“မြတ်မောင်” စိန်ရွှေရတနာဆိုင်အား ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် ဖြစ်စဉ်မှတစ်ဆင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်နေသည့် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့ ဒုတိယခေါင်းဆောင်နှင့် အဖွဲ့ဝင်များအား ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ








နေပြည်တော် ဇွန် ၂၅


၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဓာဝီလမ်းရှိ “မြတ်မောင်”စိန်ရွှေရတနာဆိုင်သို့ အကြမ်းဖက်သမား ၃ ဦးမှ ရောက်ရှိလာပြီး ရွှေဆိုင်ကောင်တာအတွင်းရှိ ရွှေထည်ပစ္စည်းမျိုးစုံ အား သေနတ်ပြခြိမ်းခြောက် ဓားပြတိုက်လုယက်ခဲ့သည့် တရားခံများနှင့် ဆက်စပ်တရားခံ ကျား ၈ ဦး၊ မ ၁ ဦး၊ ပေါင်း ၉ ဦးတို့အား လက်နက်/ခဲယမ်းမျိုးစုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ဖြစ်စဉ်ဖြစ်ပွားပြီး ၅ နာရီအတွင်း ပြန်လည်သိမ်းဆည်းရမိခဲ့သည့်သတင်းအား ဇွန်လ ၁၉ ရက်တွင်လည်းကောင်း၊ ဖမ်းဆီးရမိတရားခံများအား စစ်ဆေးဖော်ထုတ်ချက်များအရ တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့သည် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း ပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု(၁၀)ကြိမ်၊ ဓားပြတိုက်လုယက်မှု(၃)ကြိမ် ဥပဒေမဲ့ကျူးလွန်ခဲ့ကြောင်းအား ဇွန်လ ၂၀ ရက် တွင်လည်းကောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၂၀ ရက်တွင် တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည့် ဆက်ပိုင်မျိုး၊ ဇော်မျိုးခန့်နှင့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်ခံထားရှိသည့် ကျော်သူဟိန်း၊ ဥက္ကာကျော်၊ မျိုးညွန့်အောင်တို့အား မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဝေဘာဂီလမ်းတွင် ထပ်မံဖမ်းဆီးရမိခဲ့သည်။


အလားတူ ဇွန်လ ၂၂ ရက်ညနေပိုင်းတွင် ဓားပြတိုက်လုယက်မှုတွင် ပါဝင်ခဲ့သည့် တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့မှ တရားခံ ကျော်ဇင်ထိုက် (ခ)ကိုကြီးကျော်၊ ဝီလျံထိုက်(ခ)ဝီလျံ ၊ ခိုင်ခန့်ဇော်(ခ)ရှမ်းလေးနှင့် အကြမ်းဖက်အဖွဲ့ဝင်များအား လက်ခံထားရှိသည့် လှသိန်း(ခ)မူဆယ် တို့အား Sig Sauer ပစ္စတို ၁ လက်၊ Kuzey ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၄ ခု၊ ၉ မမကျည် ၄၇ တောင့် တို့နှင့်အတူ ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ ဇွန်လ ၂၃ ရက်မနက်ပိုင်းတွင် တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့မှ ဒုတိယခေါင်းဆောင် ဆံရှည်(ခ)ကိုထက်(ခ)ထက်နိုင်ဦး နှင့် ၎င်းအား လက်ခံထားရှိပြီး လက်နက်/ခဲယမ်းများအား သိုဝှက်သိမ်းဆည်းပေးထားသည့် လှမျိုးဇော်(ခ)ချစ်ထူး၊ မြင့်လွင်၊ သောရေမူး(ခ) ဖိုးသောကြာ၊ လဲပွဲမူး ၊ လယ်မူးနှင့် ငြိမ်းချမ်း(ခ)ပသီ တို့အား Sig Sauer ပစ္စတို ၁ လက်၊ Pietro Beretta ပစ္စတို ၁ လက်၊ Beretta ပစ္စတို ၁ လက်၊ ပစ္စတိုကျည်အိမ် ၃ ခု၊ ၉ မမကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်ရှို့ပစ်ဗုံး ၂ လုံးတို့နှင့်အတူ တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ယင်းနေ့ညနေပိုင်းတွင် တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့ဝင် လေးမောင်မောင်(ခ)ရွှေကွန်းအား တွံတေးမြို့နယ်၊ ရေကျော်စုကျေးရွာရှိ ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖြစ်စဉ်တွင် တရားခံ ကျား ၂၆ ဦး၊ မ ၂ ဦး၊ ပေါင်း ၂၈ ဦးတို့အား လက်နက်ငယ်မျိုးစုံ ၁၀ လက်၊ ကျည်အိမ်မျိုးစုံ ၁၅ ခု၊ လက်ပစ်ဗုံးမျိုးစုံ ၅ လုံး၊ ကျည်မျိုးစုံ ၆၂၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရမိခဲ့သည်။


ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ တွံတေးမြို့ပြပြောက်ကျား အမည်ခံအကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ KNLA တပ်မဟာ(၆)လှုပ်ရှားနယ်မြေအတွင်း ခိုအောင်းလျက်ရှိသည့် တရားခံပြေး ချမ်းမြေ့အောင်ဖြစ်ပြီး ၎င်း၏ခိုင်းစေမှုဖြင့် တွံတေးမြို့နယ်အတွင်း အပြစ်မဲ့ပြည်သူများအား လုပ်ကြံသတ်ဖြတ်မှု (၁၀)ကြိမ်၊ ဓားပြတိုက်မှု (၃)ကြိမ်ကျူးလွန်ခဲ့ကြောင်း ဇွန်လ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။


ထပ်မံဖမ်းဆီးရမိခဲ့သည့် တရားခံဆံရှည်(ခ)ကိုထက်(ခ)ထက်နိုင်ဦး၏ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မှု (၁၀)ကြိမ်၊ အကြမ်းဖက်ဖောက်ခွဲမှု(၁)ကြိမ် ထပ်မံကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်-


၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကျော် နှင့် အောင်ကြီး(ခ)အောင်မင်းဦးတို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ကျိုက်သလဲကျေးရွာ၌ အပြစ်မဲ့ပြည်သူ ဦးမြင့်သန်းအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ဖြိုးကိုကိုမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဇန်နဝါရီလ ၂၂ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကျော် နှင့် အောင်ကြီး(ခ)အောင်မင်းဦး တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာ၊ တွံတေး-မအူပင်သွားကားလမ်းပေါ်၌ အပြစ်မဲ့ပြည်သူ ဦးသန့်စင်အောင်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ဖြိုးကိုကိုမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ကျော် နှင့် အောင်ကြီး(ခ)အောင်မင်းဦးတို့ ၂ ဦးသည် တွံတေးမြို့နယ်၊ မြဂိုးကျေးရွာရှိ ကြည်နူးရိပ်စားသောက်ဆိုင်၌ အပြစ်မဲ့ပြည်သူ ဦးစိုးညီညီ(ခ)ဂိုးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ဖြိုးကိုကိုမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဖေဖော်ဝါရီလ ၁၈ ရက်တွင် ဖြိုးကိုကိုနှင့် ကောင်းမြတ်(ခ)Blank တို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ကျွန်းတောရပ်ကွက်၊ မိုးညှင်းလမ်းရှိ မိုးညှင်းဘုန်းကြီး ကျောင်းအနီး၌ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦး(ခ)ဂျင်မီအား ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း။


မတ်လ ၂၆ ရက်တွင် ဖမ်းဆီးရန်ကျန် တရားခံ ကျော်ကျော်မှ တွံတေးမြို့နယ်၊ လာကပုံကျေးရွာနှင့် ရေကျော်စုကျေးရွာကြား၌ အပြစ်မဲ့ပြည်သူ ဦးနိုင်လွင်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် လေးမောင်မောင်(ခ)ရွှေကွန်းမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဧပြီလ ၂၇ ရက်တွင် ဆက်ပိုင်မျိုး နှင့် ဖမ်းဆီးရန်ကျန်တရားခံ အောင်ကြီး(ခ)အောင်မင်းဦး တို့ ၂ ဦးမှ တွံတေးမြို့နယ်၊ ကွမ်းခြံရပ်ကွက်၊ ရိပ်သာဘုန်းကြီးကျောင်းရှေ့၌ အပြစ်မဲ့ပြည်သူ ဦးလှမိုးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် လေးမောင်မောင်(ခ)ရွှေကွန်းမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဧပြီလ ၃၀ ရက်တွင် ဆက်ပိုင်မျိုးနှင့် ဖမ်းဆီးရန်ကျန်တရားခံ အောင်ကြီး (ခ)အောင်မင်းဦး တို့ ၂ ဦးမှ တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ မြဂိုးကျေးရွာသွား ကားလမ်းပေါ်၌ အပြစ်မဲ့ပြည်သူ စောအယ်လ်မှူးကြီးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ဖြိုးကိုကိုမှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


မေလ ၃ ရက်တွင် ဖမ်းဆီးရန်ကျန်တရားခံ ကျော်ကျော်နှင့် အောင်ကြီး(ခ) အောင်မင်းဦးတို့ ၂ ဦးသည် တွံတေးမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ မင်းရဲကျော်စွာ လမ်း၌ အပြစ်မဲ့ပြည်သူ ဦးမြဦးအား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် လေးမောင်မောင်(ခ)ရွှေကွန်း မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


ဇူလိုင်လ ၂၄ ရက်တွင် ကျော်ကျော်နှင့် အောင်ကြီး(ခ)အောင်မင်းဦးတို့ ၂ ဦး သည် တွံတေးမြို့နယ်၊ ဈေးသစ်ရပ်ကွက်၊ မရမ်းကုန်း(၃)လမ်း၌ အပြစ်မဲ့ပြည်သူ ဒေါ်မိမိကျော်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


အောက်တိုဘာလ ၂၆ ရက်တွင် ဖြိုးကိုကို၊ ကောင်းမြတ်(ခ)Blank တို့ ၂ ဦး သည် တွံတေးမြို့နယ်၊ အိုးဘိုအရှေ့ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ အပြစ်မဲ့ပြည်သူ ဦးအုန်းမြင့်အား ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုသေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


၂၀၂၂ ခုနှစ်၊ မတ်လ ၁၈ ရက်တွင် ဖြိုးကိုကိုနှင့် ဖမ်းဆီးရန်ကျန်တရားခံ အောင်ကြီး(ခ)အောင်မင်းဦးတို့ ၂ ဦးသည် တွံတေးမြို့နယ်၊ ကျုံလမုကျေးရွာရှိ Mytel ဆက်သွယ်ရေးတာဝါတိုင်အား လက်လုပ်မိုင်း ၁ လုံးဖြင့် ဖောက်ခွဲခဲ့ရာတွင် ကိုကိုအောင်မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။


တွံတေးမြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက်အဖွဲ့အနေဖြင့် တွံတေးမြို့နယ်နှင့် ရန်ကုန်မြို့အတွင်း လုပ်ကြံသတ်ဖြတ်မှု ၂၀ ကြိမ်၊ ဓါးပြတိုက်လုယက်မှု ၃ ကြိမ်နှင့် အကြမ်းဖက်ဖောက်ခွဲမှု ၁ ကြိမ်၊ စုစုပေါင်းအကြမ်းဖက်လုပ်ဆောင်မှု ၂၄ ကြိမ်တို့အား ကျူးလွန်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။


အထက်ပါ ဖမ်းဆီးရမိတရားခံများအား ၎င်းတို့နှင့်ထိုက်တန်သည့် ပြစ်ဒဏ်များအား ဥပဒေအတိုင်း ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှုသတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။


သတင်းစဉ်

No comments

Powered by Blogger.