နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရာက်



နေပြည်တော် ဇွန် ၂၆


 (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန MICC-2 ၌ ကျင်းပသည်။


အခမ်းအနားသို့  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ပရဟိတ အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ၊ အခြေခံပညာ ကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ဆရာဆရာမများ၊ ဗဟိုအဆင့်နှင့် တိုင်းအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား /ကျောင်းသူများ၏ မိဘများ တက်ရောက်ကြသည်။


အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က မူးယစ်ဆေးဝါး ပြဿနာ သည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအနေနှင့်သာ ရင်ဆိုင်ဖြေရှင်းနေရသည့် ပြဿနာမျိုးမဟုတ်ဘဲ နိုင်ငံတိုင်းသာမက တစ်ကမ္ဘာလုံးပါသက်ဆိုင်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးနှင့် အကျုံးဝင်ရင်ဆိုင် ဖြေရှင်းနေရသည့် ပြဿနာဖြစ်ပါ ကြောင်း၊ လူငယ်များ၏ဘဝ၊ လူသားအားလုံး၏ ဘဝပတ်ဝန်းကျင် တစ်ခုလုံး မူးယစ်ဆေးဝါးဆိုသည့် အန္တရာယ်ဆိုးကြီး ဝင်ရောက်မလာနိုင်စေရန် ပြည်သူလူထုတစ်ရပ်လုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ပြီး ကာကွယ်တွန်းလှန် ဖြိုဖျက် ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် မူးယစ်ဆေးဝါးကင်းစင်သည့် နိုင်ငံ DRUG FREE NATION ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ နေပြည်တော်ကို မူးယစ်ဆေးဝါး ကင်းမဲ့သည့်ဒေသ DRUG FREE REGION ဖြစ်လာစေရေး ဝိုင်းဝန်းကာကွယ်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။  


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က (၃၆)ကြိမ်မြောက် အပြည် ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ဆုရရှိသူများ အား ဆုများ ပေးအပ်ချီးမြှင့်ပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များ၊ ဆုရကျောင်းသား ကျောင်းသူ များ၏ မိဘများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းကိုကျင်းပရာ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့သို့ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ထံမှပေးပိုသည့် သဝဏ်လွှာကို နေပြည်တော်ကောင်စီနယ်မြေ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က ဖတ်ကြားသည်။


ထို့နောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် တာဝန်ရှိသူများက (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နေပြည်တော်အဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီ ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသားကျောင်းသူများကို ဆုများပေးအပ် ချီးမြှင့်ကြသည်။


ယင်းနောက် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုနှင့်  ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

(သတင်းစဉ်)


No comments

Powered by Blogger.