နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အခြေခံ စားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား



နေပြည်တော်    ဇွန်     ၁၂


အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။      


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးမင်းနောင်၊  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferen-cing ဖြင့် တက်ရောက်ကြသည်။


ကိုယ်ကျိုးအတွက် အမြတ်ထုတ်ရန် အသုံးချလာ

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် သားငါးကဏ္ဍ ကုန်ထုတ်လုပ်မှုနှင့်  စိုက်ပျိုးရေးကဏ္ဍကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးအတွက် ပြည်နယ်နှင့်  တိုင်းဒေသကြီး  အစိုးရများအလိုက် ဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ တစ်ဖက်မှလည်း ကုန်ဈေးနှုန်းကျဆင်းစေရေး ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ နိုင်ငံတော်၏လိုအပ်ချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ပြီးနောက်ပိုင်းတွင် ပြည်တွင်းမှ သဘောထားကွဲလွဲသည့် အဖွဲ့အစည်း များက စီးပွားရေးကဏ္ဍ ထိခိုက်အောင်ဆောင်ရွက်ခြင်းများရှိသကဲ့သို့ ပြည်ပမှလည်း အကြောင်းအမျိုးမျိုးပြပြီး စီးပွားရေးပိတ်ဆို့ခြင်းများ၊ ထောက်ပံ့မှုများကို  ရပ်ဆိုင်းခြင်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းခြင်းများကို  ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ကုန်သွယ်မှုနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင်လည်းရရှိသည့် ငွေများကိုလည်း        ကန့်သတ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံခြားငွေများကို အသုံးပြုရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်လာခဲ့ကြောင်း၊ ငွေကြေးကွာဟချက်များအပေါ်မူတည်၍ ကုန်သွယ်ရေးတွင် ငွေကြေးကစားသူများက အဆိုပါအခြေအနေကို    ကိုယ်ကျိုးအတွက် အမြတ်ထုတ်ရန် အသုံးချလာသည်ကို တွေ့ရှိရကြောင်း၊ ဘဏ်လုပ်ငန်းများ ထိခိုက်အောင် လည်း ဆောင်ရွက်ခဲ့ကြကြောင်း။ 


၂၀၂၁ ခုနှစ်မှစတင်၍ နိုင်ငံ၏စီးပွားရေးကို ထိခိုက်အောင်လုပ်ဆောင်ခဲ့ရာ  ၂၀၂၂  ခုနှစ်အထိ  ငွေကြေးလည်ပတ်မှု        ပြန်လည်တည်ငြိမ်ရေးလုပ်ဆောင်ခဲ့ရာ ထိုက်သင့်သည့် ပမာဏအထိ ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ သို့သော် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်ပေါ်ခဲ့သည့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် အရှေ့ဥရောပဒေသဖြစ်စဉ်များကြောင့် လောင်စာ  ဆီပြဿနာများအထိ  ဖြစ်ပေါ်ခဲ့သဖြင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝန်း ကုန်ဈေးနှုန်း ကြီးမြင့်ခြင်း၊ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်ခြင်းကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကြီးမြင့်လာခြင်း၊       ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာခြင်းနှင့် ဝယ်လိုအားနှင့် ရောင်းလိုအား  မမျှတခြင်းများဖြစ်ပေါ်ပြီး ကုန်ဈေးနှုန်း များ ကြီးမြင့်လာခဲ့ခြင်းသည် မိမိတို့နိုင်ငံအပေါ် သက်ရောက်မှုများရှိခဲ့ကြောင်း။


မိမိတို့နိုင်ငံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများအလိုက် သွင်းအားစုများ  ကုန်ဈေးနှုန်းကြီး မြင့်မှုများ         ဖြစ်ပေါ်လာသဖြင့် ပြည်တွင်းထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာခြင်းများရှိကြောင်း၊ ဝိသမလောဘသားများ၏ ငွေကြေးကစားမှုနှင့် နိုင်ငံရေးအရ အမြတ်ထုတ်လိုမှုများကြောင့် ကုန်ဈေးနှုန်းများမှာ ဖြစ်သင့် ဖြစ်ထိုက်သည့်ဈေးထက် ဈေးနှုန်းမြင့်မားနေသည်ဟု  ယူဆရကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတွင်  ထုတ်လုပ်မှုကုန်ကျစရိတ် များပြားခြင်း၊ ဝယ်လိုအားနှင့်   ရောင်းလိုအား   ကွာခြားချက်ကြီးမားခြင်းနှင့် အဆင့်ဆင့်ရောင်းချမှုများ များပြားခြင်းကြောင့် ကုန်ဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း။


ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးအတွက်  စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေဩဇာများအသုံးပြုရေး၊ မွေးမြူရေး လုပ်ငန်းများကို  စနစ်တကျဖြင့်    ဆောင်ရွက်၍ တိရစ္ဆာန်များမှ ထွက်ရှိသည့်  စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများ  အသုံးပြုရေး လမ်းညွှန်မှာကြားထား သကဲ့သို့    ဓာတ်မြေဩဇာ များကို  ပြည်ပမှဝယ်ယူရရှိရေးအတွက် အစိုးရမှစီစဉ်ဆောင်ရွက်ပေးထားကြောင်း။


အစာနှင့် ရေများ လုံလောက်စွာရရှိရန်လို

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ရေလိုအပ်ချက် နှင့်ပတ်သက်၍ မြစ်ရေတင်စီမံကိန်းများကို အလေး ပေးဆောင်ရွက်ရန်၊ လျှပ်စစ်ဓာတ်အားမရရှိနိုင်သည့်  ဒေသများတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများဖြင့်  ဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ  ပြသဆောင်ရွက်ပေးခဲ့ရာ  အထိုက်အလျောက်  အောင်မြင်မှုများ  ရှိခဲ့ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်     အစာနှင့် ရေများလုံလောက်စွာရရှိရန်လိုကြောင်း။


ကုန်ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချရေးဆောင်ရွက်ရာတွင် နည်းလမ်းများရှိနေသော်လည်း ရာနှုန်းပြည့်   လုပ်ဆောင် နိုင်မှုမရှိသေးကြောင်း၊ ထိုအထဲတွင် သယ်ယူပို့ဆောင်စရိတ်များ  ကြီးမြင့်ခြင်းလည်း ပါဝင်ကြောင်း၊ လောင်စာဆီ ဈေးနှုန်းများ  ကြီးမြင့်ခြင်းနှင့် လုံခြုံရေးအရ ကန့်သတ်ချက်များကြောင့် ကုန်ကျစရိတ်များ ပိုမိုနေကြောင်း၊ ထို့ကြောင့် မီးရထားနှင့် ပို့ဆောင်ခြင်းနှင့် ရေကြောင်းမှ ပို့ဆောင်ခြင်းများကို   ဆောင်ရွက်ရန်အတွက် မိမိအနေဖြင့် အမြဲမပြတ် တိုက်တွန်းပြောကြားခဲ့ရာ အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ သို့သော် အရေးမကြီးသည့် ပစ္စည်းများကို  မော်တော်ယာဉ်များဖြင့်  သယ်ယူပို့ဆောင်ခြင်းများရှိနေခြင်းကြောင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုစရိတ်များမှာ ကြီးမြင့် နေမည်ဖြစ်ကြောင်း၊ မီးရထားနှင့် ပို့ဆောင်ခြင်းသည်  သယ်ယူပို့ဆောင်မှုစရိတ်ကို များစွာသက်သာစေကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေသေးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း။


ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိ

ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုမရှိခြင်းနှင့် ပတ်သက်၍  အခြေခံအားဖြင့်  ဒေသအလိုက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်၊ အာလူး၊ အသား၊ ငါး၊ ဥများမှာ  ဝယ်လိုအားနှင့် ရောင်းလိုအားမျှတမှုမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့   ဒေသအလိုက် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်  စိုက်ပျိုးမြေများ လုံလောက်စွာရှိပြီးဖြစ်သကဲ့သို့ မွေးမြူရေးအတွက်   လိုအပ်သည့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်သည့် စိုက်ပျိုးရေးထွက်ကုန်များ      ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ဒေသအတွင်း အသား၊ ငါး လိုအပ်ချက်များ   ရှိနေခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်နေခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်  စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်၍     ဒေသအလိုက် စားရေးကို အဓိကအထောက်အကူပြုစေရန်အတွက်  နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေများ ထုတ်ပေးထားပြီးဖြစ်သဖြင့် ထိရောက်စွာ အသုံးချရန်လိုကြောင်း၊ ပြည်နယ်နှင့်   တိုင်းဒေသကြီးများအလိုက် စားရေးလိုအပ်ချက်ကို လုံလောက်စွာထုတ်လုပ်၍ ရောင်းလိုအားနှင့်    ဝယ်လိုအားမျှတမှု ရှိစေရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း။


စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့်မွေးမြူ

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး မြေများကို အပြည့်အဝ   အသုံးချနိုင်ရန်နှင့် မြေကို အကျိုးရှိရှိအသုံးချရန်လိုကြောင်း၊ လှပ်မြေများ မကျန်ရှိစေရေး စနစ်တကျဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ မွေးမြူရေးနှင့်ပတ်သက်၍လည်း စနစ်ကျသည့် မွေးမြူရေးစနစ်ဖြင့် မွေးမြူရန်လိုကြောင်း၊ 

 

စနစ်ကျသည့်  စိုက်ပျိုးမွေးမြူရေး  လုပ်ငန်းများကိုဆောင်ရွက်မှသာ ထွက်ကုန်များ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များအထွက် တိုးအောင်ဆောင်ရွက်ရာတွင် စိုက်ပျိုးမြေများကိုလည်း အနည်းဆုံး ဧကကွက် များအဖြစ် ဖော်ထုတ်ဆောင်ရွက်ပြီး အပြည့်အဝ အကျိုးရှိစွာအသုံးချနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးမြေများနှင့် ပတ်သက်၍ စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများတွင်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း။


ကုန်ထုတ်လုပ်မှုပမာဏများမြှင့်တင်

ကုန်ပစ္စည်းများ ရောင်းဝယ်ခြင်းတွင် အဆင့်ဆင့်ရောင်းဝယ်မှုနှင့် ပတ်သက်၍ ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရေး      စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင်  တိုင်းပြည်၌ ရှိသင့်ရှိထိုက် သည့်ကုန်ဈေးနှုန်းများ ဖြစ်စေရန်အတွက် ကုန်ထုတ်လုပ်မှုပမာဏများ မြှင့်တင်ရန်အရေးကြီးကြောင်း၊ မိမိတို့၏ ရည်မှန်းချက်တွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာများပေါများရေးကို အကောင်အထည်ဖော် ဆောင်ရွက် ရေးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်ပြီး  မြေသယံဇာတများ၊ ရေသယံဇာတများနှင့် လူသား အရင်းအမြစ်များရှိသော်လည်း စားရေရိက္ခာများ ဈေးနှုန်းကြီးမြင့်ခြင်းမှာ မဖြစ်သင့်သည့် ကိစ္စရပ်များဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့  ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်ပတ်သက်၍   ဆွေးနွေးရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန များအလိုက်၊ တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက် ကုန်ပစ္စည်းထုတ်လုပ်မှု နှင့်ပတ်သက်၍    ဆွေးနွေး   ဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားသည်။


ထို့နောက်  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးညွန့်အောင်က ကုန်ဈေးနှုန်းများနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များက ဒေသအလိုက် ဝမ်းစာဖူလုံမှု၊ ကုန်ထုတ်လုပ်မှု၊ နိုင်ငံ့စီးပွားမြှင့်တင်မှုရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများ၊ အခြေခံစားသောက်ကုန်များ၊ စက်သုံးဆီနှင့် လူသုံးကုန် ပစ္စည်းများ၏ ကုန်ဈေးနှုန်းအတက်အကျအခြေအနေ၊ ကုန်ထုတ်လုပ်မှုနှင့် ဝယ်လိုအားမျှတမှုရှိအောင် ဆောင်ရွက်ထား ရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။


ရှင်းလင်းတင်ပြဆွေးနွေး

ထို့နောက် ကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများက မီးရထားနှင့် ရေကြောင်း၊ လေကြောင်းများမှ ကုန်စည်များ ပို့ဆောင်ပေးလျက်ရှိမှု၊ ဆန်၊ ပဲ၊     ပြောင်းများ ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်လျက်ရှိမှုနှင့် ပြည်ပသို့ တင်ပို့လျက်ရှိမှု၊ ပြည်တွင်းမှထုတ်လုပ်သည့် စိုက်ပျိုး ရေးထုတ်ကုန်ဈေးနှုန်းများကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြစ်စေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ရန် လိုအပ်မှု၊ နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအလိုက် ထုတ်ပြန်သည့် အခြေခံကုန်ဈေးနှုန်းများကို အများ ပြည်သူသိရှိစေရေး ထုတ်ပြန်ပေးလျက်ရှိမှုနှင့် သတင်း၊ ဆောင်းပါးများ ထည့်သွင်းဖော်ပြပေးလျက်ရှိမှု၊ မိမိတို့ကိုယ်ကျိုးအတွက် ကုန်ဈေးနှုန်းများကို ထိုက်သင့်သည်ထက် ကြီးမြင့်အောင် လုပ်ဆောင်နေသည့်    ဝိသမလောဘသားများကို   ဖော်ထုတ်၍ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်ရန် လိုအပ်မှု၊  ဆန်၊  စပါး၊  သား၊  ငါးနှင့်  စားသောက်ကုန်များ ဈေးနှုန်းများကြီးမြင့်လာရသည့်  အကြောင်းရင်းများနှင့် ထိုက်သင့်သည့်    ဈေးနှုန်းများ ဖြစ်စေရေး ဖြေရှင်းဆောင်ရွက်ရမည့်   နည်းလမ်းများ၊   မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သောကုမ္ပဏီ လီမိတက်နှင့် မြန်မာစီးပွာရေးကော်ပိုရေးရှင်းတို့မှ ကုန်ဈေးနှုန်းကျဆင်းရေးကို အထောက်အကူဖြစ်စေမည့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်၍ အသား၊ ငါးများနှင့် လူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်၍ ဈေးနှုန်းမှန်ကန်စွာ ဖြင့် ရောင်းချပေးလျက်ရှိမှု၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များမှလည်း တပ်ပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို  ဆောင်ရွက်၍     တပ်မိသားစုဝင်များကိုသာမက ဒေသခံပြည်သူများကိုလည်း သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ ပေးလျက်ရှိမှု၊ MSME လုပ်ငန်းများသည် ပြည်တွင်းကုန်ပစ္စည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သဖြင့်   ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေး ကြသည်။


တင်ပြချက်များနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်စည်ပို့ဆောင်ရေး နှင့်ပတ်သက်၍ လမ်းခရီးများရှိ ဂိတ်များ၌ မလိုလားအပ်သည့် ကုန်ကျစရိတ်များမရှိစေရေး ပြည်နယ်နှင့် တိုင်းများ အလိုက် တာဝန်ရှိသူများက အလေးထား ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အရေးမကြီးသည့် ကုန်ပစ္စည်းများကို ရထားပို့ဆောင်ရေးနှင့် ရေကြောင်းပို့ဆောင်ရေးစနစ်ကို အသုံးပြုကြရေး အားပေးတိုက်တွန်းလိုကြောင်း၊  လေကြောင်း      ကုန်စည်ပို့ဆောင်ရေးသည်လည်း  ဆောင်ရွက်သင့်သည့် လုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊  လေကြောင်းပို့ဆောင်ရေးကဏ္ဍ တိုးတက်ရေးအတွက် လေယာဉ်ကွင်းများ တိုးချဲ့အဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊      ကုန်တင်လေယာဉ်များ   ဆင်းသက်နိုင်မည်ဆိုပါက  အရေးကြီးသည့်ပစ္စည်းများကို လေကြောင်းမှတစ်ဆင့်  မြန်ဆန်စွာ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၁   ခုနှစ် နှင့် ၂၀၂၂  ခုနှစ်အတွင်း သွင်းအားစုကုန်ကြမ်းများ ဈေးနှုန်းကြီးမြင့်မှုကြောင့် ကုန်ဈေးနှုန်များ ကြီးမြင့် ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းများအလိုက် ကုန်စည်ဒိုင်များကိုလည်း ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်း၌ ပြည့်ပြည့်ဝဝ လုံလောက်စွာ ထုတ်လုပ်နိုင် မည်ဆိုပါက  အသား၊  ငါးနှင့်  ဥများ  ဈေးနှုန်းကြီးမြင့်မှုများကို   အထိုက်အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း။


နည်းလမ်းရှာဖွေဆောင်ရွက်

အချို့သော   အသားများ၏     ကြမ်းခင်းဈေး သတ်မှတ်ခြင်းနှင့်ပတ်သက်၍    စည်ပင်သာယာမှ  ဈေးနှုန်းသတ်မှတ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကြမ်းခင်းလေလံဈေးများ ကြီးမြင့်မှုများဖြစ်ပေါ်ခြင်းမရှိစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ပြည်ထောင်စုနှင့်ညှိနှိုင်း၍ နည်းလမ်းရှာဖွေဆောင်ရွက်ရန်လိုကြောင်း၊   ဆန်ဈေးနှုန်း နှင့် ပတ်သက်၍     မိမိတို့နိုင်ငံသည်     အဓိကအားဖြင့် မိုးစပါးကိုစိုက်ပျိုးကြကြောင်း၊ လယ်စိုက်ပျိုးရာတွင်  တစ်ဧက ပန်းတိုင်ရည်မှန်းချက်မှာ တင်း ၁၀၀ ဖြစ်သဖြင့် ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင်စိုက်ပျိုးရန်လိုကြောင်း၊  လယ်ကို    ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် စိုက်ပျိုးရန်လိုသကဲ့သို့ ယာစိုက်ပျိုးမှုများကိုလည်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက စပါးထွက်ရှိမှုများ ပိုလျှံလာမည်ဖြစ်ပြီး အခြားဒေသများသို့ တင်ပို့နိုင်သကဲ့သို့ ပြည်ပသို့လည်း တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ဝမ်းစာဖူလုံရေးသည်  ပြည်ထောင်စုအတွက် အရေးကြီးကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးမှုများကိုသာမက  အခြားသီးနှံစိုက်ပျိုးမှုများကိုလည်း အထွက်နှုန်းများ တိုးတက်အောင် စနစ်တကျ စိုက်ပျိုးရန်လိုကြောင်း၊ အလားတူ ယခုအခါ မိုးရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့်   တိုင်းဒေသကြီးနှင့်   ပြည်နယ်များ အလိုက် သစ်ပင်များစိုက်ပျိုးရာတွင် စိုက်ပျိုးသည့်အပင်များ အားလုံးရှင်သန်ရေး သတ်မှတ်ထားသည့်   ပျိုးပင်အရွယ် အစားများကို    စနစ်တကျ   စိုက်ပျိုးရန်လိုကြောင်း၊ ရာသီဥတုကို အထောက်အကူပြုစေမည့် သစ်တောသစ်ပင်များ စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းများကို ဆောင်ရွက်ကြရန်လိုကြောင်း။


နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးမည်

သမဝါယမစနစ်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် စုပေါင်းသမဝါယမစနစ်ကို ကျင့်သုံးရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု များနှင့်ပတ်သက်၍ စုပေါင်းသမဝါယမစနစ်ဖြင့်  ဆောင်ရွက်မည်ဆိုပါက အောင်မြင်မှုများ ရရှိမည်ဖြစ်ကြောင်း၊  ထို့အတွက်လည်း   နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာ စကားပြောကြားရာတွင် ဆွေးနွေးတင်ပြမှုများအရ ဆောင်ရွက်သင့်သည့်အချက်များကို သိရှိရကြောင်း၊ ကုန်ထုတ်လုပ်မှုအပိုင်းတွင် အခြေခံ စားကုန်များနှင့်  ပတ်သက်၍ အဓိကထား ဆွေးနွေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊    ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် မူဝါဒများ ချမှတ်ခြင်းနှင့် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေနှင့်အညီ ဖြည့်ဆည်းဆောင်ရွက် ပေးခြင်းပင် ဖြစ်ကြောင်း။


နိုင်ငံအတွက် များစွာအကျိုးရှိမည်

ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဆိုသည့် နိုင်ငံရေး ရည်မှန်းချက်အရ  တိုင်းဒေသကြီးနှင့်   ပြည်နယ်များကို လုပ်ပိုင်ခွင့်များပေးထားကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့်  ပြည်နယ်များအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် ဝင်ငွေရရှိရန်လိုအပ်သဖြင့် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော် အနေဖြင့်လည်း အလားတူပင်ဖြစ်သဖြင့်   ကုန်ထုတ်လုပ်မှုသည်   နိုင်ငံအတွက် အရေးကြီးကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထုတ်လုပ် လိုက်သည့် ကုန်ပစ္စည်းများသည်ပြည်တွင်း ဈေးကွက်လိုအပ်ချက်ကိုသာမက ပြည်ပဈေးကွက်များသို့ပါ    တင်ပို့နိုင်သည့် အရည်အသွေးမြင့် ထုတ်ကုန်များဖြစ်ရန် လိုအပ်ကြောင်း။


ထုတ်ကုန်များ    ထုတ်လုပ်ရာတွင်    သယံဇာတပစ္စည်းများကို  ထုတ်ယူသုံးစွဲရာတွင် မြေအောက်တွင်းထွက် သယံဇာတများကို သုံးစွဲခြင်းထက် မြေပေါ်သယံဇာတဖြစ်သည့်   စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ရေသယံဇာတ သုံးစွဲရာတွင်လည်း   ဖမ်းဆီးခြင်းထက်မွေးမြူခြင်းကို  အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ကုန်ဈေးနှုန်း ကို ထိန်းညှိနိုင်သည့် ကုန်ထုတ်လုပ်မှုမျိုးဖြစ်ရန် လိုအပ်သဖြင့် ချိန်ထိုးဆောင်ရွက်ကြရန်လိုကြောင်း၊ ကုန်ထုတ်လုပ်မှု ရှိမှသာ ငွေကြေးစီးဆင်းလည်ပတ်မှုကောင်းမွန်ပြီး ဒေသစီးပွားနှင့်  နိုင်ငံ့စီးပွားတိုးတက်လာမည်ဖြစ်ကြောင်း။


ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းမှ    ထုတ်လုပ်သည့်ကုန်ကြမ်းများကို အဓိကထား အသုံးချ ရန်လိုကြောင်း၊ ယခင်ကာလများက ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များအပေါ်  သင်ခန်းစာများယူ၍ မိမိတို့ တာဝန်ယူ ချိန်ကာလအတွင်း နိုင်ငံ့စီးပွားရေးကို ပုံမှန်လမ်းကြောင်းပေါ်သို့  ပြန်လည်ရောက်ရှိရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊   မိမိတို့  ကြိုးပမ်းဆောင်ရွက်မှုများ၏ အကျိုးရလဒ်ကို နောင်မျိုးဆက်များ ခံစား ရမည်ဖြစ်ကြောင်း၊   တိုင်းဒေသကြီးနှင့်   ပြည်နယ်များအလိုက် အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့်      ကုန်ဈေးနှုန်း     တည်ငြိမ် အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်သူများအနေဖြင့်    အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေး ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ရှိ သူများအနေဖြင့်လည်း ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်   ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်နေရန် လိုကြောင်း၊ ယခုအခါ စက်သုံးဆီနှင့် မြေဩဇာ စသည့်သွင်းအားစုဈေးနှုန်းများမှာ ယခင်နှစ်ကထက် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကုန်ဈေးနှုန်းများမှာ  ကြီးမြင့်လျက်ရှိနေသေးသည်ကို တွေ့ရှိရကြောင်း။


ယခုဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကို ထိန်းညှိ

မိမိတို့နိုင်ငံ၏ ငွေကြေးတန်ဖိုး ခိုင်မာမှုရှိစေရေးနှင့် ငွေကြေးဖောင်းပွမှုများမရှိအောင် ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင်ဆောင်ရွက်ပြီး နိုင်ငံ့ဝင်ငွေတိုးပွားအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်     ပြည်နယ် အလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေးမဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ အများပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရန်နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို တစ်ဖက်တစ်လမ်းမှ ထိန်းညှိပေးနိုင်ရန် အတွက် တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများမှ    ထွက်ရှိသည့်   အသား၊   ငါးနှင့် ဥများ၊     တပ်မတော်စက်ရုံများမှ      ထွက်ရှိသည့် စားသောက်ကုန်များနှင့်    လူသုံးကုန်ပစ္စည်းများကို ပြည်သူများထံ      သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊          အဓိကအားဖြင့် ကုန်ထုတ်လုပ်မှု များကို တိုးတက်အောင် ဆောင်ရွက်ပြီး ယခုဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကို ထိန်းညှိနိုင်ရေးဆောင်ရွက်ရန် လိုကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေးသည် သင့်တင့်သည့်ဈေးနှုန်းများ ဖြစ်စေရေးအတွက် နည်းလမ်းများ ရှာဖွေရန် အစပျိုး ပေးလိုက်ခြင်းဖြစ်၍   တိုင်းဒေသကြီးနှင့်  ပြည်နယ် အလိုက် နည်းလမ်းများရှာဖွေ၍ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်သွားကြစေလိုကြောင်းဖြင့် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်


No comments

Powered by Blogger.