စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးမှုကို လာရောက်လေ့လာသည့် တောင်သူများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တွေ့ဆုံအားပေး
နေပြည်တော် ဇွန် ၁၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ရှာစေးဖိုကျေးရွာအနီးရှိ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို လာရောက်လေ့လာကြည့်ရှုသည့် မြို့နယ် ရှစ်မြို့နယ်မှ စပါးစိုက်တောင်သူ ၃၀၀ ကျော်နှင့် တွေ့ဆုံအားပေးစကားပြောကြားသည်။
ထိုသို့တွေ့ဆုံစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက စပါးသားတက်ဆင့်ပွား နည်းပညာသရုပ်ပြ စိုက်ခင်း များအနေဖြင့် စိုတစ်လှည့် ခြောက်တစ်လှည့် စိုက်ပျိုးရေပေးဝေသည့် (Alternate Wet and Dry)စနစ်ဖြင့်် စပါးပင်၏ ရေလိုအပ်ချက်ကို တွက်ချက်၍ လိုအပ်သလောက်သာ ရေပေးဝေသည့် နည်းစနစ်ကို အသုံးပြုပြီး သရုပ်ပြစိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ သီးထပ်စွမ်းအား တိုးတက် မြင့်မားရန် တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေကို ချွေတာပြီး လိုအပ်သလောက် သုံးစွဲနိုင်ရေးသည် အလွန်အရေးကြီးပါ ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် “မျိုး၊ မြေ ၊ ရေ ၊ နည်း” လေးမျိုး သည် အဓိကလိုအပ်ချက် များဖြစ်ကြောင်း၊ အထွက်တိုးသည့် မျိုးကောင်းမျိုးသန့်များ၊ ခေတ်မီစက် ကိရိယာ များ၊ စိုက်ပျိုးရေရယူသည့် စနစ်များနှင့် စိုက်ပျိုးနည်းပညာများကို အသုံးပြုပြီး တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးပါက အထွက်နှုန်းများတိုးတက်ပြီး တောင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာဖြင့် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအနေဖြင့် လေ့လာမှတ်သားပြီး သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ စိုက်ပျိုးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ နေပြည်တော်ဆည်မြောင်းနှင့် ရေအသုံး ချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနနှင့် နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာန များမှ တာဝန်ရှိသူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာများ၊ စိုက်ပျိုးနည်းစနစ်နှင့် အကျိုးကျေး ဇူးများ၊ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြပညာပေးစိုက်ခင်း ဆောင်ရွက်ခဲ့မှု၊ စက်မှု လယ်ယာစနစ် အသုံးပြုမည့်အခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများသည် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေးစိုက်ခင်းတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြပြီ တောင်သူများက စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
အဆိုပါ စပါးသားတက်ဆင့်ပွားနည်းပညာသည် ရေမြေရာသီဥတုနှင့်ကိုက်ညီပြီး မြေသြဇာများစနစ် တကျအသုံးချနိုင်လျှင် မိခင်အပင်၏အထွက်နှုန်းနှင့် ကွာခြားမှုမရှိသော အထွက်နှုန်းရရှိနိုင်ခြင်း၊ မိခင် အပင်ထက်သက်တမ်းတိုးခြင်းကြောင့် တစ်နှစ်လျှင် သုံးသီးလွယ်ကူစွာ စိုက်ပျိုးနိုင်ခြင်း၊ ပျိုးခင်း ပြင်ဆင် ခြင်း၊ ကောက်စိုက်ခြင်း၊ မျိုး၀ယ်ယူခြင်း၊ လုပ်အားခနှင့် စိုက်ပျိုးရေအသုံးပြုမှုများ လျော့ချနိုင်ခြင်း၊ မီသိန်း ဓါတ်ငွေ့ ထွက်ရှိမှုကိုလျော့ချနိုင်သဖြင့် သဘာ၀ပတ်ဝန်းကျင်ပျက်စီးမှုကို ကာကွယ်နိုင်ခြင်း၊ သားတက်မျိုး စေ့သည် မိခင်ပင်ကဲ့သို့ မျိုးကောင်းမျိုးသန့်ကို ရရှိနိုင်သဖြင့် တောင်သူများ ဝင်ငွေတိုးတက် ရရှိစေခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်းနှင့် စိုက်ပျိုးနည်းစနစ်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်သည်။
မွန်လွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် သည် နေပြည်တော်ကောင်စီရုံး အစည်း အဝေးခန်းမ၌ ကျင်းပသည့် နေပြည်တော်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ထုတ်ကုန်တိုးမြှင့်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည်တော် MSMEအသင်း၊ နေပြည်တော်ဆန်၊ ဆီ၊ စားသောက်ကုန်၊ ရေသန့်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်များ လျော့ချမှုနှင့် ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သဘာဝမြေဩဇာများ အသုံးပြုရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ တိရစ္ဆာန်များမှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများအသုံးပြုနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကုန်စည်ဒိုင်များကို ကြပ်မတ်ဆောင် ရွက်ရန် နှင့် လိုအပ်သည့် တိရစ္ဆာန်အစာများကို ပြည်တွင်း၌ ပြည့်ပြည့်ဝဝ လုံလုံလောက်လောက် ထုတ်လုပ်နိုင်ပါက အသား၊ ငါးနှင့်ဥများ ဈေးနှုန်းကြီးမြင့်မှုများကို အထိုက်အလျောက် လျော့ချနိုင်မည်ဖြစ်ကြောင်း၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း အခြေခံစားကုန်များကို လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်းဖြင့် ကုန်ဈေးနှုန်း တည်ငြိမ်အောင်ဆောင်ရွက်သွားရန်၊ ကုန်ထုတ်လုပ်သူများအနေဖြင့် အများပြည်သူများအတွက် အဖြစ်သင့်ဆုံးဈေးနှုန်းဖြင့် ထိန်းညှိရောင်းချပေးသွားရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ကုန်ဈေးနှုန်းတည်ငြိမ်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးတို့နှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက် နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ နေပြည် တော်ကောင်စီအဖွဲ့ဝင်များက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments