အိန္ဒိယနိုင်ငံ၌ မိုးကြိုးပစ်ခြင်းကြောင့် လေးဦးသေဆုံး၊ လေးဦးဒဏ်ရာရ

 



ဇွန် ၂၇


အိန္ဒိယနိုင်ငံ အနောက်ပိုင်း ရာဂျတ်စ်တန်ပြည်နယ်တွင် မိုးကြိုးပစ်ခြင်းကြောင့် လေးဦးထက်မနည်းသေဆုံးပြီး အခြားလေးဦးဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။


ထိုပြည်နယ်တွင် ဇွန်လ ၂၅ ရက်က အနောက်တောင်မုတ်သုံလေတိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးပစ်မှုများဖြစ်ပွားခဲ့သည်ဟု မိုးလေဝသဌာန တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။


အဆိုပါမိုးသည်းထန်စွာရွာသွန်းမှု၊ မိုးကြိုးပစ်မှုတို့ကြောင့် ထိုပြည်နယ်ရှိ ပါလီ၊ ဘာရန်နှင့် ရှစ်တာဂတ်ရှ်ခရိုင်တို့တွင် လူသေဆုံးမှုများ ဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။


ဂူဂျာရတ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း ဘိုင်ပါဂျိုင်းတိုက်ခတ်မှု၏နောက်ဆက်တွဲအနေဖြင့် လွန်ခဲ့သောသီတင်းပတ်က မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့်ဖြစ်ပွားမှုများကြောင့် ငါးဦးသေဆုံးခဲ့သည်။


ယင်းပြည်နယ်ရှိ ဘာမာ၊ ဂျာလိုရီနှင့် ဆာရိုဟီခရိုင်တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။


မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ကျေးရွာအများအပြားနှင့်မြို့များတွင် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့သည်။


၂၀၂၂ ခုနှစ်က နိုင်ငံတစ်ဝန်း မိုးကြိုးပစ်မှုများကြောင့် ၉၀၇ ဦး သေဆုံးခဲ့သည်ဟု သိရသည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.