ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းကြောင့် ပျောက်ဆုံး၊ ပျက်စီးသွားသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ


စစ်တွေ   ဇွန်   ၃၀


ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်သည်။


အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မျက်မှောက်ခေတ် စိုက်ပျိုးခဲ့သည့် သစ်ပင်များ အပါ အဝင် ခေတ်အဆက်ဆက် စိုက်ပျိုးထားရှိခဲ့ကြသည့်  သစ်ပင်ကြီးများကြောင့်  မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ခဲ့၊ သက်သာခွင့်ရရှိခဲ့ရကြောင်း၊ ထို့ကြောင့် သစ်ပင်များ စိုက်ပျိုးခြင်းကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရှင်သန်ကြီးထွား အောင် အလေးထားဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ဒီရေတောများကိုလည်း ထိန်းသိမ်းကာကွယ်ကြရမည်ဖြစ်ပြီး    ဒီရေတောများ ပြန်လည်ထူထောင်စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ သစ်တောစိုက်ခင်းများကို တစ်ဦးတစ်ယောက်တည်း ဖြစ်စေ      အစုအဖွဲ့လိုက်ဖြစ်စေ တည်ထောင်စိုက်ပျိုးနိုင်သည်အထိ ဆောင်ရွက်ကြရမည်ဖြစ်ပြီး ထိန်းသိမ်း  စောင့်ရှောက်ရေးနှင့် ဂေဟစနစ်မပျက်စီးရေးကိုပါ တစ်ပါတည်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း    ပြောကြားသည်။


ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ဆန်းဌေးမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မြအေးနှင့် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးတို့က တာဝန်ရှိသူများအား သစ်ပင်ပျိုးပင်များနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ထုပ်များကို လွှဲပြောင်းပေးအပ် ကြပြီး ပျိုးပင်များကို အတူတကွ စိုက်ပျိုးကြသည်။


ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် အုန်း၊ သပြေ၊ မန်ဂျန်ရှား၊ ပျဉ်းကတိုး၊ ပိတောက်နှင့် သင်းဝင် ပျိုးပင်ပေါင်း   ၂၂၅၀ စိုက်ပျိုးခဲ့ကြပြီး  ရုံးပတီ၊ တိုင်ထောင်ပဲ၊ တိုင်လွတ်ပဲ၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ ခရမ်းသီး၊ ခရမ်း ကြွပ်သီး၊ သခွား၊ ငရုတ်၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး၊ ပဲလင်းမြွေနှင့် ပဲစောင်းလျား စသည့် မျိုးစေ့ထုပ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။


လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ကြောင့်  ပျောက်ဆုံး၊ ပျက်စီးသွားသော  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား များကို ဇွန် ၁၂ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်တို့တွင်  နိုင်ငံသားစိစစ်ရေးကတ် ၇၂၂ ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း ၇၅၆ ခုကို ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုင်ငံသား စိစစ်ရေးကတ် ၉၆၇ ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၆၉၄ ခု ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း  သတင်းရရှိသည်။                    သတင်းစဉ်

No comments

Powered by Blogger.