အာဆီယံ-ကိုရီးယား၏ "အာဆီယံကလေးသူငယ်များ စာဖတ်ခြင်းယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး" စီမံကိန်းအရ "စာဖတ်ပြခြင်းသင်တန်းနှင့် အလုပ်ရုံ ဆွေးနွေးပွဲ" ဖွင့်ပွဲအခမ်းအနားကျင်းပ ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက်အမှာစကားပြောကြား




နေပြည်တော် ဇွန် ၁၅


အာဆီယံနိုင်ငံ အမျိုးသားစာကြည့်တိုက်များနှင့် ကိုရီးယားသမ္မတနိုင်ငံ ကလေးသူငယ်ဆိုင် ရာ အမျိုးသားစာကြည့်တိုက်တို့ ပူးပေါင်းပြုလုပ်သည့် အာဆီယံကလေးသူငယ်များ စာဖတ်ခြင်း ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ "စာဖတ်ပြပါ" အစီအစဉ်အတွက် “စာဖတ်ပြခြင်း သင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အမျိုးသားစာကြည့်တိုက် (နေပြည်တော်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊  ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ  ဆရာ၊ ဆရာမများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ၊ ကိုယ်ပိုင်စာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့် သင်တန်းသား၊ သင်တန်းသူများ  တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် "စာဖတ်ပြပါ” အစီအစဉ် အတွက်လိုအပ်သည့် “အသံထွက်၍စာဖတ်ပြခြင်း” သင်တန်း နှင့် အလုပ်ရုံဆွေးနွေးပွဲကို ပထမဦးစွာ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)တွင် ၂၀၂၃ ခုနှစ် မေ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဆောင်ရွက်ခဲ့ပြီး အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် ယနေ့ ဇွန် ၁၅ ရက်နှင့် ၁၆ ရက်တို့၌ နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ “စာဖတ်ပြပါ” အစီအစဉ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့် တိုက်များ၊ ကိုယ်ထူကိုယ်ထစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများနှင့်အတူ အမျိုးသား စာကြည့် တိုက်(ရန်ကုန်၊ နေပြည်တော်)မှ စာကြည့်တိုက်မှူး များသည် ၂၀၂၃ ခုနှစ် မေလမှ စက်တင် ဘာလ အတွင်း “စာဖတ်ပြပါ” အစီအစဉ်ကို ကျင်းပသွားရန် စီစဉ်ထားရှိပါကြောင်း။


ထို့အတွက် အမျိုးသားစာကြည့်တိုက်(နေပြည်တော်)မှ စာကြည့်တိုက်မှူးများသည် ယခု ဇွန် လအတွင်း၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့်ချိတ်ဆက်၍ စာဖတ်ပြပါအစီအစဉ်ကို ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ပြီးသည့် ဆရာ ဆရာမများ၊ စာကြည့်တိုက်မှူးများအနေဖြင့်လည်း မိမိနေရပ်ဒေသမှ အခြေခံပညာကျောင်းများ၊ စာကြည့်တိုက်များတွင် ဆင့်ပွားသင်တန်းများပေး၍ "စာဖတ်ပြပါ” အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာ တစ်နိုင်ငံလုံးရှိ ကျောင်းသားလူငယ်များအတွက် စာဖတ်အလေ့အကျင့် တိုးပွားစေရန်နှင့် အသိပညာ ဗဟုသုတရရှိစေနိုင်မည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ မျိုးဆက်သစ်လူငယ်များအတွက် ကောင်းမွန်သည့်အလေ့အထ ထွန်းကားရေးနှင့် ပညာဗဟုသုတရှာမှီးရာတွင် စာကြည့်တိုက်များက ထောက်ပံ့ကူညီပေးနိုင်ကြောင်း သိရှိစေနိုင်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး လူငယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


သတင်းစဉ်

No comments

Powered by Blogger.