ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေး







နေပြည်တော် ဇွန် ၁


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ မေ ၃၀ ရက် မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသသို့ ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့်  လေးမြို့ခေတ် ကောလိယမင်းလက်ထက် ရက္ခဝဏ္ဏအက္ခရာဖြင့် သဘာဝကျောက်တောင်ကြီးတွင် အပြည့်ရေးထိုးထားသည့် အလှူမှတ်တမ်းတင် လောင်းကြက်တောင်မော်ကျောက်စာရုံ၏ အမိုးထိခိုက်ပျက်စီးကာ ကျောက်စာပေါ် ပြိုကျနေမှုကိုကြည့်ရှုကာ ကောင်းမွန်သော နည်းလမ်းများဖြင့် ပြန်လည်အမိုးမိုးရန် မှာကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကောဇာသက္ကရာဇ် ၉၁၅ ခု၊ အေဒီ ၁၅၅၃ ခုနှစ်တွင် ဘုရင်မင်းတိက္ခာက တည်ထားပူဇော်ခဲ့သည့် ကိုးသောင်းပုထိုးတော်ကြီးသို့ သွား ရောက်၍ ကြည့်ရှုစစ်ဆေးပြီး ဘုရားရင်ပြင်ပေါ်တွင် မူလတည်ဆောက်ထားသည့် အာရုံခံသိမ်ပုံစံ ထက်ကျော်လွန်၍ မွမ်းမံပြုပြင်ခြင်းမလုပ်ရန်၊ တာဝန်ရှိသူများအနေဖြင့် အမွေအနှစ်များထိခိုက်မှု လျော့နည်းအောင်ဆောင်ရွက်ကြရန်နှင့် မိုခါမုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် အမိုးကိုမူလရှေး ဟောင်းအဆောက်အအုံ၏ အရောင်အသွေးနှင့် ကိုက်ညီမှုရှိသည့် Polycorbonate Sheet များ ဖြင့် ပြန်လည်အစားထိုး ပြုပြင်ထိန်းသိမ်းရန် မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် မြောက်ဦးဌာနခွဲရုံးတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍ မြောက်ဦးဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသဖြစ်ရန် ကြိုးပမ်းနေချိန်ဖြစ် သည့်အတွက်  လူတိုင်းတွင်တာဝန်ရှိပါကြောင်း၊ မြောက်ဦးခရိုင်အတွင်းရှိ ဆက်စပ်ဌာနဆိုင်ရာများဖြင့် ဘက်စုံ လွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (IMF)နှင့် အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ မြောက်ဦးဌာနခွဲရှိ ဝန်ထမ်းမျာအနေဖြင့်လည်း ကမ္ဘာ့အမွေအနှစ်နှင့် ပတ်သက်သည့် အသိပညာပေးလုပ်ငန်း (Awareness) ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ဘုရား၊ ပုထိုး၊ စေတီပျက်စီးမှုများတွေ့ရှိပါက ပျက်စီးမှုစာရင်းကို ထပ်မံ ၍တင်ပြပေးရန်လိုကြောင်း မှာကြားသည်။


ဆက်လက်၍  မြောက်ဦးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကြည်ခင် က မိုခါမုန်တိုင်းကြောင့် မြောက်ဦးအမွေနှစ်ဒေသတွင် ထိခိုက်ပျက်စီးခဲ့သည်များကို တင်ပြရာ  ဒုတိယဝန်ကြီးက UNESCO ၏ ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်များထိန်းသိမ်းရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ပြုပြင်ထိန်းသိမ်းရန်နှင့် လိုအပ်သည်များကို မှာကြားသည်။


ယင်းနောက် ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ မေ ၃၁ ရက် နံနက်ပိုင်းတွင် မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အမိုးများ၊ ဘုရားခန်းနေရာ၊ မြေပုံခန်းနှင့် ဓာတ်ခွဲခန်း ပျက်စီးမှုများကို ကြည့်ရှုစစ်ဆေးကာ မြန်မာဘာသာဖြင့် ရေးထိုးထားသည့် ကျောက်ထီးတော် အညွှန်းစာသား (Caption)ကို အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးရန်မှာကြားပြီး ပြတိုက်ဧည့်သည် တော်မှတ်တမ်းတွင်  လက်မှတ်ရေးထိုးသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လောင်ပွန်းပြောက်စေတီတော်သို့ သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ၎င်းစဉ့်ရည်သုတ်ပန်းပွင့်များသည် နှစ်ကာလကြာမြင့်ပြီး ရာသီဥတုဒဏ်ကြောင့် ကွာကျပျက်စီးမှုများရှိနေသည့်  စဉ့်ထည်အပိုင်းအစများကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ကျန်အပိုင်းများကို စနစ်တကျကာရံရေး ဆက်လက်ဆောင်ရွက်ရန် မှာကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် မြောက်ဦးခေတ် ဘုရင်မင်းဖလောင်းက သံဃာတော်အရှင် သူမြတ်တို့ အသုံးပြုရန် ဆောက်လုပ်လှူဒါန်းထားသည့် ဇီဝိတဒါနဆေးခန်းတူးဖော်မှုနေရာနှင့်  ချိန်ကိုက်ပိဋကတ်တိုက်သို့ လှည့်လည်ကြည့်ရှုပြီး မြောက်ဦးခေတ်နှောင်းလက်ရာ ဘုရားပေါ်ရှေး ဟောင်း သစ်သားဘုန်းတော်ကြီးကျောင်းသည် နှစ်ကာလများစွာ ပြုပြင်ထိန်း သိမ်းမှုမရှိခြင်းနှင့် မုန်တိုင်း ဒဏ်ကြောင့် အမိုးပိုင်း၊ သစ်သားကြမ်းခင်းများနှင့် ထုတ်ယောက်၊ ယက်မများ၊ တံခါး ဘောင်များ ပျက်စီးမှုကိုကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.