ရသေ့တောင်မြို့နယ်၌ စိုက်ပျိုးချိန်အမီ ထွန်ယက်ပေးနိုင်ရန် စက်မှုလယ်ယာပိုင် ထွန်စက်အသစ်အစီး ၂၀ ရောက်ရှိ



ရသေ့တောင် ဇွန် ၂၄


ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တောင်သူလယ်သမားများ၏ ကျွဲ၊နွား တိရစ္ဆာန်များ သေဆုံးမှုများရှိခဲ့ရာ ယခုနှစ် စိုက်ပျိုးရာသီအမီ ထွန်ယက်လုပ်ကိုင်နိုင်ရန် သဘာဝဘေး ပြန်လည်ထူထောင်ရေး အနေဖြင့် ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် ရခိုင်ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်ရှိ ထွန်ယက်စိုက်ပျိုးရန် ခက်ခဲနေသည့်တောင်သူများအား New Holland အမျိုးအစား (မြင်းကောင်ရေ-၅၀) ရှိ ထွန်စက်များ​ဖြင့် ထွန်ယက်ပေးသွားမည်ဖြစ်ရာ ယခုအခါ ရသေ့တောင်မြို့နယ်အတွက် ထွန်စက် အစီး ၂၀ ရောက်ရှိလာပြီ ဖြစ်သည်။


ရသေ့တောင်မြို့နယ်တွင် မယူကမ်း ၁၄ စီး၊ မိုးစဲကျွန်း သုံးစီး၊ မြို့မနယ်မြေ သုံးစီး ဖြန့်ဝေပေးခဲ့ပြီး ထွန်စက်များဖြင့် ထွန်ယက်လိုသော တောင်သူများအနေဖြင့် မိမိထွန်ယက်မည့်ဧကအတွက် ကျသင့်မည့်စက်မောင်းဆီကို ကျခံရမည်ဖြစ်ကာ ဌာနမှ ထွန်စက်မောင်းနှင့် ထွန်စက်ငှားရမ်းခအတွက် နိုင်ငံတော်စရိတ်ဖြင့် အခမဲ့ကျခံပေးသွားမည်ဖြစ်ကြောင်းနှင့် ထွန်စက်များ၏ စွမ်းဆောင်ရည်အနေဖြင့် တစ်ရက်လျှင် ၄ ဧက (ထယ်+ထွန်=တစ်စပ်စီ) ခန့် ထွန်ယက်နိုင်ပြီး ဆီစားနှုန်းအနေဖြင့် ၁ ဧက (ထယ်/ထွန်=တစ်စပ်သာ) လျှင် ဒီဇယ် ၂ ဂါလန်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရသည်။ ငှားရမ်းလိုသူ တောင်သူများအနေဖြင့် မိမိနေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ဆက်သွယ်လျှောက်ထားရမည်ဖြစ်ကြောင်း ရသေ့တောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ထံမှ သိရှိရသည်။

ရသေ့တောင်(ပြန်/ဆက်)

No comments

Powered by Blogger.