အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ






နေပြည်တော် ဇွန် ၂၇


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားလာစေရန် ရည်ရွယ်၍ အင်္ဂလိပ်စာဘာသာပြန်သင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲ အခမ်း အနားကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌  ကျင်းပသည်။


အခမ်းအနားသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်း၊ လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်း ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အဓိကတာ ဝန်ယူထမ်းဆောင်နေကြသည့် လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ တစ်ဦးချင်း စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အင်္ဂလိပ်စာ ဘာသာပြန်အခြေခံအဆင့် ကျွမ်းကျင်တတ်မြောက်စေရန်၊ လုပ်ငန်းသုံးအင်္ဂလိပ်စာ ဝေါဟာရများကြွယ်ဝစေရန်၊ လူငယ်ရေးရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ကိစ္စရပ်များကို သိရှိနားလည်စေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်တွင် အာဆီယံ လူငယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး(AMMY)နှင့် အာဆီယံလူငယ်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်း အဝေး(SOMY)တို့ကို မြန်မာနိုင်ငံက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လူငယ်ရေးရာဦးစီးဌာနမှလည်း သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့်   မိမိတို့၏ စွမ်းရည်များ ပိုမိုတိုးတက်လာစေရန် ကြိုးစားလေ့လာသင်ယူကြရန် မှာကြားလိုကြောင်း ပြောကြားသည်။ 


အဆိုပါ သင်တန်းကို ဇွန် ၂၇ ရက်မှ ဇူလိုင်၂၄ ရက်အထိ လူငယ်ရေးရာဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၀ တက်ရောက်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ စားရိပ်သာတွင် အားကစားသမားများကို နေ့လည်စာကျွေးမွေးရန် ချက်ပြုတ်ပြင်ဆင်နေမှုနှင့် အသားငါး၊ဟင်းသီး ဟင်းရွက် သိမ်းဆည်းရာနေရာများကို ကြည့်ရှုစစ်ဆေးပြီး အားကစားသမားများအား အာဟာရညီညွတ် ပြည့်ဝသည့် အစားအသောက်များ ကျွေးမွေးရန်နှင့် စားရိပ်သာပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.