သမဝါယမအသင်းသားတောင်သူတွေ ကိုယ်စီအကျိုးပို၍ရနေပြီ




K ဇင်သစ်(မန်းတက္ကသိုလ်)


တစ်ဦးတစ်ယောက်ချင်း ဆောင်ရွက်ခြင်းထက် အများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၏ ရလဒ်ကောင်းကို တောင်သူတွေကိုယ်စီ လက်တွေ့ခံစားနေကြရပေပြီ။ တောင်ပေါ်ဒေသ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ရွာငံမြို့နယ်ရှိ ကော်ဖီစိုက် တောင်သူများအနေဖြင့် တစ်ဦးတစ်ယောက်ချင်း ကိုယ်ပိုင်ကော်ဖီခြံအတွင်း ကိုယ့်သဘောနှင့်ကိုယ် စိုက်ပျိုးထုတ်လုပ်နေကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ လိုအပ်သည့်သွင်းအားစုရရှိရေးတွင် တစ်ဦးချင်းစီ ရုန်းကန်ကြရသဖြင့် အခက်အခဲများ တွေ့ကြုံခဲ့ကြရပြီး ထွက်ရှိကော်ဖီများ ဈေးကွက်ရရှိရေးတွင်လည်း သောင်မတင်ရေမကျ အလီလီကြုံခဲ့ကြရသည်။ လိုအပ်သည့် လုပ်ငန်းသုံးစက်ကိရိယာများ ရရှိနိုင်ရေးမှာလည်း အလှမ်းဝေးလျက်ရှိသည်။ ဒီဘက်နှစ်များဆီမှာတော့ တောင်သူတွေ အသိအမြင် ပို၍ကြွယ်ဝလာပြီး အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းက အသင်းတွင်ပါဝင်သူအားလုံး ကိုယ်စီအကျိုးအမြတ် ပိုရရှိလာသည် ဟူသည့် လက်တွေ့ခံစားရမှု၏ သရုပ်သဏ္ဌာန်ကိုလည်း မျက်ဝါးထင်ထင် တွေ့မြင်နေကြပြီဖြစ်ပေသည်။


ကော်ဖီအထူးပြု သမဝါယမအသင်း


ရွာငံမြို့နယ်တွင် ရပ်ကွက်သုံးရပ်ကွက်၊ ကျေးရွာပေါင်း ၁၂၅ ရွာ ရှိပြီး မြို့နယ်သမဝါယမအသင်းစု အပါအဝင် သမဝါယမအသင်း ၈၆ သင်း ဖွဲ့စည်းထားကြောင်း သိရသည်။ သမဝါယမအသင်း အများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံ၍ ဖွဲ့စည်းထားသော သမဝါယမအသင်းများဖြစ်ပြီး ကော်ဖီစိုက်တောင်သူများ အသင်းသားအဖြစ်ပါဝင်သော ကော်ဖီအထူးပြု သမဝါယမအသင်း ငါးသင်း၊ အစုအဖွဲ့ တစ်ဖွဲ့တို့ဖြင့် ဒေသထွက်ကော်ဖီများ ဈေးကွက်ရရှိ ရေးနှင့် ကော်ဖီစိုက်တောင်သူများ ဝင်ငွေတိုးပွားရေးအတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနမှ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ရွာငံမြို့နယ် သမဝါယမအသင်းစုတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ အခြေခံသမဝါယမအသင်း ၈၅ သင်းတို့က အသင်းဝင်အဖြစ် ပါဝင်ပြီး အသင်းစုကိုယ်တိုင် ကော်ဖီသီးနှံဝယ်ယူပြီး ကြိတ်ခွဲရောင်းချ ဖြန့်ဖြူးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ရွာငံကော်ဖီများကို ပြည်တွင်း/ ပြည်ပ ဈေးကွက်ရရှိရေး၊ မြို့နယ်အတွင်းရှိ ကော်ဖီစိုက် တောင်သူများ ဝင်ငွေပိုမိုတိုးတက်ရရှိစေရေး၊ အကျိုးအမြတ်ရရှိမှုကို အသင်းဝင် အခြေခံသမဝါယမအသင်းများမှတစ်ဆင့် အသင်းသား တောင်သူများသို့ အကျိုးအမြတ်ခွဲဝေပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။


အရည်အသွေးမီကော်ဖီများ ရရှိနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းသုံးစက်ကိရိယာများကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဝန်ကြီးဌာန ပံ့ပိုးငွေ၊ အသင်းပိုင်ငွေကြေး ထက်ဝက်စီခန့်ဖြင့် သီးလုံးစိုအခွံချွတ်စက် ခုနစ်လုံး၊ အခြောက်ကြိတ်စက် သုံးလုံး၊ အဆန်ဆိုဒ်ခွဲစက် သုံးခုတို့ကို သမဝါယမအသင်း ငါးသင်းနှင့် အစုအဖွဲ့တစ်ခု ပေါင်းခြောက်ဖွဲ့တို့က ဝယ်ယူပိုင်ဆိုင်နေကြပြီး ကော်ဖီများဈေးကွက်ရရှိရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြသည်။ ကော်ဖီစိုက်တောင်သူတစ်ဦးချင်း အလိုက် လုပ်ငန်းသုံးစက်ကိရိယာ ဝယ်ယူနိုင်ရေးမှာ အရင်းအနှီး ကြီးမားခြင်း၊ စုပေါင်းပါဝင်သည့် အသင်း/အဖွဲ့က ဝယ်ယူခြင်းကြောင့် ထွက်ရှိကော်ဖီများ ဈေးကွက်ပိုမိုရရှိနိုင်ခြင်း၊ အသင်း/အဖွဲ့အင်အားဖြင့် ဆောင်ရွက်နိုင်သည့်အတွက် ရင်းနှီးငွေရရှိနိုင်မှု အခွင့်အလမ်းကောင်းများရှိလာခြင်း စသည့်အကျိုးများစွာ ရရှိနိုင်သကဲ့သို့ အရည်အသွေးမီ ကော်ဖီစေ့/ဆန်များ ရောင်းပန်းလှ၍ ဝင်ငွေပိုမိုတိုးတက်လျက်ရှိနေ ကြောင်းကြားသိရ၍ ဝမ်းသာပီတိဖြစ်မိသည်။ အရည်အသွေးကောင်းမွန်သည့် ကော်ဖီများကို အသုံးပြုကြသည့် ပြည်သူများအတွက် ကျန်းမာရေးကောင်းမွန်မှုကို အထောက်အကူပြုစေသည်ဟု စိတ်ဝယ်ရည်မှန်း၍ ကော်ဖီထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် အတွက်လည်း တောင်သူတစ်ဦးချင်းစီနှင့် သမဝါယမအသင်းတို့တွင် များစွာသော ကောင်းကျိုးအဖုံဖုံ ရရှိနေကြသည်ဆိုတာကလည်း မလွဲဧကန်ပင်။


နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ


ရွာငံမြို့နယ်အတွင်းရှိ ကော်ဖီစိုက်ပျိုးထုတ်လုပ် ရောင်းချဖြန့်ဖြူး လျက်ရှိသည့် သမဝါယမအသင်း ငါးသင်း၊ အစုအဖွဲ့ တစ်ဖွဲ့တို့အနေဖြင့် လိုအပ်သော စက်ကိရိယာဝယ်ယူနိုင်ရေး၊ ကော်ဖီသီးလုံးစိုဝယ်ယူနိုင်ရေး၊ ခွဲခြမ်းကြိတ်ခွဲထုတ်လုပ်မှု၊ ခွဲခြမ်းရောင်းချမှု၊ အဆန်ထုတ်လုပ်မှုနှင့် အဆန်ရောင်းချခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်လည်ပတ်ငွေကျပ် သိန်း ၆၇၆၀ ကို ရယူပြီး ဆောင်ရွက်လျက်ရှိသည့်အတွက် လုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ လုပ်ကိုင်လာခဲ့ကြ ခြင်းကြောင့် အမှန်ပင် နိုင်ငံစီးပွားမြှင့်တင်ရေးကို အထောက်အကူ ပြုနေသည်ဟု ဆိုရမည်။ သမဝါယမအသင်းများအနေဖြင့် ရရှိလာသော ရင်းနှီးမတည်ငွေများဖြင့် ဖော်ပြပါဇယားအတိုင်း ဝယ်ယူ၊ ထုတ်လုပ်၊ ရောင်းချခဲ့မှုကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကျိုးအမြတ် ကျပ် ၁၁၄၃ ဒသမ ၇၈၅ သိန်း ရရှိခဲ့ကြောင်း သိရသည်။


တည်ဆဲသမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများအရ အသင်းတွင် ပါဝင်သော အသင်းဝင်/ အသင်းသားများအား ရရှိအကျိုးအမြတ်များကို အပြည့်အဝခွဲဝေပေးမှု အားနည်းလျက်ရှိပြီး သက်ဆိုင်ရာအသင်းအတွက် ရန်ပုံငွေ၊ လျာထားငွေများထားရှိမှုက ၅၀ ရာခိုင်နှုန်းကျော် ခွဲဝေလျက်ရှိသည်ဟု သုံးသပ်မိသည်။ အသင်းဝင်/အသင်းသား များအတွက် တိုက်ရိုက်လက်ငင်းအကျိုးသက်ရောက်မှုကို အလေးထား ဦးစားပေးဆောင်ရွက်ပေးမည်ဆိုပါက အသင်းဝင်/ အသင်းသားများ သည် လက်တွေ့ကျကျ ထိထိမိမိ အကျိုးခံစားခွင့်ရရှိပြီး “ဒို့တစ်တွေအနေဖြင့် သမဝါယမအသင်းသားဖြစ်ရခြင်းကြောင့် အကျိုးအမြတ် များစွာရရှိသည်” ဟု အသင်းသားကိုယ်စီ အသိတရားတိုးပွားပြီး “ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ” ဆိုသကဲ့သို့ အသင်းသားတစ်ဦးချင်းစီ အကျိုးအမြတ်ရရှိသလို အသင်းသားများ ပူးပေါင်းပါဝင်နေသည့် သမဝါယမအသင်းသည်လည်း ရေရှည်တည်တံ့ခိုင်မြဲနေမည်သာ ဖြစ်သည်။ လက်ရှိဖွဲ့စည်းထားမှုများအရ အခြေခံသမဝါယမအသင်းတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီက အသင်းသားအဖြစ် ပါဝင်ပြီး ဖွဲ့စည်းထားသည်။ အသင်းစုတွင် အခြေခံအသင်းများက အသင်းဝင်၊ အသင်းစုချုပ်များတွင် အသင်းစုများက အသင်းဝင်၊ ဗဟိုသမဝါယမအသင်းတွင် အသင်းစုချုပ်နှင့် အသင်းစုတို့က အဖွဲ့ဝင်အဖြစ် အဆင့်ဆင့်တည်ရှိ ဖွဲ့စည်းထားကြောင်း သိရသည်။ အသင်းများအနေဖြင့် အသင်းသား တစ်ဦးချင်းစီအတွက် အကျိုးအမြတ်ခွဲဝေမှုကို ထိထိမိမိခွဲဝေပေးဖို့ များစွာလိုအပ်လှပါသည်။ အချို့သော အသင်းစု (မြို့နယ်အသင်းစု)၊ အသင်းစုချုပ်များမှာ စီးပွားရေးအင်အား တောင့်တင်းခိုင်မာမှုရှိကြပြီး အခြေခံသမဝါယမအသင်းများမှာမူ ကြိုးစား၍ ရှင်သန်ရပ်တည်နေကြရသည့် အနေအထားရှိကြောင်း သိရသည်။ သမဝါယမကဏ္ဍ ရေရှည်တည်တံ့ဖွံ့ဖြိုးနေစေရန် အဓိကအုတ်မြစ်သဖွယ်ရှိနေသည့် အသင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေးအတွက် ထိရောက်သော အကျိုးအမြတ်ခွဲဝေမှုကို တိုး၍ပို၍ ဆောင်ရွက်ပေးကြဖို့ လေးနက်စွာ တိုက်တွန်းအပ်ပါသည်။


အသင်းသားအကျိုးပြု ဦးစားပေးမှု


ရွာငံမြို့နယ်ရှိ ကော်ဖီထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် သမဝါယမ အသင်းများအနေဖြင့် ရရှိလာသော အကျိုးအမြတ်များအပေါ် အသင်းရန်ပုံငွေအတွက် ၁၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်းအထိ ခွဲဝေရယူလျက်ရှိကြပြီး အစုရှယ်ယာထည့်ဝင်ထားသူ အသင်းသားများအတွက် ထည့်ဝင်ထားသည့် အစုရှယ်ယာတန်ဖိုးပေါ်မူတည်၍ တစ်ဦးလျှင် ငွေကျပ် ရှစ်သိန်း/ တစ်သိန်း/ ငါးသောင်းနှုန်းစီဖြင့် အစုပေါ်အမြတ်၊ ရင်းနှီးငွေပေါ်အမြတ်အဖြစ် ခွဲဝေပေးထားခြင်း၊ အသင်းသို့ ကော်ဖီ သီးလုံးစိုရောင်းချသည့် အသင်းသားတောင်သူများအား ရောင်းချသည့် ပိဿာပေါ်မူတည်၍ တစ်ပိဿာလျှင် ငွေကျပ် ၁၈၀ နှုန်းမှ ၂၅၅ ကျပ် နှုန်းအထိ တောင်သူတစ်ဦးချင်းစီသို့ ကုန်ရောင်းပြန်အမ်းငွေအဖြစ် ခွဲဝေပေးခြင်းတို့ကို သီးနှံပေါ်ချိန် ရာသီအလိုက် ပြန်လည်ချီးမြှင့်ခဲ့သည့် အတွက် အသင်းသားတောင်သူဦးကြီးတို့ ပြုံးပျော်နေသည့် ပီတိအဟုန်က သမဝါယမအသင်းများက အသင်းသားအကျိုးပြုဦးစားပေးမှုကို ပုံဖော်နေခြင်းဖြစ်သည်ဟု ဆိုချင်သည်။


အချုပ်ဆိုရသော် ကော်ဖီစိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချလျက်ရှိသည့် သမဝါယမအသင်းများကဲ့သို့ အသင်းအတွက် ရရှိလာသည့် အကျိုး အမြတ်များကို အသင်းဝင်/အသင်းသားများသို့ ထိရောက်သည့် ခွဲဝေပေးမှုမျိုးကို လက်ရှိဖွဲ့စည်းပြီးသည့် သမဝါယမအသင်း ၃၈၇၀၉ သင်း အားလုံးတို့က လက်တွေ့ကျကျ လုပ်ဆောင်ပေးမည်ဆိုပါက အသင်း များတွင် အသင်းသားအဖြစ် ပါဝင်လျက်ရှိသော အသင်းသား အိမ်ထောင်စု ၄ ဒသမ ၁ သန်းကျော်တို့ ပြုံးပျော်နေကြမည် ဖြစ်ပေ သည်။ သမဝါယမအသင်းများ၏ အသင်းသားများသို့ အကျိုးအမြတ် ခွဲဝေလုပ်ဆောင်ပေးမှုများက အသင်းသားပြည်သူများ၏ လူမှုစီးပွား ဘဝမြင့်မားရေးကို ဆောင်ကြဉ်းပေးနေသည်ဟု အသင်းသားကိုယ်စီ ယုံကြည်မှုများ တိုးပွားလာနိုင်ခြင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်ကြသည့် တောင်သူကိုယ်စီ အကျိုးအမြတ် ပို၍ရနေကြမည်ဖြစ်ခြင်း နှင့်အတူ သမဝါယမလုပ်ငန်းများ နိုင်ငံအဝန်း အစဉ်ရှင်သန်နေပေ ဦးမည်ဟု ယုံကြည်နေမိပါကြောင်း ရေးသားလိုက်ရသည်။ ။

No comments

Powered by Blogger.