA-5.2) တွင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်သည့် နိုင်ငံတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ နယ်စပ်ဖြတ်ကျော်  အဏ္ဏဝါအမှိုက် သရိုက်နှင့် ပလတ်စတစ်ညစ်ညမ်းမှုပြဿနာများကို ၂၀၂၄ ခုနှစ်တွင်  နောက်ဆုံးထားဖြေရှင်းနိုင်မည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် ဥပဒေကြောင်းအရ စည်းနှောင်မှု ရှိသော ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (Internationally legally binding instrument on plastic pollution) ကို သဘောတူထောက်ခံခဲ့ကြ သည်။ ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ ကလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ၂၀၁၉ ခုနှစ် ဇွန်လတွင် ကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးတွင် အဏ္ဏဝါအမှိုက်သရိုက်များကို အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသ တွင်း အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်း (Bangkok Declaration on Combating Marine Debris in the ASEAN Region and the ASEAN Framework of Action on Marine Debris) ကို သဘောတူ ထောက်ခံအတည်ပြုခဲ့ပြီး အာဆီယံဒေသတွင်းတွင် အဏ္ဏဝါအမှိုက်သရိုက် တိုက်ဖျက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


မြန်မာနိုင်ငံအနေဖြင့်လည်း မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာ ဗျူဟာနှင့်ပင်မလုပ်ငန်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက အတည်ပြုထုတ်ပြန်ခဲ့ပြီး အဆိုပါ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို ဦးစားပေးစီမံ ခန့်ခွဲရမည့်စွန့်ပစ်ပစ္စည်းအမျိုးအစား တစ်ခုအဖြစ် သတ်မှတ်ဖော်ပြထားပြီး လျှော့ချခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ ပြန်လည်ပြုပြင် ထုတ်လုပ်ခြင်း (Recycle) 3Rs စနစ်ဖြင့် စီမံခန့်ခွဲ နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ အဏ္ဏဝါ အမှိုက်သရိုက်များကို အရေးယူဆောင်ရွက်မှုဆိုင်ရာ အာဆီယံမူဘောင်ရေးဆွဲရေးနှင့် အာဆီယံဒေသ တွင်း အဏ္ဏဝါအမှိုက်သရိုက်တိုက်ဖျက်ရေးဆိုင်ရာ ဘန်ကောက်ကြေညာစာတမ်းကို လိုက်နာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အာဆီယံ ဒေသတွင်းတွင် ဆောင်ရွက်လျက်ရှိသော “Streng-thening Capacity for Marine Debris Reduction in ASEAN region through formulation of National Action Plans for ASEAN Member States and Integrated Land-to-Sea Policy Approach (Phase 2)” စီမံကိန်း၏ အကူအညီ အထောက်အပံ့ဖြင့် အမျိုးသားအဆင့် ပလတ်စတစ် ဆိုင်ရာ လုပ်ငန်းအစီအစဉ် (National Plastic Action Plan) ကို ရေးဆွဲဆောင်ရွက်လျက် ရှိသည်။


ထို့ပြင် Norwegian Agency for Development Cooperation (Norad)၏ ရန်ပုံငွေ အထောက်အပံ့နှင့် Basel Convention Regional Centre for Asian and Pacific (BCRC China) ၏ အကူအညီဖြင့် တစ်ခါသုံးပလတ်စတစ်များကို ဦးစားပေးကန့်သတ်နိုင်ရေး မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်များ ဖော်ထုတ်နိုင်ရေးအတွက် အာရှပစိဖိတ်နိုင်ငံများတွင် တစ်ခါသုံးပလတ်စတစ်နှင့် တစ်ခါသုံး ပလတ်စတစ်စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ် စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုင်ရာ စီမံကိန်းကို ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် အစိုးရဌာနဆိုင်ရာရုံးများတွင် ပလတ်စတစ် စွန့်ပစ်ပစ္စည်းထွက်ရှိမှု လျှော့ချနိုင်ရေး အတွက် တစ်ခါသုံးပလတ်စတစ် (ကြွပ်ကြွပ်အိတ်) အသုံးပြုမှုလျှော့ချခြင်းနှင့် အစည်းအဝေးကျင်းပခြင်းများ ဆောင်ရွက်ရာ၌ တစ်ခါသုံးပလတ်စတစ် ရေသန့်ဘူးများအစား အကြိမ်ကြိမ် အသုံးပြု၍ရသော ဖန်ပုလင်းအစားထိုး အသုံးပြုခြင်းဖြင့် သန့်ရှင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းကင်းစင်သော Clean and Smart Office များ ဖော်ဆောင်သွားနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ရုံးများ၊ စာသင်ကျောင်းများနှင့် ဈေးများတွင် ပြည်သူလူထုအား ပလတ်စတစ်၏ ဆိုးကျိုးများကို သိရှိ၍ ပလတ်စတစ်မသုံးစွဲရေး အသိပညာပေးခြင်းနှင့်အတူ ပလတ်စတစ်အမှိုက်ကောက်ပွဲများ ကျင်းပ၍ လည်းကောင်း၊ အပတ်စဉ်တနင်္ဂနွေနေ့ကို ပလတ် စတစ်မသုံးစွဲရနေ့အဖြစ် သတ်မှတ်၍လည်းကောင်း အနယ်နယ်အရပ်ရပ်တွင် နှိုးဆော်တိုက်တွန်းလျက် ရှိသည်။


ပြည်သူအားလုံးပါဝင်ရမည့် ပလတ်စတစ် ညစ်ညမ်းမှုလျှော့ချရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများ နိုင်ငံတော်အစိုးရအနေဖြင့် ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေး၊ ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများကို မဟာဗျူဟာများ၊ လုပ်ငန်း အစီ အစဉ်များ  ရေးဆွဲအကောင်အထည်ဖော်၍ လည်းကောင်း၊ ပလတ်စတစ်နှင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများအား ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် စီမံ ခန့်ခွဲနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍လည်းကောင်း၊ သန့်ရှင်း၍ ပလတ် စတစ် စွန့်ပစ်ပစ္စည်းကင်းစင်သော ပတ်ဝန်းကျင်ကို ဖော်ဆောင်သွားနိုင်ရေး အစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်၍လည်းကောင်း၊ ပြည်သူ လူထုအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ၍လည်းကောင်း အထူးအလေးပေး ဆောင်ရွက် လျက်ရှိသကဲ့သို့ ပုဂ္ဂလိကလုပ်ငန်းရှင်များအပါအဝင် ပြည်သူလူထုအားလုံးကလည်း  တက်ကြွစွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန် အလွန်အရေးကြီး လှသည်။


ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး၊ တားဆီး ကာကွယ်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူလူထုနှင့် ပုဂ္ဂလိက ကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍတွင် ပါဝင်သဖြင့် ပလတ်စတစ် ထုတ်လုပ်သူများ အနေဖြင့် ထုတ်ကုန်ပစ္စည်းများနှင့် ဆက်စပ် ပတ်သက်လျက်ရှိသော လုပ်ငန်းများမှ ထွက်ရှိလာ မည့် စွန့်ပစ်ပစ္စည်းများကို ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် တာဝန်ယူ စီမံဆောင်ရွက်ခြင်း၊ ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေသော အလွယ်တကူ ဆွေးမြည့် ပျက်စီးနိုင်သော Bio-degradable Plastics နှင့် အပင်များမှရရှိသော ဆဲလူလို့စ်တို့မှ အခြေခံထုတ်လုပ်သည့် Bio-based Plastics တို့အား ထုတ်လုပ်နိုင်ရေး ကြိုးပမ်းခြင်း၊ တစ်ခါသုံး ပလတ်စတစ် အစားထိုးပစ္စည်းများကို တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း၊ ဈေးဆိုင်များအနေဖြင့် တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများ (ဥပမာ-ပလတ်စတစ်အိတ်များ၊ ဖော့ဘူးများ၊ ပလတ်စတစ်ပိုက်များ) အခမဲ့ပေးခြင်းကို ရှောင်ရှားခြင်း၊ တစ်ခါသုံး ပလတ်စတစ်ပစ္စည်းများကို အသုံးပြုလိုပါက သီးခြားအဖိုးအခ ကောက်ခံခြင်းတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်။


ပလတ်စတစ်သုံးစွဲသူ ပြည်သူများအနေဖြင့်လည်း အစားအသောက်များ ထုပ်ပိုးခြင်း၊ သယ်ဆောင်ခြင်း၊ ဈေးဝယ်ထွက်ခြင်း စသည်တို့တွင် မိရိုးဖလာအသုံးပြုခဲ့သော မိမိတို့ကိုယ်ပိုင် ထမင်း ချိုင့်၊ ထမင်းဘူး၊ ရေဘူး၊ လက်ဆွဲခြင်းစသည်တို့ဖြင့် အသုံးပြုခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသော တစ်ခါသုံးပလတ်စတစ် အစားထိုးပစ္စည်းများကိုသုံးစွဲခြင်း၊ တစ်ခါသုံး ပလတ်စတစ်ထုတ်ကုန်များ အသုံးပြုခြင်းကို ငြင်းဆန်ခြင်း (Refuse)၊ လျှော့သုံး ခြင်း (Reduce)၊ ပြန်လည်အသုံးပြုခြင်း (Reuse)၊ မိမိတို့သုံးစွဲသည့် ပလတ်စတစ်အပါအဝင် အခြား စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသည့် နေရာ တွင် သတ်မှတ်ထားသည့်အတိုင်း စနစ်တကျ စွန့်ပစ်ခြင်း၊ ပြန်လည်ပြုပြင်ထုတ်လုပ်ခြင်း (Recycle) နှင့် ပြန်လည်ပြုပြင် ထုတ်လုပ်မည့် နေရာများသို့ ပြန်လည်ပို့ဆောင်ခြင်း (Return) တို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်။


နိဂုံးချုပ်အနေဖြင့် ပလတ်စတစ်ထုတ်ကုန်များကို ဆက်လက်ထုတ်လုပ် အသုံးပြုနေသည်နှင့်အမျှ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပမာဏမှာ ဆက်လက် တိုးပွားနေမည်ဖြစ်ပြီး ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေသော ခိုင်လုံသည့် စီမံခန့်ခွဲမှုစနစ်ဖြင့် စီမံခန့်ခွဲ နိုင်ခြင်းမရှိသေးပါက ပလတ်စတစ်နှင့် ပတ်သက် သည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများသည်လည်း ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရမည်ဖြစ်သည်။ အဆိုပါကိစ္စသည် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု နှင့် ပုဂ္ဂလိကကဏ္ဍတို့ လက်တွဲပူးပေါင်းပါဝင် ဆောင်ရွက်မှသာလျှင် အောင်မြင်စွာ ဖြေရှင်းနိုင်ပြီး ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင်သာယာလှပ လာမည်ဖြစ်သည်။ထို့ကြောင့် ဤဆောင်းပါးဖြင့် ကျွန်ုပ်တို့ကမ္ဘာမြေကို ပလတ်စတစ်ညစ်ညမ်းမှု အန္တရာယ်မှ ကာကွယ်ဖို့ အားလုံးပူးပေါင်းကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။


ကိုးကား-

https:// www.unep.org

https:// www.oceancare.org

https:// www.oced.org

https:// ourworldindate.org

No comments

Powered by Blogger.