ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်သို့ ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၃၄၄၇၅၇ ဦး လာရောက်

 



ဇွန် ၆


ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် ပထမငါးလအတွင်း နိုင်ငံ၏ထင်ရှားသော အန်ကောဝပ်ရှေးဟောင်းအမွေအနှစ်ဥယျာဉ်သို့လာရောက်သော နိုင်ငံခြားခရီးသွား ၃၄၄၇၅၇ ဦးရှိရာ လွန်ခဲ့သောနှစ် အလားတူကာလက ၄၅၇၇၉ ဦး ရောက်ရှိမှုနှင့်နှိုင်းယှဉ်ပါက ၆၅၃ ရာခိုင်နှုန်းပိုမိုခဲ့သည်ဟု ယမန်နေ့က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


ယခုနှစ် ဇန်နဝါရီလမှ မေလအတွင်း  အန်ကောဝပ်ရှေးဟောင်းအမွေအနှစ်ဥယျာဉ်သို့ ဝင်ရောက်လည်ပတ်ခွင့်လက်မှတ် ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁၆ သန်းဝင်ငွေရရှိခဲ့ရာ လွန်ခဲ့သောနှစ် အလားတူကာလကရရှိခဲ့သော အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၅ သန်း နှင့်နှိုင်းယှဉ်ပါက ၇၆၅ ရာခိုင်နှုန်းပိုမိုခဲ့ကြောင်း ဖော်ပြထားသည်။


မေလတစ်လအတွင်းမှာပင် ထိုဉယျာဉ်သို့ နိုင်ငံခြားခရီးသွား ၄၅၇၅၉ ဦးရောက်ရှိခဲ့ပြီး ဉယျာဉ်အတွင်း လည်ပတ်ခွင့်လက်မှတ်ရောင်းချခြင်းမှ ဒေါ်လာ နှစ်သန်း ဝင်ငွေရရှိခဲ့သည်ဟု သိရသည်။


လာမည့်နှစ်များအတွင်း ကမ္ဘောဒီးယားနိုင်ငံသို့ အထူးသဖြင့် အန်ကောဝပ်သို့ လာရောက်မည့် နိုင်ငံခြားခရီးသွားဦးရေ ပိုမိုများပြားမည်ဟု ယူဆရသည်။


၁၉၉၂ ခုနှစ်က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်ဖြစ်ခဲ့သော အန်ကောဝပ်ရှေးဟောင်းအမွေအနှစ်ဉယျာဉ်သည် စီအမ်ရိပြည်နယ်တွင်ရှိပြီး ၄၀၁ စတုရန်းကီလိုမီတာအကျယ်အဝန်းရှိပြီး နိုင်ငံအတွင်း လူကြိုက်အများဆုံးဖြစ်သော ခရီးသွားနေရာဖြစ်သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.