မိုခါအလွန် ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆီသို့ (၁)
ထက်မြတ်
မိုးဦးကျဝသန်ကာလကို လူတိုင်းလိုလို ကြိုက်နှစ်သက်ကြမှာပါ။ အထူးသဖြင့် လယ်ယာထွန်ယက်စိုက်ပျိုးဖို့အတွက် အသင့်စောင့်ဆိုင်းနေကြတဲ့ ကျေးဇူးရှင် လယ်ယာလုပ်သားတွေက မိုးကိုမျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံမှာ သာမန်အားဖြင့်ဆိုရင် မေလက မိုးဦးကျကာလဖြစ်လို့ မတ်၊ ဧပြီလမှာ ဖြစ်ပေါ်ခဲ့တဲ့ ပူပြင်းခြောက်သွေ့မှုတွေ လျော့ပါးစေဖို့ မိုးကိုမျှော်ကြတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ဒီနှစ်အတွက် မိုးဦးကျကာလကိုတော့ ရာသီဥတုအခြေအနေက ခပ်ကြမ်းကြမ်းလေး ကိုင်လှုပ်ခဲ့တာပါ။
ဒါပေမယ့်လည်း ကျွန်တော်တို့ရဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပင်လယ်ပြင်အတွင်း အချိန်နဲ့အမျှဖြစ်ပေါ်ပြောင်းလဲနေတဲ့ ရာသီဥတု အခြေအနေတွေကို အချိန်နဲ့တစ်ပြေးညီထုတ်ပြန်ပေးနိုင်တဲ့ ကျေးဇူးကြောင့် ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်ပိုရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
၂၀၂၃ ခုနှစ် မေလ ၂ ရက်နေ့မှာတော့ ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်တို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ လေဖိအားနည်းရပ်ဝန်းအဖြစ် စတင်ချိန်ကပင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်ပေးခဲ့ပါတယ်။
သတိပေးချက်တွေကို ဆက်တိုက်ထုတ်ပြန်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂၀၂၃ ခုနှစ် မေလ ၉ ရက်နေ့ မြန်မာစံတော်ချိန် ၂၃: ၀၀ နာရီအချိန် ထုတ်ပြန်တဲ့ မုန်တိုင်းငယ်သတိပေးချက် (၁/၂၀၂၃) ကနေစပြီး သတိပေးချက်တွေကို ဆက်တိုက်ဆိုသလိုထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာတော့ “ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းနှင့် ယင်း နှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ် (Depre-ssion) အဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့ (Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၅၄၀ မိုင်ခန့်၊ စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၃၅ မိုင် ခန့်၊ အိန္ဒိယနိုင်ငံ နီကိုးဘားကျွန်း (Nicobar Islands) ၏ အနောက် - အနောက်မြောက်ဘက် ရေမိုင် ၂၆၅ မိုင် ခန့်၊ ပို့ပလဲယား(Port Blair)၏ အနောက် တောင်ဘက်ရေမိုင် ၂၇၅ မိုင်ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ (Cox’s Bazar)မြို့၏ တောင်-အနောက် တောင်ဘက် ရေမိုင် ၇၉၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်” ဆိုတဲ့ အကြောင်းပါပဲ။ အဲဒီမုန်တိုင်းရဲ့နာမည်ကတော့ မိုခါ ပါတဲ့။
အဲဒီအချိန်မတိုင်ခင် မေလ ၆ ရက်နေ့ ကတည်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လမ်းညွှန်ချက်နဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများအားလုံး ပါဝင်တဲ့ အရေးပေါ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြုလုပ်ခဲ့ပါတယ်။
အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကနေ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Manage-ment Centre-DMC) ကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ကို မေလ ၈ ရက် နေ့မှ စတင်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရုံးအမှတ် (၂၃) မှာဖွင့်လှစ်သွားနိုင်ရေး၊ ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ ကိစ္စကြီးငယ်အဝဝကို အချိန်နဲ့တစ်ပြေးညီ ဖြေရှင်းဆောင်ရွက် နိုင်ရေးစတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အဲဒီအစည်းအဝေးကနေ ချမှတ်နိုင်ခဲ့ပါတယ်။
DMC က လုပ်ဆောင်နေတဲ့ မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်း
ဒီနေရာမှာ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန (DMC) ရဲ့ အခန်းကဏ္ဍကို ဦးစွာပြောချင်ပါတယ်။ DMC က ယခုလုပ်ဆောင်နေတဲ့ မုန်တိုင်းကာလအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် ပဓာနကျတဲ့ အနေအထားမှာရှိနေတာပါ။
ကျွန်တော့်အနေနဲ့ အောက်မှာ ဆက်လက်ဖော်ပြသွားမယ့် ကဏ္ဍအသီးသီးရဲ့ လုပ်ဆောင်ချက်တွေဟာ DMC ရဲ့ ဦးစီးဦးဆောင်မှုအောက်ကနေ သွေဖည်သွားတယ်ဆိုတာ မရှိပါဘူး။ ဒါကြောင့် DMC ရဲ့ လုပ်ဆောင်မှုဟာ မုန်တိုင်းမတိုက်ခတ်မီ ကြိုတင်သတိပေး ပြင်ဆင်ခြင်း၊ မုန်တိုင်းတိုက်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်မှု ကိစ္စအဝဝအထိ ပါဝင်နေပါတယ်။
ဒီနေရာမှာ မုန်တိုင်းဝင်ရောက် တိုက်ခတ်မယ်လို့ သိရကတည်းက တပ်မတော်က မုန်တိုင်းအန္တရာယ်နဲ့ ပတ်သက်ပြီး ရှေ့ပြေးကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ခဲ့တာကို ဦးစွာတင်ပြချင်ပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို လှည့်လည်ကြည့်ရှုစစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်။ သို့ပေမယ့်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ဆိုင်ကလုန်း မုန်တိုင်း ဝင်ရောက်တိုက်ခတ်နိုင်မှုနဲ့၊ ပြည်သူတွေကို မုန်တိုင်းဒဏ်လွတ်ရာသို့ ရွှေ့ပြောင်းကယ်ဆယ်နိုင်ရေးတို့ကို အင်မတန်အလေးထားတာကြောင့် ကူညီ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး အဆိုပါ ခရီးစဉ်ကနေ လမ်းညွှန်မှာကြားချက် တစ်ခုပြုခဲ့ပါတယ်။ အဲဒါကတော့ တပ်မတော်မှ အရာရှိကြီးတစ်ဦးစီ လိုက်ပါဦးဆောင်တဲ့ ယာဉ်အုပ်စု ၁၀ စု ကို ကြိုတင်ဖွဲ့စည်းစေလွှတ်ခြင်းပါပဲ။
ယာဉ်အုပ်စု ၁၀ စု ရန်ကုန်မှ စတင်ထွက်ခွာ
အထူးသဖြင့် မုန်တိုင်းဝင်ရောက် ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းရတဲ့ဒေသတွေဆီကို ရှေ့ပြေးကူညီကယ်ဆယ်ရေးအနေနဲ့ သွားနိုင်စေဖို့ ယာဉ်အုပ်စုတွေ ဖွဲ့စည်းစေလိုက်တာပါ။ တပ်မတော်မှ အရာရှိကြီးတစ်ဦးစီ လိုက်ပါဦးဆောင်တဲ့ ယာဉ်အုပ်စု ၁၀ စုဟာ မေလ ၁၂ ရက် နေ့မှာ ရန်ကုန်မှ စတင်ထွက်ခွာသွားကြပါတယ်။
အဲဒီယာဉ်အုပ်စုတွေထဲမှာ အင်ဂျင်နီယာတပ်ဖွဲ့ဝင်တွေ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး ညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်တွေ၊ ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်တွေ၊ လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာ တပ်ဖွဲ့ဝင်တွေ၊ ဆက်သွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံးမှ တပ်ဖွဲ့ဝင်တွေ၊ ပြန်ကြားရေး လုပ်ငန်းဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေ ပါဝင်ပါတယ်။
ယာဉ်အုပ်စုတစ်စုမှာ မော်တော်ယာဉ် ၁၀ စီး၊ ပဲ့ချိတ်စက်နှစ်လုံး၊ ဖိုက်ဘာတိုက် လှေနှစ်စင်း၊လွှစက်ငါးခုနဲ့ လက်သုံးကိရိယာတွေ၊ အသက်ကယ်အင်္ကျီ ၂၆ ထည်၊ အသက် ကယ်ဗောကွင်း ၁၀ ခု၊ လူခြောက်ဦးဆံ့ မိုးကာတဲ အလုံး ၅၀၊ တာပေါ်လင်စ ၁၆၀၊ ပစ္စည်း ၁၄ မျိုးပါ အရေးပေါ်သေတ္တာ အလုံး ၃၀၊ ထိခိုက်ဒဏ်ရာတွေအတွက် အရေးပေါ်ကုသဆေးတွေ၊ မြွေအဆိပ် ဖြေဆေးတွေ၊ မေးခိုင်ကာကွယ်ဆေးတွေ၊ ရေသန့်စင်ဆေးပြားတွေ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ကုသဆေးတွေ၊ အရေးပေါ်ဆက်သွယ်ရေးစက်မျိုးစုံ ၂၂ လုံး၊ ဆက်စပ်ပစ္စည်းတွေနဲ့ ယာဉ်ချို့ယွင်းပါက ပြင်ဆင်နိုင်ဖို့ ယာဉ်အပိုပစ္စည်းတွေ အပြည့်အစုံပါရှိကြတာကိုလည်း တွေ့ရပါတယ်။
အနီရောင်အဆင့်ဒေသအဖြစ် သတိပေးခဲ့
အလားတူ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက မုန်တိုင်းမဝင်မီ မေလ ၁၂ ရက်နေ့မှာ ဘေးအန္တရာယ်ကျရောက်နိုင်ခြေမြင့်မားသည့် အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ထဲမှာတော့ စစ်တွေ၊ ကျောက်ဖြူ၊ မောင်တော၊ ရသေ့တောင်၊ မြေပုံ၊ ပေါက်တောနဲ့ မာန်အောင်မြို့နယ်တို့ကို ဘေးအန္တရာယ်ကျရောက် နိုင်ခြေမြင့်မားတဲ့ အနီရောင်အဆင့် ဒေသတွေအဖြစ် သတိပေးခဲ့တာကို တွေ့ရပါတယ်။
တကယ်တမ်း မိုးလေဝသဆိုင်ရာ ကြိုတင်သတိပေးရေး လုပ်ငန်းစဉ်အရ ဆိုရင် မုန်တိုင်းဝင်ရောက်တိုက်ခတ်နိုင် ခြေမြင့်မားတဲ့မြို့တွေကို မုန်တိုင်းမဝင်မီ ၁၂ နာရီအလိုမှာ ထုတ်ပြန်တာမှန်ပေမယ့် အခုတော့ မုန်တိုင်းမဝင်မီ တစ်ရက်ကျော် အလိုကတည်းက ကြိုတင်ကြေညာခဲ့လို့ ကယ်ဆယ်ရွှေ့ပြောင်းရေး လုပ်ငန်းတွေကို ထိထိရောက်ရောက်နဲ့ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တာပါ။
မေလ ၁၄ ရက်နေ့မှာတော့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်းပဲ အလွန့်အလွန် အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” က စစ်တွေမြို့အနီးကနေ စတင် ဖြတ်ကျော်ဝင်ရောက်လာပါပြီ။ မေလ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် ၁၂ : ၃၀ နာရီ အချိန်မှာတော့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ တရုတ်နိုင်ငံအတွင်းကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဝင်ရောက်ပြီး အားလျော့သွားခဲ့ပါတယ်။
တကယ့်တကယ်တမ်း ပြန်ကြည့်ရင် မြန်မာနိုင်ငံကို မုန်တိုင်းစတင်ဝင်ရောက် ချိန်ကနေ မြန်မာနိုင်ငံမှ မုန်တိုင်းထွက်ခွာ သွားချိန်က နာရီပေါင်း ၃၀ ဝန်းကျင်သာ ရှိပါတယ်။ သူ့ကြောင့် ပျက်စီးမှုတွေက မနည်းမနောပါပဲ။ ဒါပေမဲ့လည်း ဒီလို ပြင်းအားမျိုးနဲ့ မုန်တိုင်းသာ တခြားနိုင်ငံကို ဝင်ရောက်ခဲ့တယ်ဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ပျက်စီးမှုထက် အဆပေါင်းများစွာ သာနိုင်ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ ပြင်းအားအဆင့် (၄) အထိ သတ်မှတ်ခံရတဲ့ မုန်တိုင်းတစ်လုံးပါ။ ဒီအဆင့်မှာ လေတိုက်နှုန်းက တစ်နာရီ မိုင် ၁၃၀ နှုန်း ကနေ ၁၅၆ မိုင်နှုန်းအထိ တိုက်ခတ်နိုင်ပါတယ်။ ဒီအခြေအနေဟာ ကောင်းစွာတည်ဆောက်ထားတဲ့ နေအိမ်တွေကိုတောင်မှ ရစရာမရှိအောင်ဆိုးဆိုးရွားရွား ပျက်စီးစေတာပါ။
နိုင်ငံတစ်နိုင်ငံမှာ သဘာဝဘေး အန္တရာယ်ကျရောက်လာရင် ပျက်စီး ဆုံးရှုံးမှုအနည်းဆုံးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးစတင်နိုင်ခြင်း ရှိ/မရှိဆိုတာ အုပ်ချုပ်သူ အစိုးရအပေါ် များစွာမူတည်ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတော့ မြန်မာနိုင်ငံကို ဝင်ရောက်လာနိုင်တဲ့ မုန်တိုင်းက ပင်လယ်ပြင်မှာစတင် ဖြစ်ပေါ်ပါပြီဆိုကတည်းက မုန်တိုင်း တိုက်ခတ်မှုအတွင်း ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ မုန်တိုင်းတိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေကို အမြော်အမြင်ရှိရှိနဲ့ လုပ်ဆောင်ထားခဲ့တာ တွေ့ရမှာပါ။
ဒီလို ကြိုတင်ပြင်ဆင်မှုတွေကြောင့်ပဲ မုန်တိုင်းတိုက်ခတ်မှုအတွင်း အတိုင်း အတာတစ်ခုအထိရှိတဲ့ ပျက်စီးဆုံးရှုံးမှုနဲ့ နည်းပါးတဲ့ လူသေဆုံးမှုသာ ရှိခဲ့တာ ဖြစ်ပါတယ်။
ပျက်စီးဆုံးရှုံးဆုံးမှုတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ထားတဲ့ စာရင်းတွေအရ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အသီးသီးမှာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုအနေနဲ့ လူနေအိမ် ၂၁၃၉၉၀၊ ဘာသာရေး အဆောက်အအုံ ၃၃၃၂ လုံး၊ စာသင်ကျောင်း ၁၇၃၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၃၉၈ ခု၊ ဆက်သွယ်ရေးတာဝါ တိုင် ၁၄ တိုင်၊ ဓာတ်အားလိုင်း ၂၃၀ကေဗွီ ၁၄ တိုင်၊ ၆၆ ကေဗွီ ၃၈ တိုင်၊ ဓာတ်မီးတိုင် ၈၀၉၉ တိုင်၊ ထရန်စဖော်မာ ၈၃ ခု ပျက်စီးခဲ့တဲ့အပြင် လူသေဆုံးမှုအနေနဲ့ ၁၄၈ ဦး၊ ဒဏ်ရာရရှိသူ ၁၃၂ ဦး၊ တိရစ္ဆာန် သေဆုံးမှု ၂၉၀၆၁၂ ကောင်ရှိတယ်လို့ ပဏာမစာရင်း ကောက်ယူရေးအဖွဲ့ရဲ့ စိစစ်ချက်အရ သိရပါတယ်။ ဆက်လက်ပြီးလည်း သေချာသည်ထက် သေချာအောင် ပျက်စီးဆုံးရှုံးမှုစာရင်းတွေ ကောက်ယူနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်း
နိုင်ငံတော်အစိုးရအနေနဲ့ မုန်တိုင်းမကျမီ စစ်တွေ၊ မြောက်ဦး၊ မောင်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်နဲ့ အမ်းမြို့တွေမှာရှိတဲ့ သဘာဝဘေးဒဏ်ခိုလှုံရာ Shelter တွေကို ပြည်သူ ၂၃၇၀၀ ရွှေ့ပြောင်းပေးခဲ့ပြီး တခြားဘေးလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းမှုအနေနဲ့ ၆၂၆၈၄၉ ဦး ရွှေ့ပြောင်းပေးခဲ့ပါတယ်။ အလားတူ IDP စခန်းမှ ရောက်ရှိသူတွေ အနက် ၆၂၃၁၉ ဦးကိုလည်း ဘေးလွတ် ရာသို့ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ မုန်တိုင်း ကြောင့် သေဆုံးသူတွေထဲမှာ ရွှေ့ပြောင်းပေးမှုအပေါ် ငြင်းဆန်ခဲ့သူတချို့ ပါဝင် ခဲ့တာလည်း တွေ့ရပါတယ်။
ဒီလို ပျက်စီးဆုံးရှုံးမှုတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အစိုးရ၊ တပ်မတော်၊ ပြည်သူအတူတကွ လက်တွဲပြီး အင်တိုက်အားတိုက် ဆောင်ရွက်ပေးရမှာပါ။ အခုဆိုရင် မုန်တိုင်းတိုက်ခတ်ပြီးနောက် လုပ်ဆောင်ရတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ ဆောင်ရွက်လျက်ရှိရာ အချိန်တိုအတွင်း မှာပင် မျှော်မှန်းထားတာထက်ပိုတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ခဲ့တာ တွေ့ရပါတယ်။
ဒါကြောင့် မုန်တိုင်းတိုက်ခတ်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ဘယ်လိုမျိုး အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့တယ်ဆိုတာ ဒီဆောင်းပါးကနေတစ်ဆင့် ဂုဏ်ယူစွာနဲ့ ရေးသားဖော်ပြလိုက်ရပါတယ်။
အရေးပေါ်အစည်းအဝေး ကျင်းပပြုလုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို မုန်တိုင်း စတင်ဝင်ရောက်တဲ့ မေလ ၁၄ ရက်နေ့ မှာပဲ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအတွက် အရေးပေါ်အစည်းအဝေး ကျင်းပပြုလုပ်ပါတယ်။
အဲဒီအစည်းအဝေးမှာ သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက မုန်တိုင်းဖြစ်ပေါ်မှုနဲ့ မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက်မှု အခြေအနေ၊ နိုင်ငံတော်နဲ့တပ်မတော်က ဆန်နဲ့ ရိက္ခာတွေ ကြိုတင်စုဆောင်းထားရှိမှုအခြေအနေ၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေ၊ ပြောင်းရွှေ့ရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနိုင်ဖို့ ကြိုတင်ဖွဲ့စည်းထားမှု အခြေအနေ၊ သတင်းတွေကို အချိန်နဲ့တစ်ပြေးညီ ရရှိရေးနဲ့ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ သဘာဝဘေးဒဏ်သင့်ဒေသတွေအတွက် ကူညီကယ်ဆယ်ရေးကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေတို့ကို တင်ပြကြပါတယ်။
အဲဒီလို တင်ပြမှုတွေအပေါ်မှာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မှာကြားမှုကို ကြည့်ရင် အစိုးရတစ်ရပ်က နိုင်ငံသားတွေအပေါ် ထားတဲ့စေတနာကို မြင်တွေ့ရမှာပါ။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့မှာကြားမှုတွေထဲက တချို့ကို ကောက်နုတ်ပြရရင်-
“မုန်တိုင်းဒဏ်သင့် ဒေသများအတွက် ဆန်နှင့်ရိက္ခာများကို ကြိုတင်စုဆောင်းထားရှိပြီး အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်ရေးတပ်မတော်လေယာဉ်များ၊ ရေယာဉ်များ၊ မော်တော်ယာဉ်များပေါ်သို့ တင်ဆောင်၍ အသင့်ပြင်ဆင်ထားရှိရန် လိုပါမယ်။ ဘုန်းတော်ကြီးကျောင်းများက မြို့၊ ရွာ များ၏ အစွန်အဖျားနေရာများတွင် တည်ရှိကြခြင်းကြောင့် လေပြင်းများ တိုက်ခတ်ပြီး ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပါက ပြင်ဆင်ပေးနိုင်ရေးဆောင်ရွက်ပေး ရန်လိုပါမယ်။ မုန်တိုင်းဒဏ်ထိခိုက်သည့် ဒေသများ၌ ပြင်ဆင်မှုများ ဆောင်ရွက် ပေးရာတွင် ဘုန်းတော်ကြီးကျောင်းများ နှင့် စာသင်ကျောင်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်ပေးရပါမယ်။ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားအားလုံး မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကူညီဆောင်ရွက်ပေးသွားရန် လိုပါမယ်။ ထိခိုက်မှုအနည်းဆုံးဖြင့် မုန်တိုင်းအန္တရာယ်ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေး မိမိကိုယ်တိုင် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အချိန် နှင့်တစ်ပြေးညီ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက် ရှိပါတယ်။”
တပ်မတော်အနေဖြင့်လည်း “နိုင်ငံအတွင်းမှာ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အမိန့်စောင့်စရာမလိုဘဲ ပြည်သူလူထုကို အကူအညီများ ချက်ချင်းပေးဖို့” တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တပ်ရင်း/တပ်ဖွဲ့များကို ညွှန်ကြားထားပြီးသားပါ။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း မုန်တိုင်း စတင်ဝင်ရောက်တိုက်ခတ်တဲ့ မေလ ၁၄ ရက်နေ့မှာပဲ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်) အစည်းအဝေးကို ပြုလုပ်ခဲ့ပါသေးတယ်။
အဲဒီအစည်းအဝေးမှာတော့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ်က မုန်တိုင်းအလွန်ကာလ လိုအပ်သည့်အကူအညီများနှင့် မမျှော်မှန်းနိုင်သည့် ကိစ္စရပ်တွေအတွက် ဌာနအလိုက် ပြင်ဆင်ဆောင်ရွက်ထားကြ ရမည်ဖြစ်ကြောင်း၊ မုန်တိုင်းလမ်းကြောင်း တစ်လျှောက်နှင့် မုန်တိုင်းအဝိုင်းအဝန်း တစ်လျှောက် ကူညီကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနအလိုက် လျာထားဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မုန်တိုင်းအလွန်ကာလ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ ပုံမှန်အနေ အထားသို့ အမြန်ဆုံးပြန်လည်ရောက်ရှိ မည်ဖြစ်ကြောင်း စသည်ဖြင့်တာဝန်ရှိ သူတွေကို လမ်းညွှန်မှာကြားခဲ့ပါတယ်။
မြေပြင်အခြေအနေတွေကို ကြည့်ရှုစစ်ဆေး
မုန်တိုင်းတိုက်ခတ်မှုဖြစ်ပြီး နောက်တစ်ရက်ဖြစ်တဲ့ မေလ ၁၅ ရက်နေ့မှာ အပြောမဟုတ်ဘဲ အလုပ်နဲ့ သက်သေပြတတ်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ရှိသူတွေနဲ့အတူ မုန်တိုင်းဒဏ်သင့် ရခိုင်ဒေသသို့ရောက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားအားလုံး မည်သူတစ်ဦး တစ်ယောက်မျှ ကျန်ရှိမှုမရှိစေရေး ကယ်ဆယ် ကူညီဆောင်ရွက်ပေးသွား ရန်၊ မူလအခြေအနေထက် ပိုမိုကောင်းမွန် အောင် ဆောင်ရွက်ပေးသွားရန်နဲ့ မြေပြင်အခြေအနေတွေကို လိုက်လံကြည့်ရှုစစ်ဆေးကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် လုပ်ဆောင် ရမယ့် လုပ်ငန်းတွေကို လမ်းညွှန်မှာကြားမှုပြုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ဦးစီးတဲ့ ဝန်ကြီးသုံးဦး၊ ဒုတိယဝန်ကြီး ခုနစ်ဦးပါဝင်တဲ့ အဖွဲ့နဲ့ မုန်တိုင်းအလွန် ရှာဖွေကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်အကောင်အထည်ဖော်နိုင်ရေး တာဝန်ပေးဆောင်ရွက်စေခဲ့ပါတယ်။
ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် ကြေညာ
တစ်ချိန်တည်းမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့မှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်အမှတ် (၁/၂၀၂၃) ကို ထုတ်ပြန်ပြီး ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ ခုဖြစ်တဲ့ ကျောက်ဖြူ၊ မာန်အောင်၊ ရမ်းဗြဲ၊ အမ်း၊ စစ်တွေ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက် တော်၊ မင်းပြား၊ မြောက်ဦးနဲ့ မြေပုံမြို့နယ် တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ ဒေသတွေအဖြစ် ကြေညာလိုက်ပါတယ်။
နောက်တစ်ရက်ဖြစ်တဲ့ မေလ ၁၆ ရက်နေ့မှာတော့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကုန်းတွင်းပိုင်းသို့ဖြတ်သန်းသွားရာ ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနဲ့ ဟားခါးမြို့နယ်တို့ကိုလည်း သဘာဝဘေးအန္တရာယ် ကျရောက်တဲ့ ဒေသတွေအဖြစ် ကြေညာလိုက်တာ တွေ့ရပါတယ်။
(ဆက်လက်ဖော်ပြပါမည်)
No comments